Thursday, September 30, 2010

ကစားမလားနားမလား

ညအခါ လသာသာ
ကစားမလား နားမလား...ကလေးတယောက်ရဲ့ စာကျက်သံ ကျနော့်နားထဲ ရောက်လာတယ်။
လသာတဲ့ညတွေကတော့ များလှပါသည်။
ဒါပေမယ့် လပြည့်ညကိုတော့ ကျနော်တို့ဟာ တနှစ်မှ ၁၂ ကြိမ်ပဲ မြင်ခွင့်ရပါသည်။အသက် ၆၅နှစ် နေရသောသူကတော့
အကြိမ် 780 ကြည့်ခွင့်ရှိနိုင်ကောင်းရဲ့။ဝိုင်းဝိုင်းစက်စက်ကြီး ပြည့်နေတဲ့ လမင်းကို တကမ္ဘာလုံးကလူတွေ တပြိုင်နက်ထဲ
ကြည့်ချင်ကြည့်နေကြပေလိမ့်။သို့သော် ခံစားချက်တွေ ခြားနားကြလိမ့်မည်။
ညအခါ လသာသာ
ကစားမလား နားမလား...ဒီစာကြောင်းလေးတွေနဲ့ ကျနော် နှစ်ပေါင်းများစွာ ရင်းနှီးနေခဲ့သည်။
ုကြားတိုင်းလဲ လသာသာထဲမှာ ပြေးဆော့နေတဲ့ ကလေးတွေကိုပဲယောင်မြင်မိသည်။ကျနော်တို့
ငယ်ငယ်က ဦးကြီးဝင်းတို့အိမ်ဝိုင်းကျယ်ကြီးထဲမှာ ရွာကသူငယ်ချင်းတွေနဲ့ ဆော့ခဲ့ကြတာကိုပဲ
အမှတ်ရနေမိသည်။အဲဒီစာကြောင်းတွေရဲ့ အဓိပ္ပာယ်ကိုတော့ တခါမှ စဉ်းစားမကြည့်ခဲ့ဖူးပါ။ခုမှ
တွေးကြည့်သည် တွေးလေအဓိပ္ပာယ်ပိုရှိလာလေ ဖြစ်ရသည်။
ညအခါ လသာသာတဲ့ လသာတဲ့ညက မြင်ကွင်းထဲ လှပစွာစီးဆင်းလာသည်။လရောင်သည် အေးမြသည်၊ပြီးတော့
အဲဒီချစ်စရာကောင်းတဲ့လမင်းကိုလဲ တစိမ့်စိမ့် စိုက်ကြည့်၍ ရသေးသည်။လရောင်ကချစ်စရာကောင်းသလို
လသာညတွေက ပန်းချီကားတွေလို နှစ်သက်စရာကောင်းသည်။ကဗျာဆန်သည်။
သို့သော် အဲဒီလရောင်သည်မမြဲပေ။ဆုတ်ယုတ်နေ၏။တရက်ပြီးတရက် စောင့်ကြည့်နေဆဲမှာပဲ လမင်းဝိုင်းဝိုင်းကြီးဟာ
တဖြည်းဖြည်းပိန်ပိန်လာပြီးပျောက်ကွယ်သွားပြန်သည်။
ပြီးတော့ အလင်း...လရဲ့အလင်း...ဘယ်အရာကိုမှ ထင်းထင်းလင်းလင်း မမြင်နိုင်.။လရောင်အောက်တွင်
အရာရာအားလုံးဟာ ဝိုးတဝါးနိုင်လှ၏။တခါတရံ အရိပ်တွေ အမှောက်အတိကျခြင်းတွေနဲ့လည်း ပြည့်နက်နေတတ်၏။
လရောင်ကအေးမြလှတယ၊အလင်းရှိတယ်ဆိုပြီး ကလေးငယ်သည် ချွေးတဒီးဒီးကျအောင် ပြေးလွှားဆော့ကစားလေသည်။
ပျော်ချင်တာပဲသိတဲ့ကလေးငယ်သည် မောပန်းနေပြီ၊ပင်ပန်းနေပြီ ဟူ၍ မတွေးမိပေ။နေရိပ်ကအေးမြပေမယ့် လရိပ်ကကြတော့
ကြောက်မက်ဖွယ်ကောင်းပါသည်။
အပျော်လွန်အပြေးလွန်ပြီး အရိပ်အမှောင်ထဲရောက်မှ ခလုတ်ကိုလဲမမြင်၊ဆူးတွေခြုံတွေကိုလဲမမြင်၊ချောက်ကိုလဲမမြင်
ဒုက္ခရောက်ကြရသည်။ထို့ကြောင့် လရောင်နဲ့ကစားတဲ့ကလေးတွေ သတိထားစေဖို့ နားနားနေနေ ဆော့ဖို့ ကဗျာလေးက
ဆုံးမနေပါသည်။
ကျနော်တို့လူ့ဘဝဆိုတာလဲ ဒီလိုပါပဲ။ဘာမှရေရေရာရာမရှိတဲ့ အနာဂတ်တွေအတွက် စမ်းတဝါးဝါး လျှောက်လှမ်းရင်း
ွှအဲဒီဘဝကြီးကိုပဲ သာယာလှပြီလို့ ထင်မှတ်နေတတ်ကြသည်။အပျော်လွန်နေတဲ့ အချိန်ကျမှ ဘဝရဲ့ အမိုက်မှောင်၊အခက်အခဲ
တွေနဲ့ ကြုံတွေ့ရတတ်သည်။အဲဒီအချိန်ကျမှ ဘာမှပြင်ဆင်မထားခဲ့တဲ့ဘဝမှာ လူကပန်းစိတ်ကပန်း လဲကျသွားတတ်ကျပေ၏။
အဲဒီလို အခက်အခဲတွေကြုံတဲ့အခါ၊ပင်ပန်းတဲ့အခါ လဲကျမသွားအောင် နားနားနေနေနေတတ်ဖို့၊အရာရာမှာကြိုတင်ပြင်ဆင်ဖို့
လိုအပ်လှပါသည်။ဘဝမှာ ငွေရယ်၊ကျန်းမာရေး၇ယ်၊ပျော်ရွှင်မှု၇ယ် ၃မျိုးစလုံးပြည့်စုံမှ တကယ်သာယာပြည့်စုံတဲ့ဘဝတွေကို
ပိုင်ဆိုင်နိုင်ကြမှာဖြစ်လေသည်။
ငွေအတွက ပင်ပင်ပန်းပန်းရှာတဲ့အချိန်၊ကျန်းမာရေးတွက်အားကစားချိန်နဲ့နားချိန်၊သူငယ်ချင်းအပေါင်းအသင်းတွေမိသားစုနဲ့
ပျော်ရွှင်ချိန်စသည်ဖြင့်
မိမိခန္ဓာကိုယ်နဲ့စိတ်ကို သူနေရာနဲ့သူအချိန်ပေးသင့်ပေသည်။ ခန္ဓာအတွက်
အစာစားပေးရသလို စိတ်အစာအတွက် စာများများဖတ်ပေးရပေမည်။
လောကဆိုတဲ့ ကစားကွင်းကြီးထဲမှာကစားတဲ့ခါအောင်မြင်အောင်ကစား နားတဲ့အခါ စိတ်လွှတ်ကိယ်လွှတ်ပျော်ရွှင်စွာ
အနားပေးသင့် သည်။
လမင်းကြီးက ထိန်ထိန်သာဆဲ....
ညအခါလသာသာ
ကစားမလားနားမလား...ကလေးငယ်ရဲ့ စာကျက်သံ ကျနော်နားထဲ ပျံ့လွင့်ဆဲ...
သြော်....ယနေ့ညအဖို့ ကျနော်လည်း အနားယူ အိပ်စက်ရဦးမည်။

သတ္တဝါအားလုံးအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေ


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment