Thursday, September 30, 2010

မိုးရေနဲ့စွတ်စိုနေတဲ့အလွမ်း


ညနေရီသည် ပုဇွန်ဆီရောင် တိမ်တိုက်လေးတွေနဲ့ ဆွတ်ပြန့်စွာ လှပနေပါသည်။
ဒါပေမယ့် ကံဆိုးစွာ လေပြင်းတွေ ကျလာခဲ့သည်။ကြည်နူးစိတ်ကလေးတွေ
ဘယ်ရောက်သွားမှန်းမသိ...
တောင်ဘက်ဆီမှ မိုးသားမည်းမည်း တလိမ့်လိမ့် တက်လာလေပြီ။
ကျနော် ကတ္တရာလမ်းကလေးပေါ် တယောက်ထဲ လျှောက်နေ၇င်း သူမကို သတိရမိသည်။
သြော်..ခုချိန်ဆို သူမလေး ဘာတွေများလုပ်နေမည်လဲ....ကျနော်အကြောင်းတွေတွေးနေမလား...
မိုးသားတွေလဲ ကောင်းကင်နဲ့ အပြည့်
လောကသည် ချက်ချင်း အမှောင်တိကျလာသည်။မိုးရွာတော့မည်ထင့်..
ကျနော့် အတွေး မဆုံးလိုက်ပါ။မိုးရေစက်တွေ ကျနော်ကိုယ်ပေါ် အငြိုးတကြီး ခုန်ချလာကြသည်...
ကဗျာဆန်ဆန်ပြောရရင်တော့ ၀မ်းနည်းနေတဲ့ ကောင်းကင်ကြီးအောက် အလွမ်းကြောင့် ၀မ်းနည်းနေတဲ့
လူငယ်လေးတယောက် အထီးကျန်စွာ လျှောက်လှမ်းနေသည်ပေါ့........
ဒီလို မိုးတွေသည်းတဲ့နေ့တွေတိုင်းမှာ တစုံတခုကို
ကျနော်အမြဲလွမ်းနေတတ်ပါသည်...မိုးသည်းသည်းထဲမှာ
ကျနော်ဆိုတဲ့ကောင်ဆိုးလေးဟာ မေ့မေ့အိမ်က ထွက်ပြေခဲ့ဖူးသည်...မိုးစက်တွေထဲမှာဘောလုံး ကန်ခဲ့ဖူးသည်
မိုးရေတွေထဲမှာ ချစ်သူနဲ့ပျော်ရွှင်စွာ လျှောက်လည်ခဲ့ကြဖူးသည်..ကျနော်တို့နှစ်ယောက်
ဝေးခဲ့ကြတော့လည်း
မိုးထဲရေထဲမှာပဲလေ....
တကိုယ်လုံးမိုးရေတွေ ရွှဲရွှဲစိုနေပါပြီ....ဒီလိုမိုးရေတွေနဲ့ရွှဲရွှဲစိုနေတဲ့ နေ့လေးတနေ့မှာပဲ
ကျနော်နဲ့သူမလေးတို့
ခွဲခွာခဲ့ကြသည်။မှန်တာပြော အလိုရှိရာ ပြည့်စုံရပါစေ ခုလိုမိုးရွာထဲမှာ ကျနော့်ချစ်သူကို ကျနော် လွမ်းနေပါသည်။
လွမ်းတယ်ချစ်သူရယ်...အလွမ်းတွေ ရင်ဘတ်ကြီးနဲ့ အပြည့်....ပြည့်နိုင်ခဲတဲ့ တောင်းဆုတွေကြား
ငါရင်မောရပါလား ချစ်သူလေးရယ်...


လင်းနေ နင်ငါ့ကို တကယ်ခွဲသွားရက်တယ်ပေါ့နော်..
ငါ့ကိုမထားခဲ့ပါနဲ့ လင်းနေရယ်..ငါလဲနင်သွားတဲ့ဆီလိုက်ချင်တယ်..
ကလေးတစ်ယောက်လို ပူဆာနေတဲ့ ချစ်သူလေး..နှုတ်ခမ်းလေးတွေက မိုးရေနဲ့ စိုလက်လို့..
မျက်ဝန်းတွေမှာလည်း မျက်ရည်တွေ အပြည့်...ဘယ်လိုပဲကြည့်ကြည့် လှရက်လွန်းတဲ့ ချစ်သူလေးရယ်
ငါဘယ်လိုနှလုံးသားနဲ့ ထားခဲ့ရမလဲ....
နှုတ်ခမ်းလေးကို ကိုက်ထားတဲ့ သွားစွယ်ဖွေးဖွေးလေးတွေက ကျနော့်နှလုံးသားကို ကိုက်ခြွေနေသလိုပါပဲ
ရင်ထဲမှာတစစ်စစ် ခံရခက်လွန်းလှသည်။
ငါလဲဘယ်ခွဲချင်ပါ့မလဲ ယုယရယ်..
နင်ကိုခွဲပြီး အဝေးကြီးကိုထွက်သွားမယ်လို့ တခါမှ မတွေးခဲ့ဖူးကွာ
ဒါပေမယ့် အခြေအနေတွေက ဒီလိုဖြစ်လာတယ်လေ....
ငါကအိမ်မှာ သားကြီးလေ ငါ့မှာ တာဝန်တွေ အများကြီးရှိသေးတယ်..ကျောင်းလဲပြီးပြီဆိုတော့ မိဘကိုလုပ်ကျွေး
ရဦးမယ်...မျက်ရည်တွေနဲ့ ရှိုက်ငိုနေရင်း သူမ နားထောင်နေရှာသည်။
ညီလေးညီမလေးတွေကိုလဲ ထောက်ပံ့ပေးရဦးမယ်လေ..ပြီးတော့ နင်နဲ့ငါ တို့နှစ်ယောက်ရဲ့ အနာဂတ်
အားလုံးအတွက် ငါငွေတွေ အများကြီးရှာရဦးမယ်..လက်ထပ်ပြီးရင်လည်း နင့်ကို
တင့်တောင်းတင့်တယ်
ထားချင်တယ်..
လင်းနေရယ် ငါနင်ပင်ပန်းဆင်းရဲမှာကို မကြည့်ရက်ဘူး..ပြီးတော့.ငါနင့်ကို အရမ်းချစ်တာပဲသိတယ်..ဟင့်..ဟင့်..
ချစ်သူက သနားစဖွယ်ငိုနေတော့လည်း နှလုံးသားတွေက မခိုင်ချင်...
ငါ့မိဘတွေက ဆင်းရဲတယ်လေ..ဒီမှာစီးပွားရေးလုပ်ဖို့ ဆိုတာ အရင်းအနှီးလိုတယ်..
ငါမှာက ရှိစုမက်စု မေမေတို့ အပင်ပန်းခံကျောင်းထားခဲ့လို့ ဘွဲ့လေးတစ်ခုပဲရှိတယ်လေ
ငါတို့နှစ်ယောက်ခုလက်ထပ်လိုက်လို့ နင်နဲ့ ငါ့မိဘတွေကိုစိတ်မဆင်းရဲစေချင်ဘူး ညီညီမတွေကိုလဲ
မျက်နှာ မငယ်စေချင်ဘူး...ချစ်သူနဲ့လက်မထပ်ချင်တဲ့သူ ဟောဒီကမ္ဘာကြီးမှာ
ဘယ်သူရှိမလဲကွာ...
ငါ့ကိုနားလည်ပါ ယုယရယ်...ငါနင့်ကို အသည်းပေါက်မတတ် ချစ်ပါတယ်...
ငါနားလည်ပါတယ်...ဒါပေမယ့် ခုလိုတကယ် ထားသွားတော့မယ်ဆိုတော့....ဟင့်..ဟင့်
ဘယ်လိုနေရမလဲမသိတော့ဘူး...
နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်ပြီး ရှိုက်ကြီးတငင်ငိုနေပုံလေးက
သွားရမဲ့ခြေလှမ်းတွေကို
လေးကန်စေပါသည်...
ယုယမှာ မိဘတွေကလွဲရင် တွယ်တာစရာ အားကိုးစရာဆိုလို့ လင်းနေတစ်ယောက်ထဲပဲ
ရှိတာပါ..
ယုယ တကယ် မခံစားနိုင်ဘူး လင်းနေရယ်..
သြော် ယုယရယ်....ချစ်သူလေးကို ၇င်ခွင်ထဲ
မှာဆွဲသွင်းထားမိသည်....နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်စလေးတွေ
ကိုဖယ်ပြီး ဖွဖွကလေးနမ်းမိသည်..နောက်ဆိုဒီနဖူးပြင်လေးနဲ့
ဘယ်ကာလထိဝေးနေရဦးမလဲ...
ဝေးနေရတယ်ဆိုပေမယ့် အင်တာနက်မှာတွေ့လို့ရတာပဲလေ..ပြီးတော့ငါလည်း
ခဏခဏဖုန်းဆက်မယ်လေ..
ငါနင့်ကို အမြဲချစ်နေ လွမ်းနေမှာပါ....င့ါကိုစိတ်ချပါ ယုယရယ်..ငါလဲ
စိတ်ချမယ်နော်...အစစအရာရာ
ဂရုစိုက်ပါကွာ...

ချစ်သူ၏မျက်နှာသည် ကျမအတွက်တော့
လပြည့်ဝန်းကြီးပါပဲ...သားလိမ္မာလေး၊အားကိုးလောက်တဲ့ အကိုကြီး၊
တာဝန်ကျေတဲ့ ချစ်သူတစ်ယောက်....ချစ်သူရဲ့ မြင့်မြတ်ဖြူစင်တဲ့
စိတ်ထားလေးတွေကြောင့် ချစ်သူကို ပိုပြီးချစ်ရပါ
သည်...တကယ်ခွဲရတော့မယ်ဆိုတော့ မခံစားနိုင်ဘူး...
နင်က ယောက်ျားလေးမို့ ဟန်ဆောင်မြိုသိပ်
နိုင်ပေမယ့်...ငါကတော့မိန်းကလေးဆိုတော့ မငိုဘဲမနေနိုင်ဘူး..
ခရီးသွားရမယ့်ချစ်သူတစ်ယောက်ကို နောက်ဆန်တင်းအောင် မလုပ်ချင်ပါဘူး
လင်းနေရယ်..
လင်းနေရယ် နင့်ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နေခွင့်မရှိတော့ဖူးနော်....ငါလေ
နင့်ရင်ခွင်ထဲမှာနေရရင်
အရာရာအားလုံး လုံခြုံသွားတယ်လို့ခံစားရတယ်...
နင်ကဟိုမှာ အပေါင်းအသင်းတွေပေါပါတယ်..ဟိုရောက်ရင် နင်
ငါ့ကိုမေ့သွားမှာပါ...ငါမှာက အပေါင်းအသင်းလည်း
မရှိ..ဒီမှာတယောက်ထဲကျန်ခဲ့မှာ..ဟိုရောက်ရင် ငါကိုမေ့မသွားပါနဲ့နော်...
မသွားပါနဲ့လား လင်းနေရယ်..ဟင့်......ဟင့်...
ယုယရယ် ချစ်သူလေးရယ် ...
ကိုယ်တိုင်ခက်ခဲစွာ ဟန်ဆောင်မြိုသိပ်နေရသူမို့.ချစ်သူကိုနှစ်သိမ့်ဖို့
စကားလုံးတွေပျောက်ဆုံးနေသည်။
နာရီကြည့်လိုက်တော့ ၃နာရီထိုးဖို့ ၅မိနစ်သာ လိုတော့သည်။
လေယာဉ်ကလဲ ထွက်တော့မယ့်အကြောင်းကြေငြာနေလေပြီ..
ကဲယုယ လေယဉ်ထွက်တော့မယ်....ငါသွားတော့မယ်ဟာ...ဟိုရောက်ရောက်ချင်း
ဖုန်းဆက်လိုက်မယ်..
ဘုရားကိုလည်းတပတ်တခါ သွားဖို့ မမေ့နဲ့နော်......

မိုးတွေက တဖွဲဖွဲ ကျနေသည်...ဒါပေမယ့်ရင်ထဲကရွာတဲ့မိုးက ပိုသည်းပါသည်...
မျက်ရည်အ၀ိုင်းသားနဲ့ လက်ပြကျန်ရစ်ခဲ့တဲ့ ချစ်သူလေး ရေ...
ငါ့ရင်ထဲမှာ မကောင်းလိုက်တာကွာ..လေယဉ်ရဲ့ ၀မ်းဗိုက်ထဲရောက်တဲ့အထိ
မျက်ရေတွေနဲ့ လက်ဝေနေတဲ့
ချစ်သူမျက်နှာလှလှက ကျနော့်နှလုံးသားမှာ ကပ်ပါလာသည်....
ဘယ်အထိလည်း..ဘယ်လောက်ကြာမှာလည်း...ကြိုမသိနိုင်တဲ့ ကံကြမ္မာဆီသို့
လေယာဉ်ကငြိမ့်ခနဲ
ထိုးတက်သွားသည်..ရွှေရောင်တ၀င်းဝင်းနဲ့
ရွှေတိဂုံစေတီ၊ပင်လယ်ပြာပြာ.....လှပသာယာတဲ့ အမိမြေ
နဲ့အတူ ချစ်သူကို ထားခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ဟာ....ခုတော့
တိမ်တိုက်တွေကြားမှာ ချစ်သူ
အရိပ်ကိုရှာဖွေနေလေရဲ့...

သြော်...ချစ်သူရယ်...ငါတို့နီးကြရမယ့်ရက်တွေ
ရောက်တော့မှာပါ....ယောက်ျားလေးတစ်ယောက်အနေနဲ့
ပွင့်လင်းစွာ ငိုကြွေးခွင့် မရှိခဲ့တဲ့ မျက်ရည်တွေ မိုးနဲ့အတူ မျှောချရင်း
..
အလွမ်းတွေလေ..မျက်ရည်တွေနဲ့ စိုစွတ်လို့.....

ရွှင်လန်းချမ်းမြေ့ပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment