Thursday, September 30, 2010

ဆင်ဆာမဲ့ရှိုက်သံ

ကယ်ပါယူပါတစာစာ
ရေနစ်လို့အော်နေတဲ့သူအတွက်
ဝါးကူထိုးမယ့်သူတွေစောင့်နေကြရဲ့
ရေများရာမိုးရွာ ရေနည်းရာမှာမိုးခေါင်တယ်
အယောင်ယောင် အမှားမှား
စမ်းမိတဲ့ အိတ်ကပ်မှာ
အသပြာတွေအမြဲ ပြတ်လပ်နေတတ်တော့
သမီးလေ....
ရေသောက်ပြီးဗိုက်မှောက်ခဲ့ရတဲ့ညတွေ
များခဲ့ပါပြီမေမေ...
တခုခုလုပ်မှဖြစ်မယ်ဆိုပြီး အလုပ်တွေလိုက်ရှာတော့
ပညာတတ်မှ ရမယ်တဲ့ အမေရယ်..
လွယ်အိပ်ကလေး ပခုံးမှာလွယ်
ပျော်ရွှင်နေတဲ့ ပန်းပွင့်ကလေးတွေရဲ့ဘဝ
သမီးအားကျလိုချင်ခဲ့တာပေါ့
ဖေဖေကကျောင်းပို့ မေမေကကျောင်းကြို
ပျိုမြစ်တဲ့ ဘ၀မျိုးလေးကိုလေ...
သမီးရိုးသားစွာလိုချင်ခဲ့တာပါ မေမေ...
ရုပ်ရှင်မင်းသမီးတွေ လှလှပပလေးငိုရင်
အကယ်ဒမီတွေပေးကြပေမယ့်
သမီးရဲ့ ငိုသံတွေ
အဟားခံခဲ့ရဖူးတယ် မေမေ...
ဒါပေမယ့်လေ...ရင်ထဲမှာ အားငယ်ဝမ်းနည်းခြင်းတွေအဆုံးအစွန်နဲ့
သမီးလေ ခေါင်းအုံးတစ်ခုလုံး မျက်ရည်ဖုံးအောင်
သွန်ချငိုကြွေးခဲ့ဖူးတယ်..
အားနွဲ့သူ အတွက် အကူညီ ရှာပေးမယ့်
မျက်နှာကြီးရာဟင်းဖတ်ပါ
မြေနိမ့်ရာလှံစိုက်ချင်တဲ့ မုဆိုးတွေကတော့
ကျမလိုမိန်းမအတွက် ပေါများလွန်းလှရဲ့...
လူအဖြစ်က ရခဲတယ်ဆို..မေမေရယ်...
အခြေမဲ့ အနေမဲ့ မိန်းမပျိုလေးတစ်ယောက်အတွက်
လူဘ၀ဆိုတာ ဆူးခင်းထားတဲ့လမ်းတွေ
အပြည့်ပါပဲ
လူကြီးလူကောင်းလို ပြုံးပြနေတတ်တဲ့
အဲဒီစုန်းထီးတွေကို ကျမ ကြောက်လိုက်တာမေမေရယ်....
မေမေ......လို့
ရင်ထဲမှာ အားကိုးတကြီး ခေါ်နေခဲ့မိပေမယ့်
သမီးဘ၀က မွေးကတည်းက
အမေဆိုတာ ဘယ်မှန်းမသိခဲ့ အဖေဆိုတာ ဘယ်လိုပုံမှန်း မမြင်ဖူးခဲ့ရ...
ဒါပေမယ့် မေမေလို့တမ်းတလိုက်တိုင်း သမီးရင်ထဲ အားတွေရလာတယ် မေမေ...
ကံကြမ္မာကြီးထဲ ပစ်ချခံခဲ့ရတဲ့ ကျမဟာ
သူစိမ်းတရံစာတွေရဲ့ မှိုချိုးမျှစ်ချိုး အပြောတွေနဲ့
သူခိုးထင် သူဝှက်ထင် အကြည့်ရင့်ရင့်တွေ အောက်မှာ
ကြီးပြင်းရှင်သန်ခဲ့ရတာပါ မေမေ..
သမီးအမှားသေးသေးလေးတွေကို ခွေးလိုဝက်လို နှစ်ပြားမတန်အောင်
ဝိုင်းပြီးလက်ညှိုးတွေထိုးနေကြသမျှ
သူတို့အမှားကြီးကြီးတွေကိုကြတော့ သမီးပြုံးပြပြီး ကျေနပ်ပေးခဲ့ရတယ်
အဲဒါကြောင့် လောကကြီးက
မတရားဘူးလို့ပြောတာ
သမီးမှားသလား မေမေရယ်....
အဲဒီထက် ရင့်ရင့်သီးသီး ပြောရရင်
လူအတော်များများက မတရားကြဘူး မေမေရဲ့...
တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား လင်မရှိတဲ့ မယား မတင့်တယ်ဘူးတဲ့
ရိုးသားတဲ့ အဖော်မွန်တစ်ယောက်နဲ့ တင့်တယ်တဲ့ အိမ်ရှင်မလေးဘဝ
သမီးစိတ်ကူးယဉ် တမ်းတခဲ့ဖူးတယ်
ယုံမိခဲ့တဲ့ ရည်းစားတွေက စားပြီးရင် ပြေးသွားတတ်တဲ့ ပျားတွေလို
နှမချင်းမစာနာကြဘူး
စားနေကြ ကြောင်ပါးတွေနဲ့ ခံတွင်းပျက်နေတဲ့ ကြောင်ဆိုးတွေ
သမီး အတော်ကျိုးချိန်ကို စောင့်နေကြတယ်
ကျားရဲတောမှာ ကျမ
အပြောအဆိုတွေ ရိုင်းခဲ့ပါတယ်
အဲ့ဒီလိုကြမ်းမပြရင် ယမ်းတွေနဲ့ဖေါက်ခွဲခံရသလို သမီးပြာကျသွားလိမ့်မယ်
ကျမဘ၀လေးကို အမဲဖျက်သလို ၀ိုင်းဖျက်ကြဖို့
ခွေးအတွေလို ရမ္မက်ထန်တဲ့ မျက်လုံးတွေပဲရှိတယ် မေမေ
ကမ်းမမြင်လမ်းမမြင် ရင်ခွင်မဲ့နေ့ရက်တွေဟာ
ဆိုးရွားခါးသီးလွန်းလှရဲ့
ဒီထက်နာကြည်းစရာကောင်းတဲ့ ကံကျြမ္မာတစ်ခုဟာ
ကျမဆီရောက်လာတော့မယ်ဆိုတာ
သမီးကြိုမသိခဲ့ဘူးမေမေရယ်
အဲဒီနေ့က မိုးချိန်းသံတွေဲ့
ဆူညံပွက်
သည်းထန်လွန်းတဲ့မိုးနဲ့အတူ ကြမ္မာဆိုးဟာ ရောက်ရှိခဲ့ပါတယ်...
ကားဂိတ်ကလေးမှာမိုးခိုနေတဲ့ ကျမဘေးနား
မေမေ့အရွယ်အန်တီကြီးက သမီးဘယ်မှာလုပ်နေတာလဲတဲ့
လောကကြီးရဲ့ မာယာတွေ သမီးနားမလည်ခဲ့ပါဘူးမေမေ...
.........
.................သမီးရင်ဖွင့်လိုက်မိတယ်....
................
..................အန်တီ့အသိ အလှပြင်ဆိုင်မှာလုပ်မလားတဲ့
အမေငတ်နေတဲ့ ကျမအတွက်
အန်တီကြီးရဲ့ ကရုဏာလွှမ်းနေတဲ့ အပြုံးဟာ
ကောက်ရိုးလေးတမျှင်ဆိုပြီး အားကိုးမိ
ဟန်ဆောင်ခြင်းအတတ် တစ်ဖက်ကမ်းခတ်တဲ့
လူတွေရဲ့
သကာဖုံးထားတဲ့ အပြုံးတွေကို ယုံစားမိခဲ့တယ်မေမေ..
အလှပြင်သင်တန်းတဲ့...အဲဒါဟာ ကျမအတွက်
ငရဲခန်းတွေရဲ့ အစဆိုတာ
ကျမဘယ်လိုကြိုသိနိုင်ခဲ့မှာလည်းလေ
ရုရှစာရေးဆရာဆရာကြီး ဂါရှင်ကရေးခဲ့ဖူးတယ်
`လူတွေထက် ရက်စက်တတ်တဲ့ သတ္တ၀ါ မရှိဘူး
ဝံပုလွေတွေက ၀ံပုလွေသားကို မစားကြပေမယ့်
လူတွေကတော့ လူသားကိုတောင် စားလို့ရရင်
စားကြလိမ့်မယ်´တဲ့...အဲဒါသမီးအတွက်တော့ အရမ်းမှန်တာပဲ မေမေ...
အမှောင်တိကျ သော့ခတ်ခံထားရတဲ့ အခန်းထဲမှာ
သူတို့ကျမကို တိရစ္ဆာန်တစ်ကောင်လို နှိတ်စက်ကြရဲ့
သမီးမလိုပ်ချင်တဲ့ အလုပ်တွေ အတင်းလုပ်ခိုင်းကြတယ်မေမေ
သားသမီးချင်းကိုယ်ချင်းစာစိတ်ဆိုတာ သူတို့ဆီမှာမရှိကြဘူးမေမေရဲ့
မလုပ်နိုင်ဘူးလို့တစ်ခါငြင်းဆန်တိုင်း ကျောပြင်နုနုပေါ်ကျလာတတ်တဲ့
ကျာပွတ်ဒဏ်တွေဟာ အသည်းခိုက်အောင် နာကြင်လွန်းရဲ့
ငိုရဖန်များလို့ မျက်ဝန်းကမျက်ရည်တောင် မထွက်နိုင်တော့တဲ့ အဖြစ်
အဲဒီလူတွေဟာ လူသားတွေဆိုတာတောင် သမီးမယုံနိုင်တော့ပါဘူး
သွေးနဲ့ကိုယ်သားနဲ့ကိုယ် နောက်ဆုံးသမီးလက်မြှောက်အရှုံးပေးခဲ့ရတယ် မေမေ
ဘုရားမှာဝတ်ချ လွတ်မြောက်ဖို့ ဆုတောင်းခဲ့တာ အကြိမ်ကြိမ်ပါ
ဆိုးလွန်းတဲ့ ကြမ္မာကို ဘုရားလည်းမကယ်နိုင် သမ္မာဒေ၀တွေလည်း
မကယ်နိုင်ဘူးထင်ရဲ့
တခါတခါ သေရည်နဲ့ယစ်မူးနေတဲ့ ကောင်ဆိုးလေးတွေအလယ်
တခါတခါကျတော့ အဆီပြန်မျက်နှာကြီးတွေကြား..
အယုတ်၊အလတ်၊အမြတ် မရွေးတို့ရဲ့ ခဏတာ ပျော်ရွှင်ဖို့
ကျမဆိုတဲ့ ကြေးစားမကလေးဟာ ဘ၀တစ်ခုလုံးရေတိမ်နစ်ခဲ့ရတာပါမေမေ
ဝဋ်ကြွေးဆိုလဲ ဒီဘ၀နဲ့ ကျေပါရစေ မေမေရယ်....ကြေးစားမတစ်ယောက်ရဲ့
အမျှဝေသံအတွက် လူတွေက ဟန်ဆောင်ပန်ဆောင်တောင် ယောင်ပြီး သာဓုမခေါ်ကြဘူးတဲ့လား
ဆွမ်းမခံသင့်တဲ့အရပ်မို့ ဆွမ်းလေးကပ်ချင်တာတောင် မကပ်နိုင်တဲ့ ဘ၀ပါ မေမေရယ်
မီးရာင်စုံတွေနဲ့ မြူးကြွနေတဲ့ အခန်းထဲ
အမှောင်တိကျနေတဲ့ ကျမနှလုံးသားရဲ့ ငိုရှိုက်သံက
ဂုဏ်သရေရှိတွေအတွက် တရားမ၀င်ခဲ့ဘူးမေမေ
နိုက်ကလပ်ဆိုတဲ့ အမည်နာမကိုမုန်းတယ်...မီးရောင်တွေကိုလည်းမုန်းတယ်..
ဒါပေမယ့် မေမေရယ် စားဝတ်နေရေးလေ....သူများတွေက တစ်သက်မှာ တစ်ခါသေကြပေမယ့်
သမီးက အသက် ၁၀၀ မပြည့်ခင် ဘ၀အခါ ၁၀၀ သေခဲ့ရပြီးပါပြီ.......
အညတရကြေစားမလေးရဲ့ဘ၀ ဘယ်ဥပဒေက ကာကွယ်ပေးပြီး
ဘယ်လိုသူရဲကောင်းက ကယ်တင်ရှင်လုပ်မှာလဲလေ....ကြေးစားမလေးမှာလည်း
ဘုရားနဲ့တရားနဲ့ပါ မေမေ...သမီးဘ၀မှာ ဘုရားပဲ အားကိုးရာပါ..
ဝဋ်ကြွေးဆိုလဲ ဒီဘ၀နဲ့ ကျေပါရစေ မေမေရယ်...ကျမအမျှဝေပါတယ်
အညတရကြေစားမလေးရဲ့ ရှိုက်သံသဲ့သဲ့တွေက
ဆင်ဆာမဲ့ပါပဲ ...မေမေရယ်....

ကြီးသူကို ရိုသေ၊ရွယ်တူကို လေးစား၊ငယ်သူကို သနားနိုင်ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment