Friday, September 24, 2010

ပုံသေနည်းမဲ့နံနက်ခင်း


တုံ...တုံ...တုံ
အရုဏ်တက်မယ်လေ.......
ပြီးတော့...
နေလုံးကြီးထွက်လာတယ်..
တဖြည်းဖြည်းလင်းလာပါရော....
လောကကြီးက
ခင်းကျင်းပြသထားတဲ့
သဘာဝတရားတစ်ခုပါပဲ...
စကားမစပ်...
သာယာသင်းပျံ့တဲ့
နံနက်ခင်းတစ်ခုရဲ့
အဓိပ္ပာယ်ကို
ပုံသေနည်းထုတ်လို့
ရပါသလား...။
ကြီးကြီးကျယ်ကျယ်
ပြောရရင်တော့
ကောင်မလေးရေ..
ငါက..
ဥယျာဉ်မှူးပါ..
ပန်းပွင့်တွေ
ဈေးကောင်းကောင်းနဲ့
ရောင်းစားဖို့မဟုတ်ဘူး...
ရပ်တန့်လို့မရတဲ့
နံနက်ခင်းတွေအတွက်
ရနံ့တွေကို
မြတ်နိုးလွန်းလို့
မင်းအတွက်...
ပန်းတစ်ခင်းကို
ရင်ဘတ်တစ်ခုလုံးရင်းပြီး
မာယာမပါဘဲ
ပျိုးခဲ့ဖူးတယ်...

ထက်ခေါင်

သတိ..
စိတ်ကူးယဉ်ခြင်းကို မည်သူမှပိတ်ပင် တားဆီး၍မရ။
ထို့အတူ..
အချစ်ကို မည်သူမျှ တိုက်ခိုက်ဖျက်ဆီး၍မရ။
တစ်ခုတော့ရှိတယ်...
လောဘတော့နည်းပါစေ....

ထိုနေ့က မှတ်မှတ်ရရ တနင်္လာနေ့ ဖြစ်သည်။ကျနော့်ရဲ့ တတိယနှစ် ကျောင်းသားဘ၀ အစပထမရက်ဆုံး ကျောင်းဖွင့်ရက်လည်း ဖြစ်သည်။စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲကလို အဲဒီနေ့က မိုးမရွာပါ။နေလည်းမပူပါ။မိုးတွေ
အုံ့မှိုင်းပြီး မြူတွေေ၀၀ိုင်းနေတဲ့ သူလိုငါလို စိုထိုင်းထိုင်း နံနက်ခင်းတစ်ခု ဖြစ်လေ၏။မိုးလေ၀သ အခြေအနေ ကတော့ မိုးဟာသူရွာချင်ရွာမည် မရွာချင်လျှင် မရွာဘူးဟု ပြောရမလားပဲ။
ဘာပဲဖြစ်ဖြစ် ကျနော်ရင်ထဲတွင် မြူးကြွသွက်လက်နေသည်။ထန်းလျက်ခဲရတဲ့ခွေးတစ်ကောင်လို.. အဲ... ဟုတ်ပေါင် မှိုရသလို မျက်နှာပေးနဲ့ လိုင်းကားဖြတ်သန်းရာလမ်းတလျှောက်က တရိပ်ရိပ် ကျန်ခဲ့တဲ့ တမာပင်
တန်းတွေကို ငေးကြည့်ရင်း မျက်နှာက ပြုံးစိစိကြီးဆိုတော့ ဘေးကခရီးသည်များ ကျနော်ကို ဂလောက်ဂလောက်
အကောင်လို့များ ထင်မလားမသိ။(ဂလောက်ဂလောက်=အဆံချောင်သော)
ပေါက်ပဲထင်ထင် ကြောင်တယ်ပဲဆိုဆို ကျနော်အူမတိုနိုင်ပါ။ကျနော့်ရင်ထဲက ခံစားချက်ကတော့ မျက်နှာပေါ်ထင်းထင်းကြီး ပေါ်နေသည်ပဲ..။နက်ပြောင်စိုလက်နေတဲ့ ကတ္တရာလမ်းမကြီးပေါ် ဟိုင်းလတ်ကားကလေး တရိတ်ရိတ်ပြေးနေသည်။လိုင်းကားပေါ်ထိုင်လိုက်လာရင်း တဖြည်းဖြည်း ကျောင်းနဲ့နီးလာလေလေ ကျနော်စိတ်တွေ မြူးကြွလေလေပါပဲ။

'အကိုရေ G.T.C ပါသေးတယ်ဗျ..'

'အေးညီလေး..'

'ဆရာရေ ကျောင်းပေါက် တစ်ယောက်ချမယ်..
'ခရီးသည်များအားလုံး တန်းလေးတွေကိုင်ထားကြနော် ကားရပ်မယ်..လေးဘီးစလုံး ရပ်ထားမယ် ဆရာရေ...'

'ကျွီ..ဒုန်း..အောင်မလေးဗျ ..'

'အောင်မလေး သေပါပြီတော်..'

'ဆောရီးပါ အမကြီးရယ် ကန်တော့နော် ကျနော်တောင်းပန်ပါတယ်'
 ဘရိတ်အုပ်တာ အရှိန်လွန်ပြီး အဒေါ်ကြီးတယောက်ပေါ် လဲကျသွားသည်။

'စပယ်ရာအော်တာ မကြားဘူးလား တန်းကိုကိုင်ထားမှပေါ့
ဘရိတ်အုပ်မယ်လို့ပြောနေတာကို..တကတည်းတော် အာလူးထသွားလားမသိဘူး နာလိုက်တာ..'
 အဒေါ်ကြီး စိတ်တိုသွားပုံရသည်။ကိုယ့်အပြစ်နဲ့ကိုယ်မို့ အမြန်တောင်းပန်လိုက်ရသည်။

'ကျနော်လည်း ကျောင်းဘက်ကို ငေးကြည့်နေတာနဲ့ တန်းကိုကိုင်မထားလိုက်ရဘူး..'

'ကဲဆရာလေး ဆင်းပါတော့ အကိုတို့က တစ်နေကုန်ဆွဲရဦးမှာ လေကြောကလည်းရှည်ပါ့ကွာ
လှတောသားနဲ့ဝင်တွေ့နေတယ်..'

'ဟုတ်ကဲ့..အကို ဆင်းပြီ ကျနော်ကို အထုတ်ကလေးချပေးပါဦး..'

'ကဲ မိအောင်ဖမ်းဟေ့..'

'အကိုပစ်မချ......ဘုန်း...ဂလွမ်....' အမေပေးလိုက်တဲ့ဟင်းတွေ ဖိတ်မှာစိုးလို့ တားမလို့ဟာ စကားပင်မဆုံးလိုက်ခင် စပယ်ယာကိုကိုကတော့ လုပ်ထည့်လိုက်လေသည်။

"သွားပါပြီဗျာ အမေချက်ပေးလိုက်တဲ့ ဟင်းတွေ..'

'ဆောရီးညီလေး...ဆွဲဆရာရေ..၀ူးးးးး...'
ပြောရင်းဆိုရင်း ကားထွက်သွားသည်။

'ညီလေးထက်ခေါင် အစောကြီး ၀ိရိယကောင်းလှချည်လားကွ ဒီနေ့မှ ကျောင်းဖွင့်တာမဟုတ်လား..'

'ကောင်းရတယ်ဗျ ကျနော်မှာ စောင့်ရတာ တော်တော်ကြာတယ်လို့ထင်နေတာ'

'ဟား ဟား ငါ့ညီတော့ ကောင်မလေးတွေ့ထားပြီနဲ့တူတယ်..'

'မဟုတ်ပါဘူးဗျာ ကျနော်ကို နှပ်ဆေးရည် အုန်းစိမ်းနဲ့ တစ်ထုတ်လောက်လုပ်ပါဦး ခင်ဗျားဆိုင်က ကွမ်းယာကိုလည်း လွမ်းတယ်ဗျ..'

'မင်းကတော့ တော်တော်စိတ်ချမ်းသာအောင် ပြောတတ်တဲ့ကောင်ပဲ..မင်းအထုပ်တွေက နိုင်ရဲ့လား..ငါအဆောင်ထိ လိုက်ပို့ပေးမယ်လေ...'

'ရပါတယ်ဗျာ ကျနော်ကတောသားပါ ဒီလောက်တော့ အပျော့ပေါ့ ရွာမှာ စပါးထမ်းလာတဲ့ကောင်ပါဗျ..
သွားတော့မယ်ဗျာ...'

'ဟုတ်ပါပြီဆရာလေးရယ်..'

ဒီနေ့တော့ကံမကောင်းပါလား ဆရာလေးခေါ်ခံရတာ နှစ်ခါရှိသွားပြီ..အင်း ကတုံးပဲပြေးတုံးရမလားပဲ။
ဘယ်လမ်းကသွားရရင်ကောင်းမှာပါလိမ့်။အင်း ကျောင်းဖွင့်ရက်ဆိုတော့ လမ်းသစ်မှာက လူတွေရှုတ်နေလိမ့်မယ်။
ဈေးဘက်ကသွားတာ ပိုအဆင်ပြေလိမ့်မည် ထင်သည်။အထုတ်တွေဆွဲရင်း ကျနော်မြောက်ကြွမြောက်ကြွလျှောက်လာခဲ့သည်။
ဈေးမကွဲတကွဲ အချိန်မို့ မြို့သစ်ဈေးကလေး ဆူဆူညံညံနဲ့ စည်ကားစွာ လှုပ်ရှားနေဆဲ ဖြစ်လေသည်။

'ဟဲ့ ထက်ခေါင်လေး အစောကြီးပါလားဟေ့..'
မြင့်အမျိုးသမီးဆောင်ရှေ့ရောက်တော့ အန်တီအေးက လှမ်းပြီးနှုတ်ဆက်သည်။

'ဟုတ်ကဲ့ အန်တီအေး စောစောလာမှအဆင်ပြေတာဗျ..နောက်ကျရင် စာတွေလိုက်ကူးရတာ ပျင်းတယ်..'


အောင်မယ်တော် စကားကြီးစကားကျယ် အလေလိုက်ချင်လို့ အစောကြီးလာတာများ ငါမသိဘူးမှတ်နေလား..'

'အန်တီအေးကလည်း သိလည်း အသာလေးနေပါဗျ..'

'ဟ ငါ့တပည့် ထက်ခေါင် မင်းအစောကြီးပါလားကွ.'
မြင့် အမျိုးသမီးဆောင်နဲ့မျက်နှာချင်းဆိုင်မှ ဆရာကြီးဦးမြင့်ဆွေ စက်ဘီးတွန်းပြီးထွက်လာတာတွေ့ရသည်။

'ဟုတ်ကဲ့ ဆရာကြီး နေကောင်းလားခင်ဗျ'

'ကောင်းပကွာ..မင်းတို့အချိန်ဇယားတွေထွက်နေပြီနော် ခဏနေလာကူးကြ..
ငါကတော့ လက်မှတ်ထိုးရဦးမှာမို့သွားနှင့်ပြီ..'

'ဟုတ်ကဲ့ဆရာကြီး..'
ဆရာကြီးလည်း စက်ဘီးစီးပြီးထွက်သွားသည်။

'အန်တီအေး ကျနော်သွားလိုက်ဦးမယ်ခင်ဗျ.'

'.ကြွကြွ မောင်မင်းကြီးသား မနှစ်ကလိုတော့ ညနက်သန်းခေါင်ထိ
အဆောင်လာပြီး ဒုက္ခမပေးကြနဲ့နော်..'

 'ဟုတ်ကဲ့ပါဗျ..သွားပြီ'

အမေ့အိမ်ဆောင်တွင် ကိုယောင်ကြီးတို့အဖွဲ့တွေရေချိုးနေကြသည်။

'အမေ့အိမ်က လူတွေ ကျောင်းမသွားကြဘူးလားဗျ...'

'ဟာ ထက်ခေါင် ငပေါစောစောစီးစီး မင်းရူးနေလား..ဒီနေ့မှဖွင့်တာ ဘယ်သူက စာသင်မှာလည်း..
အဆောင်မှာပဲ အေးဆေးနှပ်မှာပေါ့..'

'ပြောမနေပါနဲ့ကိုယောင်ကြီးရာဒီကောင်လို ဖွန်ကြောင်တွေပဲသွားမှာပေါ့..'
 ကျော်ထွန်းကတော့ တွေ့တာနဲ့ ဆော်ပြီ။

'မဟုတ်ပါဘူး ကျော်ထွန်းရာ ငါက အချိန်ဇယားလေးကူးရင်း အခန်းနံပါတ်လေးကြည့်ရင်းပါ'

'မင်းဘာသာမင်း ဇယားပဲကူးကူး နှာပဲဘူးဘူး သွားဟေ့ အထုတ်တွေမနိုင်ရင်တော့ ထားခဲ့လို့ရတယ်နော်'

'ရပါတယ် နိုင်ပါတယ်ခင်ဗျ ကျေးဇူးပါပဲ သွားလိုက်ပါဦးမယ်..'

'ဟ..ဟ ခုမှပဲ ဒီကောင်ထွက်ပြေးသွားတော့တယ်'

ကျနော်နေတဲ့ သီဟအောင် အမျိုးသားဆောင်ရောက်တော့ တဟီးဟီးတဟားဟားနဲ့ သူရတို့အသံကို
ကြားရသည်။
'သူရရေ..သူရ မိုးဟိန်း ဟေ့ကောင်တွေ ရောက်ပြီလား ငါ့ကို အထုတ်တွေကူသယ်ကြဦး'

'လာပြီသားကြီးရေ..တို့လည်းမင်းကိုစောင့်ရင်း ထမင်းအိုးတည်နေတာကွ'

' မင်းအမေလက်ယာလေးနဲ့ဆွဲမလို့လေ မစားရတာကြာလို့လွမ်းနေတာ ဟဲဟဲ'

'မင်းတို့ကတော့ ငတ်ကြီးကျဖို့ပဲ ငါ့ကို သတိရတယ်ပေါ့ ကောင်းပါတယ်...'

'ဟဲဟဲ ဒီလိုလည်း ဟုတ်ဘူးလေကွာ ဟုတ်တယ်မို့လား သူရ'

'တော်ပါကွာ ဂျိုင့်ထဲမှာ မန်ကျည်းသီးထောင်းကြော်ရယ် ငရုတ်သီးဗာလခြောင်ကြော်ရယ် ငါးကြော်တွေပါတယ်
မင်းတို့အကြိုက် ပဲလှော်ကြော်လည်းပါတယ် စားကြ ငါကျောင်းဘက်လစ်နှင့်ဦးမယ်'

'ထက်ခေါင် မင်းကလည်း နေ့လည်မှ အေးဆေးသွားပြီး အချိန်ဇယားသွားကူးမယ်လေ..'

'မစောင့်နိုင်တော့ဘူးကွာ ငါ ရတီလေးကို လွမ်းလှပြီ'

'ဘာရယ် ဟေ့ကောင်မိုးဟိန်း ဒီကောင်ဘာပြောတာလဲ'

'အင်း ငါလည်းနားမလည်ဘူး ဟုတ်ပကွာ
ဟား ဟား ဟား ငပေါ..."ဒီကောင်နှစ်ကောင် အတိုင်အဖောက် ညီညီ နှစ်ယောက်စလုံးပြိုင်တူ ၀ိုင်းဆော်ကြသည်။

'ဟိုကဖြင့်မင်းကို ဖုတ်လေတဲ့ငါးပိ နံတယ်တောင်ထင်မှာမဟုတ်ဘူး
ဘာတဲ့ လွမ်းလို့တဲ့ တန်ရာတန်ရာလုပ်ပါ ငါ့လူရာ...'

'ဘာဖြစ်ဖြစ်ကွာ ငါသွားနှင့်မယ် ညနေကျမှ အထုတ်တွေနေရာချမယ်
နေဦးလေ ငါတို့လည်းရေချိုးထမင်းစားပြီးလိုက်မှာပဲ
သွားပြီကွာ..'

'ဟေ့ကောင် ထက်ခေါင် ဟေ့ကောင်.....
ဟာ ဒီကောင် ဂလောက်ဂလောက်ပဲကွ'

'ထားလိုက်ပါကွာ ဟိုမှာထမင်းအိုးဝေနေပြီ လုပ်ဦး..'

'ဖွတ်..မင်းကလက်မပါလို့ဒီအတိုင်းကြည့်နေတာလား..'


ရှမ်းလွယ်အနက်ရောင်လေးကို ကောက်လွယ်ပြီး အပေါ့ပါးဆုံးခြေလှမ်းတွေနဲ့ အဆောင်ကနေ ထွက်ခဲ့သည်။
ကျောင်းပိတ်ရက်တွေမှာ အထီးကျန်ခြောက်သွေ့နေခဲ့တဲ့ မြို့သစ်ရပ်ကွက်လေးကလည်း ကျောင်းသားကျောင်းသူများဖြင့် ပြန်လည် စိုပြည်လာပါပြီ။G.T.C လမ်းသစ်ကတော့ အရင်အတိုင်းပဲ မညီမညာ
လဲလျောင်းနေဆဲပါ။

ဒီကတ္တရာလမ်း အင်း...ကတ္တရာလမ်းလေးပေါ့လေ..။ဒီရက်တွေအတွင်း ပျင်းရိစွာ
အိပ်စက်နေခဲ့ရမည်ဖြစ်တဲ့ ကျောင်းလမ်းကလေးဟာ ခုတော့လည်း ကျောင်းသားကျောင်းသူတွေရဲ့
ဖိနပ်တွေ၊စက်ဘီးတွေ၊ဆိုင်ကယ်တွေကို ထမ်းပိုးရင်း ပြန်လည်အသက်ဝင်လာပါပြီ.. လမ်းကလေးဟာ စာသင်နှစ်တစ်နှစ်ကုန်တဲ့ထိတော့ အလုပ်ရှုတ်ဦးတော့မည်ပေါ့။
ုကျောင်းဆိုင်းဘုတ်နဲ့အတူကျောင်းကိုလှမ်းမြင်နေရသည်။အစိုးနည်းပညာကောလိပ်(မုံရွာ)ဆိုင်းဘုတ်ကြီးကလည်း
ဆေးအသစ် တွေနဲ့တောက်ပ၀င်းလက်လို့။သြော် ငါဟာ ဒီကျောင်းကကျောင်းသားပါလားဆိုတဲ့
ခံစားချက်က ရင်ထဲကို နွေးထွေးလန်းဆန်းစေပါသည်။ရွှေယမင်းမှာ လက်ဖက်ရည်တစ်ခွက်လောက် ၀င်ဆွဲရရင်
ကောင်းမလား။တော်ပါပြီ ကျောင်းထဲကို အရင်သွားတာကောင်းတယ်။နောက်ဆုံးတော့ နှလုံးသားရဲ့ဆန္ဒက အနိုင်ယူသွားသည်။

ချစ်သူရေ နံနက်ခင်းနဲ့အတူ လန်းသစ်နုလှနေမယ့် မင်းရဲ့မျက်နှာလှလှလေးကို မြင်ချင်စမ်းရဲ့..။
ကောလိပ်ကျောင်းဝင်းတစ်ခုလုံးရှိ ရေတမာပင်၊စိန်ပန်းပင်၊ပင်လယ်ဂဗွီးပင်၊ဗာဒံပင် ရှိရှိသမျှ သစ်ပင်တို့သည်
သဘာဝတရားကြီးကဆိုးပေးထားတဲ့ အရောင်တွေနဲ့ စိုစွတ်စိမ်းလဲ့တောက်ပနေကြ၏။ကျောင်းစဖွင့်ရက်
ဖြစ်သဖြင့် စာကလည်းမသင်သေးပါ။ကျောင်းသူကျောင်းသားတွေကလည်း အချိန်ဇယားကူးသူကူး၊ ကျောင်းသားရေးရာသွားတဲ့သူကသွား၊ကင်တင်းထိုင်သူထိုင် မျက်စိနောက်လောက်အောင် ဟန်ရေးပြနေကြ
လေ၏။စူပါမားကက်ကြီးထဲက အ၀တ်အစားတွေ တစ်ယောက်တစ်ထည် ကောက်စွတ်လာသလို အားလုံးဟာ
အရောင်အသွေးမျိုးစုံနဲ့ လင်းလက်သစ်လွင်နေသည်။ကျောင်းပိတ်ရက်အတွင်း ခွဲခွာခဲ့ကြတဲ့သူငယ်ချင်းတွေ
နှုတ်ဆက်ကြ မနှစ်က ရှေးဟောင်းနှောင်းဖြစ်လေးတွေစာမြုံ့ပြန်ပြီး တဟားဟားရယ်မောကြ တကျောင်းလုံး လက်ပံပင် ဆက်ရက်ကျသလို ပွက်လောရိုက်နေပါသည်။

ကျနော်ကတော့ တစ်ယောက်ထဲပါပဲ။အိုင်တီခန်းရှေ့က ရေတမာပင်လေးအောက်မှ မတ်တတ်ရပ်ရင်း တစ်နေရာကို မက်မောမြတ်နိုးစွာ စူးစိုက်ကြည့်နေမိသည်။ဟုတ်ပါသည်။ကျနော့်မျက်ဝန်းတွေ အရူးအမူး ကျက်စားနေတဲ့ နေရာက အိုင်တီခန်းရဲ့ ပထမဆုံးခုံတန်းနေရာ ထိုင်နေတဲ့ ချစ်စရာကောင်းလွန်းသော ကောင်မလှလှလေးဆီမှာ ဖြစ်သည်။

ကျနော့်အတွက်တော့ သူမသည် ဘယ်လိုဖွဲ့ဖွဲ့ မပြီးပြည့်စုံနိုင်တဲ့ ကဗျာတစ်ပုဒ်၊ဘယ်အချိန်ပဲဆိုဆို ခံစားချက် အပြည့်ပေးစွမ်းနိုင်တဲ့ သံစဉ်တစ်ခု၊ကျနော့်ရဲ့ ကြမ်းတမ်းတဲ့ လက်တွေနဲ့ မခူးဆွတ်ရက်တဲ့ အလှသစ်ဆုံး အနူးညံ့ဆုံး ပန်းကလေး တစ်ပွင့် ........မြတ်နိုးတယ်ဆိုတာထက်
ပိုပြီး မြတ်နိုးရသူ ချစ်တယ်ဆိုတာထက် ပိုပြီးနင့်နင့်နဲနဲ ချစ်ခဲ့ရသူ..ဒီလိုနဲ့ပဲ ကျနော် စကားလုံးတွေ ခုထိဆွံ့အနေ
ခဲ့ရပါတယ် ရတီမြတ်နိုးဆိုတဲ့ကောင်မလေးရယ်..။သူမပုံစံလေးက သန့်ရှင်းပြီး အပြစ်ကင်းတယ်။ ကျနော်အနှစ်သက်ဆုံးကတော့ သူမရဲ့ အဖြူစင်ဆုံးမျက်ဝန်းတွေဖြစ်ပြီး ကျနော် ရင်အခုန်ရဆုံးကတော့ သွေးကြောစိမ်းစိမ်းလေးတွေ ယှက်ဖြာနေတဲ့ သူမရဲ့ ပန်းသွေးရောင်ပါးပြင်နုနုပေါ်က ပါးချိုင့်ကလေးကိုပါပဲ။

ကျနော်အရမ်းချစ်ရတဲ့ အဲဒီ စာကြမ်းပိုးမလေးဟာ ကျောင်းဖွင့်တာနဲ့ အတန်းချိန်မပျက်တက်တတ်သူလေး၊
အတန်းအားချိန်မှာလည်း အတန်းထဲမှာပဲ အေးဆေးစွာ စာကြည့်နေတတ်သူလေး ဖြစ်သည်။
ချစ်သူရယ်...ကျောင်းပိတ်ရက်တွေမှာ ကျနော်တစ်ယောက်ထဲ နေမရထိုင်မရ လွမ်းဆွတ်နေခဲ့ပါတယ်။
ကျောင်းဖွင့်ရက်တွေ မျှော်လင့်ရင်း နေ့ရက်ပေါင်းများစွာကို အလွမ်းတွေနဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ရတာ
ပင်ပန်းလွန်းရဲ့။သူမကို လွမ်းတိုင်း သတိရတိုင်းရေးမိရတဲ့ ကဗျာတွေ ဗလာစာအုပ်နဲ့ အပြည့်။ ကျနော်တစ်ယောက်ထဲပဲ လွမ်းရင်းချစ်ရင်း ခံစားနေတာတွေ သူမမသိခဲ့ပါဘူး။

သူမရဲ့သူငယ်ချင်းတစ်ယောက်က ကျနော့်ကို သတိထားမိသွားသည်။သူမကို ပခုံးချင်းလှမ်းတိုက်ပြီး တစ်စုံတစ်ခု
ပြောလိုက်တာ မြင်သည်။ထို့နောက်တော့ ရှားရှားပါးပါး သူမအကြည့်တစ်စ ကျနော်ထံ လက်ခနဲ လွင့်ပျံလာပါသည်။၁..၂..၃...မျက်ဝန်းချင်းဆုံမိတာ ၃စက္ကန့်ပင် မပြည့်ပါ။သူမအကြည့်မှာ ကျနော်မျှော်လင့်သလို
ချစ်ခြင်းရဲ့ အရိပ်အငွေ့များက မတော်တဆအဖြစ်နှုင့်ပင် စွန်းထင်းမနေခဲ့ပါ။သူစိမ်းတစ်ယောက်ကို ကြည့်လိုက်သလို ဖြူဖြူစင်စင် မျက်ဝန်းတွေနှင့်ဖြစ်၏။တကယ်လည်း သူစိမ်းတွေပါပဲ။ဒါပေမယ့် ကျနော့်ရင်ခုန်သံ
တွေကိုတော့ အတိုင်းအဆမဲ့စေခဲ့ပါသည်။ဖြစ်နိုင်မယ်ဆိုရင် အဲဒီမျက်ဝန်းလေးတွေကို ကျနော် အပိုင်သိမ်းထား
ချင်ပါသည်။သူမလိုချစ်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတစ်ယောက်အတွက်တော့ ဒီအဖြစ်အပျက်ဟာ အင်မတန်ရိုးစင်းပျင်းရိဖွယ်ကောင်းသော အကြောင်းအရာတစ်ခုပင် ဖြစ်လိမ့်မည် ထင်သည်။

ခုမှကျနော်ပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့ ကျနော့်လို ဘ၀တူ ၃၊၄ ယောက်ကိုတွေ့လိုက်ရသည်။
ကျနော့်မျက်နှာတစ်ခုလုံး ဖျင်းခနဲ ဖြစ်သွားသည်။ငါဟာ အများထဲက တစ်ယောက်ဖြစ်နေပြီလား။မဟုတ်ဘူး ငါဟာ အများထဲက တစ်ယောက်မဟုတ်ဘူး။သူမကို လှလို့ချစ်ခဲ့တာမဟုတ်ဘူး ရင်ဘတ်ထဲက အတိအကျလာတဲ့ ရင်ခုန်သံနဲ့ပဲ ရိုးသားစွာချစ်ခဲ့တာ.။ငါ့အချစ်က သန့်ရှင်းတယ်။ကျနော် အတ္တကြီးကာ တွေးနေမိသည်။

'ဟေ့ကောင် ထက်ခေါင် မင်းခုထိဒီနေရာက မရွေ့သေးဘူးလား..အချိန်ဇယားလည်းမကူးရသေးဘူးပေါ့...'
 သူရတို့ နှစ်ယောက်ရောက်လာကြပြီ။

'အင်းဟုတ်တယ် ငါရောက်ကတည်းက ဒီနေရာမှာပဲ..'

'သူရ မင်းကောင်တော့ ရောဂါတော်တော်သည်းနေပြီ အထူးကုနဲ့တောင် နိုင်ပါ့မလား မသိဘူး..'

'မိုးဟိန်းပြောလည်း ပြောစရာပဲ မင်းကလည်း ဒီလောက်ဆိုတော်လောက်ပါပြီ..
လာ အချိန်ဇယားသွားကူးမယ်...လူဆိုတာ အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားသိရတယ် ထက်ခေါင်
မင်းက ကျောင်းသားတစ်ယောက်ပါ မင်းအတွက် ကျောင်းစာက အရေးကြီးတယ်ဆိုတာကို တော့
မေ့မထားနဲ့ပေါ့ကွာ..'

'ငါသိပါတယ်ကွာ လာသွားကြရအောင်..'
စိတ်၏စွဲလန်းခြင်းသည် ကျနော်ခြေလှမ်းတွေကို တန်ချိန်ပေါင်းများအားနဲ့ ဆွဲငင်ထားသလို လေးလံစေသည်။

'လာစမ်းပါကွာ မင်းကလည်း ကျောင်းမပိတ်မချင်း နေ့တိုင်းလာခစားပြီး ငမ်းကြောထလို့ရပါတယ်
သည်းပြမနေစမ်းပါနဲ့'
ကျောင်းအုပ်ကြီးရုံးခန်း၊ကျောင်းသားရေးရာနဲ့စီမံဘဏ္ဍာဌာနတို့သည် ကျောင်းအလည်ရှိ ပင်မ နှစ်ထပ် အဆောက်အဦး ကြီးထဲတွင် ရှိသည်။မျက်နှာစာတွင် ပန်းခြံလေးလုပ်ထားသည်။ကျောင်း၏ တောင်ဘက်ခြမ်းမြောက်ဘက်ခြမ်း စည်းကာကာထားရာ အဆောက်အဦးသည် ကျောင်း၏ မြောက်ဘက်ခြမ်း စည်းရိုးနဲ့ကပ်လျှက်ရှိသည်။ထုံးစံအတိုင်း မြောက်ဘက်ခြမ်းဝင်တဲ့ အပေါက်မကြီးကတော့ သော့ခလောက်အကြီး
ကြီးနဲ့သော့ခတ်ပိတ်ထားတာ အရင်နှစ်တွေက အတိုင်းပင်။ကျနော်တို့ လူဝင်ပေါက်ကလေးကနေ ဖြတ်ပြီးလျှောက်ခဲ့ကြသည်၊ယှဉ်လျှောက်၍ မရသာဖြင့် တစ်ယောက်စီ ၀င်ရသည်။တော်သေးသည်။ ဤအပေါက်တွင် လက်မှတ်စစ်မရှိတာ ကျေးဇူးတင်ရမလိုလိုပါပဲ။

'သူရ ဒီအပေါက်ကြီးကလည်း ဘာလို့ အမြဲပိတ်ထားတာလဲ၊ဖွင့်ထားလိုက်ရင်ပြီးတာပဲ မဟုတ်လား'

'မင်းကဘာသိလို့လဲ မိုးဟိန်း ကျောင်းအုပ်ကြီးက သူ့ရဲ့ဂျစ်ကားအကောင်းစားကြီးကို လာခိုးမှာစိုးလို့ကွ..ညအိပ်ရင်တောင် ကားကိုသစ်ပင်နဲ့ ကပ်ပြီးသံကြိုးနဲ့ချည်အိပ်တယ်ဆိုပဲ....'

'အေးမင်းပြောတာ အများကြီးဖြစ်နိုင်တယ် အင်းငါ့တပည့်ကြီး သူရတစ်နေ့တစ်ခြားတော်နေပါလား'

'ခွေးသား...မိုးဟိန်း..'

'ဗျာ ..ဟုတ်ကဲ့အဖေ..'
အတွေးချင်းတူနေသဖြင့် ကျနော်ပြုံးမိသည်။
ကျနော်တို့အဖွဲ့က ရယ်စရာ အရမ်းပြောတတ်ကြသည်။
စာဖတ်ဝါသနာပါသူများဖြစ်သဖြင့် စာအကြောင်းပေအကြောင်း ငြင်းကြရင်း ရန်ဖြစ်တာလည်း ခဏခဏပါပဲ..။
တခါတလေကျတော့ တစ်ယောက်နဲ့ တစ်ယောက် ဟာသတွေဖောက်ပြီး အများအမြင်ကတ်လောက်အောင် ပွဲကျနေတတ်တာမျိုး။ဒါပေမယ့်ခုချိန်မှာတော့ ရင်ထဲကခံစားချက်တွေကြောင့် ကျနော်ရယ်မောလို့မရ ဖြစ်နေသည်။

'တိတ်လှချည်လားထက်ခေါင် မင်းဟာ လင်းတဘာမီတွန် တိုက်ထားသလိုဖြစ်နေတယ် ပျော်ပျော်နေစမ်းပါ.'

'ငါမပျော်ဘူးလို့မင်းတို့ကို ဘယ်သူပြောလဲ'

'မင်းရဲ့အဲဒီ အီးမှန်ထားတဲ့ မျက်နှာကြီးက ပြောနေတယ်ဟေ့ ရှင်းပြီလား..'

'မင်းတို့ကြိုက်သလို ထင်ကြတော့ကွာ ငါဘာမှ ဖြေရှင်းချက် မထုတ်ပါဘူး..'
နို့တစ်ဘုတ်မှာ အချိန်ဇယားကူးကြသည်။

'ထက်ခေါင် ကူးလေကွာမြန်မြန် ငါတို့ကူးပြီးတာ ကြာလှပြီ။'

'မိုးဟိန်းရေ မင်းကောင် မယားတရူးကို ပြောမနေနဲ့တော့'

'ပြီးပါပြီကွာ..ဒါနဲ့ငါတို့ဘယ်အခန်းလဲ'

'ဟာ သေပါတော့ကွာ မင်းပိုးက မျက်လုံးကိုပါရောက်သွားပြီကိုး ဒီမှာလေ ထိပ်ဆုံးမှာရေးထားတယ် 611 တဲ့ ဟန်လင်းဆောင် အပေါ်ထပ်မှာ။နှာစိတ်တော့ တော်တော်တက်နြေ့ပီ။'

'မင်းတို့နှစ်ကောင်ကလည်း ဒီနေ့တစ်နေ့လုံး ငါ့ကိုပဲ ၀ိုင်းကိုက်နေကြတော့တာပဲ မနက်ကအမည်းရိုးနှစ်ချောင်းပေးခဲ့တာ မ၀ကြဘူးလားကွာ...'

'နှမပေး ဒီကောင်ငြိမ်လားလို့ အောက်မေ့နေတာ လက်စသတ်တော့ မင်းက ချက်ကောင်းစောင့်နေတာကိုး..'

'ခံလိုက်ကြဦး မောင်သူရရေ..
လာကွာ ရွှေယမင်းသွားပြီး တီးလေးဘာလေးသွားမှုတ်ကြရအောင်..။'

'သူရအကြံကောင်းတယ် ဗိုက်ဆာပြီကွာ စမူဆာသုတ်တစ်ပွဲစီ တွယ်မှပဲ'

သူတို့အဖွဲ့ ရွှေယမင်းလက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့ကြသည်။


ထုံးစံအတိုင်း ရွှေယမင်းကတော့ စည်ကားနေလေပြီ။

'အကိုတို့ ဘာသောက်ကြမလဲ..'စားပွဲထိုးလေး က သွက်လက်စွာ လာမေးသညါ။

'စမူဆာသုတ်သုံးပွဲချကွာ။လက်ဖက်ရည်ကတော့ ချိုပျစ်တစ်ခွက်၊ကျဆိမ့်တစ်ခွက်၊ပေါ့ကျတစ်ခွက် ပြီးတော့
နေခြည်ဆေးပေါ့လိပ်တစ်ပွဲချပေးဦး။'

'သုံးမိနစ်ပဲစောင့် အကို.....'

'ခုဝိုင်းကိုတော့ ဒီနေ့ရောက်တဲ့ကောင်က ရှင်းရမယ်နော်'

'ရပါတယ် နောက်ရက်တွေကျတော့ မင်းတို့အလှည့်ပေါ့..ဟုတ်ဘူးလား..'
 သူရ မျက်နှာကြီး ရှုံ့မဲ့သွားလေသည်။

'ထားပါတော့ ငါအခု စကားအတည်ပြောတော့မယ်'

'အောင်မာ ကြီးကြီးကျယ်ကျယ်သူရရယ် မင်းပြောသလိုဆို အစောက ငါတို့ပဲ စကားကို ရီဟာဇယ်ပြောနေကြသလိုလို..'

'မဟုတ်ဘူးလေ မိုးဟိန်း ငါဆိုလိုတာက ရယ်စရာအပြောင်အပျက်တွေ မပြောဘဲ ဘ၀အတွက် အရေးကြီးတဲ့
အကြောင်းအရာတွေဆွေးနွေးမယ်လို့ ပြောတာ'

'လုပ်စမ်း သူရ မင်းကတော့ အစွမ်းပဲ'

'ထက်ခေါင် မင်းလာနောက်မနေနဲ့ နောက်ချင်ပြောင်ချင်ရင် ဇာတ်ထဲလိုက်သွားမုံရွာမြို့မှာဇာတ်အဖွဲ့တွေ အများကြီးရှိတယ်။
ခုငါပြောမယ့် အကြောင်းအရာမှာ မင်းက အဓိကဇာတ်ကောင်ပဲ' သူရက ကျနော့်ကိုလက်ညှိုးထိုးရင်းပြောသည်။

'ဘာဆိုင်လဲဟ'

'ဆိုင်တယ်ကိုယ့်လူ သိပ်ဆိုင်တယ်..ခုဆိုရင်ငါတို့သူငယ်ချင်းတွေ အတူလက်တွဲလာတာ နှစ်နှစ်ကျော်လို့ သုံးနှစ်ထဲ ရောက်လာပြီ။ငါတို့တစ်ယောက်မှ ရည်းစားမထားဘဲ ဖြတ်သန်းခဲ့ကြရာမှာ ပထမဆုံး ပြောင်းလဲသွား
တာမင်းပဲ.။'

'မိန်းကလေးတစ်ယောက်ကို ချစ်မိတာ အပြစ်ရှိတယ်လို့ဆိုလိုချင်တာလား..'

'စကားကိုဆုံးအောင်နားထောင်စမ်းပါကွာ..'

'အေးလေ မင်းကလည်းဒီကောင်ပြောတာဆုံးအောင်နားထောင်စမ်းပါဦး..'

'ငါတို့နှစ်ယောက်မနက်က ဆွေးနွေးပြီး မင်းကို ပြောဖို့သဘောတူပြီးသား'

'အင်းပေါ့လေ နှစ်မဲတစ်မဲဆိုတော့လည်း ငါအေးအေးဆေးဆေးနားထောင်ရမှာပေါ့'

'ငါတို့မင်းကို အပြစ်မတင်ပါဘူး။လူပဲ သွေးနဲ့ကိုယ်သားနဲ့ကိုယ် နှလုံးသားရှိတယ် ခံစားချက်ရှိတယ်။
လူတိုင်းချစ်တတ်ကြတာပဲ..အချစ်ဆိုတာနဲ့ပတ်သက်ပြီးငါတို့မင်းကို ဘာမှမပြောလိုပါဘူး။
ငါတို့ကတော့ခုထိ တွေ့လည်းမတွေ့သေးသလို ကိုယ်တိုင်လည်းခံစားနားမလည်နိုင်သေးပါဘူး။
ဒါပေမယ့် ငါတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းကိုတော့ အချစ်နဲ့ပတ်သက်ပြီး နာကြင်မှုတွေ အသည်းကွဲတာတွေ
မခံစားစေချင်ဘူးပေါ့ကွာ။'

'အဲဒီတော့မင်းတို့က ငါ့ကို ဘယ်လိုလုပ်စေချင်တာလဲ..ငါက အဲဒီလောက်မနုဘူးဆိုတာမင်းတို့သိတာပဲ
ပြီးတော့ ကလေးလည်းမဟုတ်ပါဘူး..'

'မဟုတ်သေးဘူးသူငယ်ချင်း ငါပြောမယ်
ဒီလိုကွာ..ခုမင်းဖြစ်နေတဲ့ပုံစံကို ကြည့်တာနဲ့ မင်းအပေါ်ယံပါးပါးလေး ခံစားနေတာမဟုတ်ဘူးဆိုတာ ငါတို့သိတယ် မင်းတကယ်လေးလေးနက်နက်ကြီးဖြစ်နေတာ'

'အဲဒါတော့ငါဝန်ခံပါတယ်..ငါခုလိုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူး' သူရိုးသားစွာ ၀န်ခံလိုက်သည်။

'အေးအဲဒါပြောတာပေါ့ ငါတို့ကတော့ မင်းကို ဒီလောက်ကြီးထိ ခံစားမထားစေချင်ဘူး
ဘာဖြစ်လို့လဲဆိုတော့ အဲဒီကောင်မလေးက ရတီမြတ်နိုးဖြစ်နေလို့ပဲ'

'ရတီက အရမ်းအေးပါတယ် မာယာများမယ့်ပုံလည်းမရှိပါဘူး
သူ့ပုံစံလေးကြည့်တာနဲ့ သူ့ရဲ့ဖြူစင်မှုကို ငါယုံတယ်'

'ငါတို့လည်းလက်ခံပါတယ်...ဒါပေမယ့်သူက အရမ်းပေါ်ပြူလာဖြစ်နေတယ်။
သူကိုကြိုးစားနေတဲ့ကောင်တွေ အများကြီးပဲ။မင်းကိုနှိမ်တာတော့ မဟုတ်ဘူး။
မင်းတဲ့သာတဲ့ပြိုင်ဘက်တွေအများကြီး ပါတယ်..
ခုမင်းလုပ်နေတဲ့ ပုံက ချောင်းကြည့်ပြုံးပြန်ဆိုတာလိုမျိုးဖြစ်နေတယ်..'

'ငါက သူ့ကို ခုလိုမြတ်မြတ်နိုးနိုးကြည့်နေရတာလေးနဲ့ကို ကျေနပ်တယ်..'

'အေး သူများနောက်ပါသွားတော့လည်းမင်း ဒီလိုပဲ မြတ်မြတ်နိုးနိုးကြည့်နေပေါ့ကွာ..'

'ဟာ မင်းတို့ကလည်း မဦးမချွတ်ကွာ..'

'မိုးဟိန်းပြောတာ မှန်တယ် မင်းလက်နှေးနေရင်တော့ အသည်းကွဲဖို့ တစ်ရာရာခိုင်နှုန်းအထက်ပဲ'

'ငါလက်သွက်တော့ရော သူကငါ့ကို ပြန်ချစ်ပါ့မလား..။ငါကသူမချစ်မှာထက် သူမုန်းသွားမှာပိုစိုးတယ်'

'မင်းအရင်တုန်းက စိတ်တွေဘယ်ရောက်သွားတာလဲ...နွဲ့မနေစမ်းပါနဲ့ကွာ.
စစ်မရောက်ခင် မြားကုန်မနေနဲ့ထက်ခေါင် မင်းဟိုစကားပုံကြားဖူးတယ် မဟုတ်လား'

'ကြောက်ရင်လွဲ ရဲရင် မင်းဖြစ်ဆိုတာလေ..ချစ်တယ်လို့ဖွင့်ပြောရမှာ မင်းရဲ့ အဓိကတာဝန်ပဲ..ချစ်တယ် မချစ်ဘူးအဲဒီထဲက အဖြေတစ်ခုတော့မင်းရမှာပဲ'

'မင်းရဲ့ကြိုးစားမှုနဲ့သူ့ရဲ့မေတ္တာတရားတစ်ခုအပေါ်မှာပဲ အများဆုံး မူတည်တယ်။
ဟိုစကားလိုပေါ့ကွာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့ရှိတယ်ဆိုတာလေ..'

'အေးကွာ မင်းတို့ပြောတာ ဟုတ်တယ် ငါသူ့ကို ဖွင့်ပြောဖို့ ကြိုးစားလိုက်ဦးမယ်'

'ကြိုးစားမယ်တွေဘာတွေ လုပ်မနေနဲ့ ဒီတစ်ပတ်ထဲပဲ ဖွင့်ပြောလိုက်တော့..အချစ်နဲ့ရထားနဲ့က နောက်ကျသွား ရင် အဆင်မပြေဘူး'

'တစ်ခုတော့ရှိတယ်နော် ..အကောင်းဆုံးတွေကို မျှော်လင့်နေသလို အဆိုးဆုံးတစ်ခုအတွက်လည်း ပြင်ဆင်ထားရမယ်..။တခါတခါကျတော့ လောကကြီး က ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်ခွင့်မပေးတတ်ဘူး.'

'မင်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ကွာ'

ကောင်မလေးရေ အချစ်ဆိုတာ နှလုံးသားထဲ သိမ်းဆည်းထားသင့်တဲ့ အမှတ်တရ ပစ္စည်းတစ်ခုလား။ ဒါမှမဟုတ် ဖွင့်ဟ၀န်ခံရမယ့် သက်သေပြချက် တစ်ခုလား ငါ့ကိုယ်ပြောစမ်းပါချစ်သူ။
သေချာတာတစ်ခုကတော့ အချစ်ဆိုတာ ရိုးသားရမယ်လို့ ငါယုံကြည်တယ်။

ဆေးလိပ်မီးခိုးတွေနဲ့အတူ ကျနော့် အတွေးတွေ မှုံလဲ့ေ၀၀ါးနေပါသည်။

'ထက်ခေါင် မင်းဒီလောက်စိတ်မညစ်ပါနဲ့။ငါတို့မင်းအစွမ်းအစကို ယုံပါတယ်။
မင်းကြိုးစားရင်အဆင်ပြေမှာပါ'

'ဟုတ်တယ်ထက်ခေါင် သူရပြောသလိုငါလည်းယုံတယ်
မင်းက လိုချင်စိတ်တွေနဲ့ဆိုတော့ ပူပူလောင်လောင်ခံစားမိမှာပေါ့'

'ငါတို့ကတော့ လိုချင်တာအများကြီးမရှိသေးတော့ အပူလည်းသိပ်မရှိသေးဘူးပေါ့ကွာ။ငါတို့ကတော့
အောက်စီဂျင်တွေ လွတ်လွတ်လပ်လပ်ရှူနေခွင့်လေးကိုပဲ ကျေနပ်တယ်။သူများနှာခေါင်းပေါက်နဲ့ မရှူမိဖို့တော့လိုတာပေါ့။'

ကျနော့်ခေါင်းထဲ အသိတစ်ခုလင်းလက်သွားသည်။ဟုတ်တယ် ငါက ပေးဆပ်ဖို့အတွက်လည်း ချစ်နိုင်ရမှာပေါ့။

'မိုးဟိန်း မင်းရဲ့ခုပြောတဲ့စကားလုံးအတွက် ငါကျေးဇူးထပ်တင်ပါတယ်ကွာ။ငါသိသွားပြီ ရတီကို ဘယ်လိုချစ်ရမယ်ဆိုတာ..'

'အဲဒါဆို တို့လည်းလစ်ကြတာပေါ့..'
အတွေးကိုယ်စီနဲ့ တိတ်ဆိတ်စွာပဲ ကျနော်တို့ပြန်ခဲ့ကြသည်။မိုးနံ့တွေသင်းနေလိုက်တာများ ခုချက်ချင်းများ
ရွာချတော့မလားထင်ရရဲ့။စိုချင်လျှက်လက်တို့မို့ ရွာစမ်းပါ မိုးရယ်။ကျနော်က မိုးမိမှာ မကြောက်တတ်တဲ့ လူငယ်လေးတစ်ယောက်ပါ..


လေထုထဲမှာ ၀တ်မှုံရနံ့တွေ တသောသောလွင့်မျော မွှေးပျံ့လျှက်ပါပဲ။သေချာမှုတစ်ခုကို ပေးအပ်လိုက်ဖို့အတွက် ကျနော်မျက်လုံးတွေ မနက်အစောကြီး နိုးထနေခဲ့ပါသည်။ဆိုင်ဆိုင်မဆိုင်ဆိုင် အဆောင်က မထွက်ခင် ဘုရားရှိခိုးပြီး ဆုတစ်ခုတော့တောင်းလိုက်သေးသည်။

သစ္စာရှိလှသော ကျနော့်ဖိနပ်များသည် ကျနော်ကို ချစ်သူရှိရာသို့ ပျံသန်းခေါ်ဆောင်သွားနေလေသည်။
လျှောက်နေကျလမ်းတွေကလည်း ဒီနေ့ကျမှ ကြီးကျယ်ခန်းနားနေသလိုလို၊သစ်ရွက်တွေကလည်း အရင်နေ့တွေကထက် စိမ်းမြတောက်စို နေကြရဲ့။သစ်ရွက်ခံသံများကတော့ သရဲကထဲက တီးလုံးသံလိုမျိုး
တရှဲရှဲနဲ့ ကျနော့်ရင်ခုန်သံတွေကို ခြောက်လှန့်နေလေသည်။
အချစ်ကိုယ်လာခဲ့ပြီ...(တကိုယ်လုံး)..မင်းအတွက် အလှဆုံးနှင်းဆီတစ်ပွင့်ကို ရင်ဘတ်မှာစိုက်ပျိုးလို့ ကိုယ်လာခဲ့ပါပြီ..။

သူမအဆောင်ရှေ့ခတ်လှမ်းလှမ်းမှာရပ်စောင့်နေရင်း ကျနော်ရင်ခုန်သံတွေ ခုန်ပေါက်ပြေးလွှားနေလေသည်။
မှော်ဆရာလှပ်လိုက်မယ့် ပ၀ါစကို စောင့်ကြည့်နေတဲ့ ကလေးငယ်တစ်ယောက်လိုမျိုး ကျနော် သူမအဆောင်တံခါးပေါက်ကလေး ပွင့်အလာကို ခြောက်ခြားစွာ စောင့်နေမိသည်။
ဂျလောက်...နားထဲမှာ ကြိမ်နှုန်းမြင့်မားစွာ ကျယ်လောင်မြည်ဟီးသွားသည်ထင်ရဲ့။
တံခါးအပွင့်မှာ ပထမဆုံးထွက်လာတဲ့ ကတ္တီပါဖိနပ် အနက်ရောက်တောက်တောက်လေးပေါ်က ၀င်းမွတ်နေတဲ့
ခြေဖမိုးဖောင်းဖောင်းလေးကို မြင်လိုက်တဲ့ခဏမှာပဲ သူမဆိုတာ အတိအကျသေချာသွားပါပြီ။
ညင်သာတဲ့လှုပ်ရှားမှုနဲ့ ယုံကြည်စွာလျှောက်လာတဲ့ သူမရဲ့လှပတဲ့ ခြေလှမ်းတွေဟာ ကျနော်နှလုံးသားကို နင်းဖြတ်ဖို့ ရွေ့လျားလာနေပါပြီ..

'ရတီ...' အသံနည်းနည်းတော့ တုန်သွားမည်ထင်သည်။
ဖြတ်ခနဲမော့ကြည့်လိုက်တဲ့ ခတ်လက်လက် မျက်ဝန်းတစ်စုံအောက် ကျနော် သုံးစက္ကန့်လောက် ဖျားနာသွားပါသည်။

'ရှင်ဘာလာနှောက်ယှက်တာလဲ..'

'ရတီတစ်ယောက်တည်းလား..'

'ရှင်ဘယ်နှစ်ယောက်မြင်လို့လဲ..' သူမက အသံစွာစွာဖြင့် ရန်တွေ့တော့သည်။

'မဟုတ်ပါဘူး ခါတိုင်းဆို သူငယ်ချင်းတွေပါလို့လေ..'

'ရှင် ဘယ်ထိလိုက်နှောက်ယှက်မှာလဲ..ကျမခုလိုရှင်နဲ့ တွဲပြီးလမ်းလျှောက်ရတာသိက္ခာကျတယ်..'

'ကျနော် ရတီကို စကားနည်းနည်းပြောစရာရှိလို့ပါ အဲဒါပြောပြီးရင် ပြီးပါပြီ..'

'ဘာလဲ ရည်းစားစကားပြောမလို့လား..အဲဒါဆိုရင်တော့ ဆောရီးပဲ ..ကျမရှင့်ကိုစိတ်မ၀င်စားဘူး
ပုံစံကိုက တောသားလိုလို စာရေးဆရာလိုလို အူကြောင်ကြောင်နဲ့..
ရှင့်အချစ်က ကျမအတွက် ဘာမှအသုံးမကျဘူး..အသိအမှတ်လည်းမပြုနိုင်ဘူး..'

ကျနော်သူမကို မယုံကြည်နိုင်အောင် ကြည့်နေမိသည်။
ဘာကြောင့် ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်မလေးဆီက နူးညံ့တဲ့စကားလုံးထွက်မလာတာလဲ။
ပြီးတော့ ကျနော်အချစ်တွေကို သူမဘာကြောင့်များစော်ကားရတာလဲ..။ကျနော်ဝမ်းနည်းသွားမိသည်။

'ရှင်ဘာကြည့်နေတာလည်း ကျမသွားတော့မယ်.'

'နေပါဦးရတီ ရတီပြောချင်တာတွေပြောပြီးပြီပဲ ကျနော်ပြောတာလေးတော့ ကျေးဇူးပြုပြီးနားထောင်ပေးပါ'

'မြန်မြန်ပြောရှင် ကျမအတန်းတက်ရဦးမယ်..'

'ဒီတစ်ခါထဲပါ နောက်ဆိုကျနောဒီလိုမျိုး နှောက်ယှက်မှာမဟုတ်တော့ပါဘူး...'
 သူ့ရင်ဘတ်ထဲမှာ မြိုသိပ်ထားသမျှ စကားလုံးတွေ ပွင့်အံကျလာသည်။

'ဒီမှာရတီ ကျနော်ရတီကို ချစ်ခဲ့တာဝန်ခံပါတယ်။အခု ရည်းစားစကားပြောဖို့လာခဲ့တယ်ဆိုတာလည်းဝန်ခံပါ
တယ်..။
ကျနော့်အချစ်တွေကို ရတီလက်ခံတာ လက်မခံတာ ရတီရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုတစ်ခုပါ..။
ဒါပေမယ့် ရတီရယ် ကျနော့်အချစ်တွေကိုတော့ မစော်ကားပါနဲ့ရတီရယ် ကျနော်တောင်းပန်ပါတယ်... အမှန်အတိုင်းဝန်ခံရရင် ရတီစကားလုံးတွေကြောင့် ကျနော်အရမ်းဝမ်းနည်းရပါတယ်..။
ကျနော်က အချစ်ကိုပဲ နူးညံ့သိမ်မွေ့စွာ တန်ဖိုးထားခံစားတတ်တဲ့ကောင်ပါ။ရင်ထဲမှာ သူ့အလိုလို ဖြစ်တည်ရှင်သန်လာတဲ့ အဲဒီအချစ်ကို ကျနော်ဖျက်ဆီးမပစ်ရက်ဘူး။ဖျက်ဆီးလို့လဲမရနိုင်ပါဘူး။'
စကားလုံးတွေ ရပ်တန့်မရ ရေတံခွန်လို စီးဆင်းနေကြသည်။

'အချစ်အပေါ်မှာ လောဘတက်မိတဲ့ကျနော်ဟာ ချစ်သူကို ပိုင်ဆိုင်ဖို့ကြိုးစားမိခဲ့တာကိုလည်း ရိုးသားတဲ့လောဘလို့ ကျနော်လက်ခံထားတယ်။ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ်။အဲဒီကိစ္စက သဘာဝပါ။ကျနော် ရတီကို စိတ်ချမ်းသာစေချင်တယ် ရတီဘ၀မြင့်မားအောင်မြှင့်တင်ပေးချင်တယ် ရတီပျော်နေတာကိုပဲ မြင်ချင်နေခဲ့တဲ့လူပါ။'

သူမက ကျနော့်ကို စိုက်ကြည့်နေသည်။ကျနော်ကလည်း ရပ်တန့်လို့မရတော့တဲ့ စကားလုံးတွေကို ဆက်ပြောနေဆဲ။
'ချစ်သူကိုပိုင်ဆိုင်ဖို့ကြိုးစားခြင်းကတော့ အချစ်ရဲ့ရှုထောင့်ကကြည့်ရင် ကျနော်မမှားပါဘူးရတီရယ်။
ကျနော် ရတီကို အရမ်းချစ်တယ်။ကျနော်ကြိုးစားခွင့်ရှိသေးတဲ့ အချိန်ထိ ကျနော် ကြိုးစားနေဦးမှာပဲ။
စိတ်ချပါရတီရယ် ရတီစိတ်ဆင်းရဲတယ်ဆိုရင် ကျနော်ရတီနဲ့ဝေးဝေးကနေပဲ ကြိုးစားပါ့မယ်..
ကျနော်ပြောချင်တာ အဲဒါပဲ ခုလိုနားထောင်ပေးတဲ့အတွက်လည်း ကျနော်ရတီကို အမြဲကျေးဇူးတင်နေမှာပါ
ရတီ စိတ်ချလက်ချသွားပါ..'
 စကားတွေအကြာကြီး ပြောပြီး ကျနော် ရင်ဘတ်ရောနှလုံးသားရော အတော် မောသွားသည်။

'ရှင်က တော်တော်စကားတတ်တာပဲ စာရေးဆရာလုပ်ပါ့လား'

သူမလေသံတွေပြောင်းလဲသွားသလိုပါလား ကျနော်မမျှော်လင့်ရဲ့ပါ။

'ကျမကိုသွားခွင့်ပြုပါဦး..'

သူမဟာ တိမ်တိုက်တစ်ခုလိုပဲ ကျနော့်ရှေ့မှ ထွက်ခွာသွားပါပြီ..။
ကျနော်လည်း ပေါ့ပါးစွာ ထွက်ခဲ့သည်။သို့သော် နှလုံးသားကတော့ ကျနော်နဲ့အတူ ပါမလာတော့ပါ။
ခုန်ပေါက်လှုပ်ရှားနေခဲ့တဲ့ နှလုံးသားနဲ့ ယောက်ယက်ခတ်နေတဲ့ ကျနော်ဟာ ချစ်သူရှေ့မှာပဲ မယုံနိုင်လောက်အောင် စကားတွေ အများကြီး ပြောထွက်သွားခဲ့သည်။အဲဒါဘာကြောင့်လဲ။
ပထမတော့ ကျနော်ဟာ သူမဆီက အချစ်ကို လိုချင်တဲ့ဆန္ဒတွေနဲ့ စိုးရိမ်ခြောက်ခြားခဲ့ရသည်။
နောက်တော့ ကျနော်ဟာ ပေးဆပ်ခြင်းဆိုတဲ့ အချစ်နဲ့ချစ်မယ်ဆိုတဲ့ စိတ်ကြောင့် တည်ငြိမ်သွားသည်။
ဒါဟာကျနော်ရဲ့စစ်မှန်တဲ့ ချစ်ခြင်းတစ်ခုများလား.။

နေလုံးသည်အရှိန်အဟုန်ပြင်းစွာ တဖြည်းဖြည်း မြင့်တက်လာနေသည်။ကောင်မလေးရေ နေမြင့်လေအရူးရင့်လေးဆိုတာ ငါများဖြစ်နေပြီလား။ကျနော့်ရင်ထဲမှာတော့ အေးမြလတ်ဆတ်သော အချစ်သည်
နူးညံ့ယဉ်ကျေးစွာ တေးဆိုနေလေသည်။

ချစ်ခြင်းတန်ခိုးကြောင့်များလားမသိ လောကကြီးသည် သာယာလှပလွန်းတယ်လို့ ခံစားရသည်။
မနက်ခင်းတိုင်းမှာ လွင့်ပျံ့နေလာမယ့် စံပယ်ရနံ့တွေကို ငါမြတ်နိုးစွာ မျှော်လင့်နေမှာပါ ကောင်မလေးရယ်။
ရုတ်တရက် မိုးသားတွေ ဆွတ်ဆွတ်ပျံ့ ပျံ့ ရွေ့လျားလာနေကြသည်။ကောင်မလေးရေ မိုးတွေရွာလို့ ငါ့ဘေးနားမှာ မင်းထီးလာမိုးပေးရင် ဘယ်လောက်ကောင်းမလဲ.။

မိုးစက်တွေ တဖြည်းဖြည်း ကျနော်ပေါ်ရွာကျလာသည်။ရွာစမ်းပါ မိုးနတ်မင်းကြီးရယ် အချစ်တစ်ခုကို မြတိနိုးစွာ
ဂုဏ်ပြုရင်း ကျနော်ရိုးသားစွာ မိုးရေချိုးပါမည်။



နောက်ရက်များလည်း ရေတမာလေးအောက်မှာ လူငယ်တစ်ယောက်ဇွဲကောင်းစွာ ရပ်တန့်ငေးမောနေဆဲပါ။

တစ်လခန့်ကြာသောအခါ ကျနော်ထံသို့ စာတစ်စောင်ရောက်လာပါသည်။
စာပို့သူနာမည်ကို ကျနော်ဖတ်ကြည့်လိုက်သည်။

ကျနော့်မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ အရိပ်တစ်ခုကို ကျေးဇူးပြုပြီး မမြင်ချင်ယောင်ဆောင်ပေးကြပါ။

ရင်ခုန်လွန်းစွာနဲ့ စာအိပ်ကို ဖွင့်နေတဲ့ ကျနော့်လက်တွေ တုန်ရင်နေခဲ့တာကိုလဲ ဘယ်သူ့ကိုမှ မပြောကြပါနဲ့။

ဟော စာလေးတစ်စောင်ထွက်လာပြီ။

သို့/
ရိုးသားစွာချစ်တတ်သော ကောင်လေးရယ်
ကျမလည်း ရှင့်အချစ်ကို
ရိုးသားစွာ လက်ခံလိုက်ပါတယ်။
ရိုးသားတဲ့အချစ်တစ်ခုကို မြတ်နိုးတဲ့....

ရတီမြတ်နိုး

ကဲ............ဘယ်လောက် ရင်ခုန်စရာကောင်းပြီး ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ ကောင်မလေးလဲဗျာ...

ပြီးပါပြီ။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment