Thursday, September 30, 2010

စံပယ်သုံးကုံး

စံပယ်သုံးကုံး ဘယ်လိုသုံးမလဲ
ပြုံး၍မေးသည်ဆံထုံးမှာပန်မည်
ဒီစာသားလေးတွေကို ကျနော်တို့ငယ်ငယ်က အမှုမဲ့အမှတ်မဲ့ ပဲ ဆိုမိခဲ့ကြသည်။
အနှစ်သာရကိုတော့ မစဉ်းစားခဲ့မိခဲ့ပါ။ကျနော်ကတော့ စိတ်ကူးယဉ်တတ်တဲ့၊တွေးတတ်တဲ့
အကျင့်လေးရှိပါသည်။ဒီကဗျာလေးကို တွေးရင်းကပဲ ကျနော်ကို ဘာသာရေးအသိလေးတွေ
တိုးပွားခဲ့ရသည်။
စံပယ်ပန်းဆိုတာ ဖြူစင်တယ်၊မွှေးပျံ့တယ်၊ဘုရားပဲတင်တင် လူပဲပန်ပန် ကျက်သရေတကယ်
ရှိပါသည်။ဒါကြောင့်လည်း နန်းထိုက်တဲ့ တော်ဝင်ပန်းဆိုပြီး ရှေးမြန်မာဘုရင်များ လက်ထက်
ကတည်းက မိဖုရားတွေ၊နန်းတွင်းသူတွေက အမြတ်တနိုး တန်ဖိုးထားခဲ့ကြပါသည်။
အဲဒီစံပယ်ပန်းကလေး သုံးကုံးလိုပဲ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရား၊တရား၊သံဃာ ရတနာ
မြတ်သုံးပါးကို အမြဲဦးထိပ်ထားပန်ဆင်ထားကြရင် ဘယ်လောက် ကောင်းလိုက်မလဲ..။
ကျနော်တို့ မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။သို့သော် ယခုခေတ်၌
ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှိခိုးပြီး အိပ်ယာဝင်တဲ့ အလေ့အထတွေ မရှိကြတော့ပေ။အလုပ်ရှုပလို့၊
ပင်ပန်းလို့၊မေ့သွားလို့..စသည့် ဆင်ခြေမျိုးစုံပေးပြီး အလေ့အထတွေ ပျက်စီးကုန်လေပြီ။လူတိုင်း
တပတ်တခေါက် ဘုန်းကြီးကျောင်းသို့ မရောက်ကြတော့။
တခြားဘာသာဝင်တွေနှင့်ယှဉ်လျှင် ကျနော်တို့ ဗုဒ္ဓဘာသာယင်တွေဟာ ဘာသာတရားအပေါ်
ကိုင်းရှိုင်းမှုတွေ နည်းလာတာ တွေ့ရပါသည်။အထူးသဖြင့် လူငယ်တွေပေါ့။“ယနေ့လုငယ်
နောင်ဝယ်လူကြီး“ဆိုသလို ယနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ မျိုးဆက်တွေ ဖြစ်ကြသည်။လူငယ်
တွေကမှ ဘာသာရေးကို အလေးမထားလျှင် သူတို့ကမွေဖွားလာမယ့် နောက်မျိုးဆက်သစ်ဟာ ဘာသာေ၇း
နှင့်ပို၍ပို၍ အလှမ်းယေးသွားပေလိမ့်မည်။အဲဒီလိုနဲ့ ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာကြီးဟာ တဖြေးဖြေး
မှုံဝါးပျောက်ကွယ်သွားမယ့်အရေး ကြိုးတွေးပြီး ရင်လေးမိရပါသည်။ဝမ်းနည်းယူကျုံးမရလည်း ဖြစ်ရပါသည်။
ဘီယာ ၁၀ ခွက်သောက်မှ ဘုရားကို တခေါက်ပဲရှိခိုးကြသည်။
အလှပြင်ဆိုင် ၁၀ ခါသွားမှ ဘုန်းကြီးကျောင်း တခါေ၇ာက်ကြသည်။
ပွဲလမ်းသဘင် ၁၀ ကြိမ်လောက်မှ ဘုရားကို တခေါက်သွားကြသည်။
၁၀၀၊၁၀၀၀ အသုံးအဖြုံးတွေများသလောက် အလှူအတန်း၌ ၅ ကျပ်၁၀ လက်တွန့်ကြလေသည်။
စက်ရုပ်တွေလို တကိုယ်ကောင်းဆန်စိတ်တွေနဲ့ ပရဟိတဆိုတာလဲမရှိ၊ကိုယ်ချင်းစာတရားဆိုတာလဲ
ခေါင်းပါးသထက် ခေါင်းပါးလာကြပေပြီ။
ဘာသာတရားသည် လူမျိုးတိုင်း၊နိုင်ငံတိုင်း၌ အရေးပါလှ၏။ဘာတရားမရှိလျှင် ယဉ်ကျေးမှု၊ကိုယ်ချင်းစာမှုတွေ
ပျောက်လို့ နောက်ဆုံး လူမျိုးပင် ပျောက်နိုင်၏။သမူဒ္ဒရာဝမ်းတထွာအတွက် လူတိုင်းလှုပ်ရှားရုံးကန်ကြရသည်။
ဘယ်လောက် အလုပ်တွေရှုပ်ပါစေ တရက်ကို နာရီဝက်လောက်ကလေး အချိန်ပေးပြီး တရားမှတ်ခြင်း၊ဘုရား
ဝတ်ပြုခြင်း၊ပုတီးစိတ်ခြင်း၊တရားစာအုပ်ဖတ်ခြင်းများ ပြုလုပ် သင့်ကြပါသည်။အဲဒီအချိန်လေးဟာ
စိတ်ကိုကြည်လင်အေးချမ်းစေတယ်၊စိတ်ပင်ပမ်းမှုကိုလည်း ပြေပျောက်စေပါသည်။
ထို့ကြောင့် ကျနောတော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို စံပယ်
ကလေးသုံးကုံးလို ဦးထိပ်မှာ အမြဲပန်ဆင်ထားကြရင် အားလုံးဟာ ကျက်သရေမင်္ဂလာအပေါင်းနဲ့
ပြည့်စုံကြပြီး သူတော်ကောင်းရနံ့တွေ သင်းပျံ့နေကြပေလိမ့်မည်။
စံပယ်သုံးကုံး ဘယ်လိုသုံးမလဲ
ပြုံး၍မေးသည်ဆံထုံးမှာပန်မည်

သာဓု...သာဓု...သာဓု

သတ္တဝါအားလုံး၊မုံရွာနည်းပညာမိသားစုအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment