Wednesday, September 29, 2010

သို့..မေမေ

မေမေ...
မြို့ပြရနံ့တွေ
ဘယ်လိုပဲ
မွှေးမြသင်းပျံ့နေပါစေ
ကျနော်ကတော့
အညာလယ်ကွင်းတွေဆီက
ရိုးပြတ်တွေရဲ့
မှိုတိုတို
ရနံ့သင်းသင်းလေးကိုပဲ
လွမ်းတယ်..
ငှက်တွေကမှ
နေညိုရင်
အိပ်တန်းပျံခွင့်ရှိသေးတယ်
ကျနော်ကတော့
တနေ၀င်တိုင်း
ထူးအိမ်သင်ရဲ့
အမေသီချင်းတွေ
ဆိုဆိုပြီး
လွမ်းနေရတဲ့အဖြစ်လေ...
မေ့မေ့ရဲ့
ကြင်နာတဲ့ စကားသံက
သားအတွက်
ကမ္ဘာ့အကောင်းဆုံး တေးသံပါ..
မေ့မေ့ရဲ့
အေးမြတဲ့ မျက်နှာဝင်းဝင်းပပက
သားအတွက်
ကမ္ဘာအရပ်ရပ်က ခံစားနိုင်တဲ့ လမင်းကြီးပါ..
မေ့မေ့ရဲ့
နွေးထွေးတဲ့အပြုံးက
သားအတွက်
ကမ္ဘာမှာအလှဆုံးပါပဲ...မေမေ..
လူကောင်းထွားထွား
အတောင်နှစ်ဆယ်ဝတ်
ယောက်ျားကြီးဟန်
ငါ့သားကြီး
အမှန်တကယ်ကို လူကြီးဖြစ်ပြီတဲ့
မေမေကကတော့ပြောရဲ့
ကျနော်ကတော့လေ
ညအိပ်ယာဝင်တိုင်း
်ဆံပင်တွေကို
ပွတ်သပ်ချော့သိပ်တတ်တဲ့
မေမေရဲ့
လက်ချောင်းသွယ်သွယ်လေးတွေကို
သတိရနေတတ်တုန်းပါပဲ
မေမေ...
သားပြန်လာရင်
ဝမ်းသာတဲ့မျက်ရည်တွေနဲ့
မေမေကြိုနေမလား
ရှေ့ကိုလှမ်းမျှော်ကြည့်ရတာ
ဝေးလိုက်တာမေမေ
နောက်ကိုပြန်လှည့်ကြည့်တော့
ခရီးက
ဘယ်လောက်မှမပေါက်သေးဘူး
အိမ်ပြန်ချိန်တွေ
ဝေးသထက်ဝေးနေဆဲပဲ
တခါတခါဆို
ဘာမှမတွေးဘဲ
မေမေ့ဆီကို
ပြေးပြီးပြန်ခဲ့ချင်လိုက်တာ
မေမေရယ်......


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment