Wednesday, September 29, 2010

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၆)

အပိုင်း (၅) မှ အဆက်

“သောက်ကွာ ဒေါင်းကြီး ခံစားချက်တွေကို ဒါနဲ့ကုစားလိုက်ပေါ့..”

“ချီးယား..အမြန်ဆုံး ပြန်ပြီး အဆင်ပြေပါစေ..”

နှစ်ယောက်ထဲဆိုတော့ ၀ိုင်းလေးက ခါတိုင်းလိုတော့ မစည်ဘူးပေါ့..
နှစ်ယာက်သား စကားပြောရင်း ဖြေးဖြေးပဲဆွဲ ဖြစ်သည်။

”ငါ့က မင်းကို အဆင်ပြေမယ်ထင်နေတာကွ..”

“ငါအကဲခတ်ရသလောက် ဆန်နီလည်းမင်းကို သဘောကျနေတယ်လို့ထင်တယ်..”

“တခါတလေ သူမင်းကို ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ သံယောဇဉ် အရိပ်တွေ ငါမြင်ရတယ်..”

“မင်းကပွဲကြမ်းလိုက်တာကိုး....”

“အေးကွာ ငါလည်းဘယ်လိုဖြစ်သွားမှန်းမသိဘူး...”

“မင်းတော်တော်ပြန်ကြိုးစားရမယ်ထင်တယ်..”

“သူလည်းတော်တော်ရှက်သွားရှာမှာပေါ့ကွာ..”

“သူငိုသွားတာမြင်တော့ ငါ့ရင်ထဲမှာ အရမ်းခံစားရတယ်ကွာ..သူကျေနပ်တဲ့ထိ ငါတောင်းပန်မယ်..”

“ကဲသိပ်ကြီးလည်း ၀မ်းနည်းမနေပါနဲ့ အချိန်တန်တော့ အဆင်ပြေသွားမှာပေါ့..”

“ကဲချကွာ..”

နှစ်ယောက်သား စကားတစ်ပြောပြောနဲ့ တစ်ပြားကုန်သွားသည်.
ဂူဂဲကတော့ ထုံးစံအတိုင်း စကားပေါလာသည်။
တခါတခါ အစမရှိအဆုံးမရှိ သီချင်းထထအော်သေးသည်။
ကျနော်လည်း တော်တော်မူးနေပြီ..
ဒါပေမယ့် မျက်ရည်တွေနဲ့ ချစ်သူမျက်နှာလေးက ခုထိကျနော်မျက်လုံးထဲက ထွက်မသွားသေးပါ..

“ဂူဂဲ ထပ်ချဦးမလား”

“တော်တော့ ဒေါင်းကြီး များရင်မကောင်းဘူး ..”

“ဒီလောက်ဆိုအတော်ပဲ တော်ကြာအဆောင်မှူးသိသွားလို့ အဆူခံထိနေဦးမယ်...”

“ကိုမျိုးရေ ရှင်းမယ်ဗျို့..”
“အေး အေး ငါ့ညီတို့ကောင်းကောင်းပြန်ကြနော်..”

“အဆောင်ရောက်မှ ထပ်ဆွေးနွေးကြပေါ့ကွာ..”

“ဒေါင်းကြီးလည်း ပေါ့ပေါ့ပါးပါးနေပါငါ့ညီရယ်...”

“ဒီကောင်က မင်းသားကိုမျိုးရ နုတယ်..ဟား ဟား.”

“မောင်နုလေ...”

“သွားပြီကိုမျိုးရေ..”

ကောင်းကင်မှာတော့ `လ`ကွေးကလေးက ခတ်ရေးရေးလေးသာနေသည်...ကျောင်းလမ်းမကြီးက
တိတ်ဆိတ် အထီးကျန်ဆန်လွန်းလှရဲ့...ဂစ်တာတီးသွားကြတဲ့ ကျောင်းသားတွေနဲ့
ဘောလုံးပွဲကြည့်တဲ့ ကျောင်းသားအနည်းငယ်ကလွဲရင် အရာရာတိုင်းဟာ အိပ်မောကျနေလေ၏။

ချစ်သူရဲ့အဆောင်ရှေ့ကဖြတ်လျှောက်တော့ သူမလေးအိပ်ပျော်နေမလား...သူမရှိရာအခန်းလေးဖက်ဆီ
လှည့်ကြည့်ဖြစ်သေးသည်..။

“အရမ်းဝမ်းနည်းမနေနဲ့လေကွာ ထပ် try ပေါ့..”

“အချစ်စစ်အချစ်မှန်တို့ရဲ့လမ်းက မဖြောင့်တန်းဘူးဆိုပဲ..အားမလျော့နဲ့ ပေါ့..”

“ငါမနက်ဖြန်ပဲသူ့ကိုတောင်းပန်ချင်တယ် ငါ့ကိုအတွေ့ခံပါ့မလားတောင် မသိဘူး...”

“သူ အဲလောက်မရိုင်းလောက်ပါဘူး...”

အဆောင်ရှေ့ကိုရောက်မှန်းမသိ ရောက်လာကြသည်။
ဂူဂဲကတော့ မူးမူးနဲ့ တခေါခေါ အိပ်ပျော်သွားသည်။

ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နဲ့ မျက်လုံးတွေက ဘယ်လိုမှ ကြိုးစားအိပ်လို့မရ...
နေခြည်ဆေးပေါ့လိပ်ကလေးကို မီညှိကာရှိုက်ဖွာလိုက်ပစ်လိုက်တယ်..
ပြီးတော့ စာကြည့်စာပွဲမှာ ထိုင်ရင်း ကဗျာတွေရေးနေမိသည်..

`သမီး ကိုကျော်သူ့ကို အရမ်းမုန်းတာပဲ´သူ့မရဲ့အသံက နားထဲမှာတ၀ဲလည်လည်ပြန်ကြားယောင်နေရသည်။

မီးခိုးက သက်ပြင်းတွေနဲ့အတူ အခန်းထဲမှာလွင့်ဝဲနေလေရဲ့..
`သားရယ် သားနဲ့မတဲ့တဲ့ အဲဒီဆေးလိပ်တွေ အရက်တွေကို မသောက်ပါနဲ့နော်..
မေမေလည်းမကြိုက်ဘူး ဘုရားလည်းမကြိုက်ဘူး ပတ်ဝန်းကျင်ကလည်းမကြိုက်ဘူး..
မေမေကတော့ ငါ့သားလေးရဲ့ ကျန်းမာရေးကြောင့် ပြောရတာပါ။

“ငါသားလေးကို သက်တန်းစေ့ နေစေချင်တယ် သားလေးရယ်..”

“မေမေရယ်ခွင့်လွှတ်ပါဗျာ ...”
ခေါင်းကိုမော့ပြီး သက်ပြင်းတွေနဲ့အတူ မီးခိုးငွေ့တွေထပ်ပြီး
မှုတ်ထုတ်ပစ်လိုက်သည်။ ရင်ထဲမှာ မောလျရီဝေနေ၏။
ချစ်သူရယ် ဒီတိုင်းသာ ခံစားနေရရင် ကျနော်မြန်မြန်သေသွားနိုင်ရဲ့...

တညလုံးမျက်လုံးတွေ ကြောင်နေခဲ့သမျှ မိုးလင်းခါနီးကျမှ မှေးခနဲ အိပ်ပျော်သွားရသည်..။

ကပိုကရိုနဲ့
လှုပ်ရှားလိုက်တိုင်း
မျက်နှာတစ်ခြမ်းကို
ဖုံးအုပ်သွားတတ်တဲ့
မင်းရဲ့ဆံနွယ်စလေးတွေကို
ရင်ခုန်တယ်
စကားလုံးပြိုကျလာတော့မလိုလိုနဲ့
ဘာအသံမှ ထွက်ကျမလာတတ်တဲ့
နှုတ်ခမ်းတစ်စုံကလည်း
ရင်ကိုရူးသွပ်စေတယ်
ကောင်မလေးရယ်
ကြင်နာရိပ်တွေ လွှမ်းနေတဲ့
မင်းရဲ့မျက်ဝန်းတွေကြောင့်ပဲ
ငါခုလို
ရပ်တည်နေနိုင်တာပါ
ငါတစိမ့်စိမ့်ကြည့်လို့မ၀ခဲ့တဲ့
မင်းရဲ့ အနွေးထွေးဆုံး အပြုံးလေးကို
ခဏလောက်ပြုံးလိုက်စမ်းပါ
ငါ့မှာအဲဒီအပြုံးလေးတွေနဲ့
ဖြေသိမ့်နေရတယ်

၁၀

လရောင်ရေးရေးလေးက ခန်းဆီးစလေးတွေကို ဖြတ်သန်းပြီး အခန်းထဲကို ဖျော့ဖျော့လေးကျနေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့..။ရမ္မာဝတီအဆောင်လေးနဲ့အတူ အဆောင်သူတွေလည်း အားလုံး အိပ်မောကျနေပါပြီ။သို့ပေမယ့် ဆန်နီရွှန်းလဲ့ဆိုတဲ့ ကျမကတော့
ခုထိအိပ်မပျော်နိုင်သေးပါ။

မန္တလေးကို ချစ်ပေမယ့် မန္တလေးမှာသူမအတွက် ပျော်ရွှင်ခြင်းတွေဆိတ်သုန်းခဲ့ရသည်။အဲဒါကြောင့်လဲ ဖေဖေ့ညီမတွေရှိတဲ့မုံရွာကျောင်းကို ပြောင်းဖြစ်ခဲ့သည်။ ဒါပေမယ့် လွတ်လတ်မှုကို
သဘောကျတဲ့ ကျမက အန်တီလေးတို့နဲ့မနေချင်ပါ။

အဲဒါကြောင့်လည်း အမျိုးသမီးဆောင်မှာပဲ ငှားနေဖြစ်သည်။အန်တီလေးတွေကတော့
အဆောင်ကိုခဏခဏလာတတ်သည်။
လာတိုင်းလည်း စားစရာတွေ အများကြီးယူယူလာပေးသည်။ဒီအဆောင်လေးမှာ
နေရတာအစစအရာရာ အဆင်ပြေပါသည်။

မန္တလေးကို ချစ်ပေမယ့် မန္တလေးမှာသူမအတွက် ပျော်ရွှင်ခြင်းတွေဆိတ်သုန်းခဲ့ရသည်။အဲဒါကြောင့်လဲ ဖေဖေ့ညီမတွေရှိတဲ့မုံရွာကျောင်းကို ပြောင်းဖြစ်ခဲ့သည်။ဒါပေမယ့် လွတ်လတ်မှုကို သဘောကျတဲ့ ကျမက အန်တီလေးတို့နဲ့မနေချင်ပါ။

အဲဒါကြောင့်လည်း အမျိုးသမီးဆောင်မှာပဲ ငှားနေဖြစ်သည်။အန်တီလေးတွေကတော့
အဆောင်ကိုခဏခဏလာတတ်သည်။လာတိုင်းလည်း စားစရာတွေ အများကြီးယူယူလာပေးသည်။ဒီအဆောင်လေးမှာ နေရတာအစစအရာရာ အဆင်ပြေပါသည်။
တချက်တချက်တိုက်ခတ်လိုက်တော့ လေတွေကအေးစိမ့်နေသည်။ကျမက အေးတဲ့ရာသီဥတုကိုသဘောကျသလို အရမ်းအအေးကြိုက်သူ ဖြစ်ပါသည်။ဆောင်းရာသီနှင်းတွေကျပြီဆို
ကျမအရမ်းပျော်တတ်၏။ကျမအနှစ်သက်ဆုံးကတော့ မနက်စောစော နှင်းမှုန်တွေကြားမှာ ထပြီးပြေးရတဲ့ အရသာပဲဖြစ်သည်။ဘယ်လောက်အေးအေး ဆောင်းရာသီဆိုရင်ပြူတင်းပေါက်တွေဖွင့်ပြီးမှ အိပ်တတ်တာ အကျင့်တစ်ခုလိုဖြစ်နေသည်။
အဲယားကွန်းထက် သဘာဝလေးအေးကို ပိုပြီးနှစ်ခြိုက်သည်။အဲဒါကြောင့် မေမေ့ရဲ့အဆူခံရတာ ခဏခဏ..။
`ဒီကလေးလေးဟာဆိုရင်လေ ဒီလောက်အေးတာကို
ပြူတင်းပေါက်ဖွင့်မအိပ်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး.။တော်ကြာအအေးမိနေမှ ခက်မယ်.။´
မေမေဘယ်လိုပဲပြောပြော
ကျမကတော့ အမြဲတမ်းပဲ ပြူတင်းပေါက်တွေဖွင့်ပြီးမှ အိပ်တတ်ခဲ့သည်။
လသာတဲ့ဆောင်းညတွေမှာဆိုရင် အိမ်ပြူတင်းပေါက်ကနေ ဟိုးအဝေးဆီက
ခတ်ရေးရေးလေးမြင်နေရသည့် မန္တလေးတောင် ကြီးကို နှင်းတွေကြားမှာကြည့်ရတာ အရမ်းသဘောကျ၏။နှင်းတွေတဖွဲဖွဲကျနေတဲ့အောက်မှာ ငြိမ်သက်စွာစီးဆင်းနေတဲ့
ဧရာဝတီမြစ်ကြီးကလည်း ကျမကို ရင်ခုန်စေပါသည်။ မန္တလေးဆောင်းညတွေကို လွမ်းလွန်းလှရဲ့..။
ဆောင်းရဲ့မြူခိုးတွေနဲ့ တဖွဲဖွဲကျနေတဲ့ နှင်းစက်တွေကို ငေးကြည့်ရတဲ့ အရသာက
ကျမရင်ထဲမှာ ဘာနဲ့မှနှိုင်းလို့မရခဲ့။

ခုလည်းသူမ အဆောင်ပြူတင်းဝကနေ အပြင်ကိုငေးကြည့်နေမိသည်။ဘယ်လိုပဲ ကြိုးစားအိပ်ပေမယ့်မရ။
စာကြည့်တော့လည်း စိတ်မ၀င်စား။ဘယ်လိုမှ အာရုံစိုက်လို့မရ။
အတွေးတွေက ရင်ထဲမှာပြည့်နက်နေသည်။မြင်ကွင်းသည်
လဲ့ရီဆွေးပြစေ၏။ရမ္မာဝတီအဆောင်သည် ခြံဝင်းကျယ်ကြီးအလယ်
တွင်ရှိသည်။ကြီးမားကျယ်ပြန့်သော ခြံဝင်းကြီးထဲတွင် နှစ်ထပ်ဆောင်နှစ်ဆောင်
ယှဉ်ဆောက်ထားခြင်းဖြစ်သည်။

မျက်နှာစာဖက်တွင် ဂျီတီစီလမ်းဟောင်းကြီးရှိသည်။မုံရွာနည်းပညာကျောင်းလေးသည်
မုံရွာမြို့၏ မြောက်ဘက် ရေဦးလမ်းထွက် အလုံမြို့မရောက်ခင်
မြို့သစ်ရပ်ကွက်လေးတွင်ရှိ၏။ ပေလမ်းမကြီးကနေ ကျောင်းကို သွားသည့် လမ်းမကြီး
၂ခုရှိသည်။လမ်းဟောင်းနှင့်လမ်းသစ်ဟု ခေါ်ကြသည်။ရမ္မာဝတီဆောင်သည် လမ်းဟောင်းလမ်းမကြီးဘေးတွင် ဆောက်ထားခြင်းဖြစ်သည်။အဆောင်၏ဘေးတစ်ဖက်တစ်ချက်တွင် လမ်းသစ်နှင့်ဆက်ပေးထားတဲ့ လမ်းသွယ်လေးတွေရှိသေးသည်။
အဆောင်ရှေ့ ကွက်လပ်ကြီးအလယ်မှာ ဥယျာဉ်ကလေးလုပ်ပေးထားသည်။နေ့လည်နေ့ခင်း
ပူအိုက်တဲ့အချိန်အဲဒီဥယျာဉ်လေးထဲမှာ ကျောင်းသူတွေ အေးအေးလူလူ စာကြည့်နိုင်အောင်
ခုံတန်းလေးတွေနဲ့ လုပ်ပေးထားခြင်းဖြစ်သည်။
အရမ်းစည်းကမ်းကြီး၏။ည ၈ နာရီကျော်လျှင် အဆောင်သူအားလုံးကို အပြင်ထွက်ခွင့်
မပေးပါ။
အဆောင်မှူးအန်တီကြီးက စည်းကမ်းကြီးသလို သဘောပြည့်ဝသူဖြစ်သည်။သူသတ်မှတ်ထားတဲ့ စာကြည့်ချိန်ပြည့်လျှင် သူငယ်ချင်းတွေ အဆောင်မှာ ဂစ်တာလာတီးတာကို နားထောင်ခွင့်
မုန့်ကျွေးခွင့်ပေးသည်။အတွဲတွေကိုတော့ လုံးဝ ထွက်မတွေ့ရပါ။မုးရူးသောင်းကြမ်းတဲ့ အဖွဲ့တွေဆိုလျှင် သူကိုယ်တိုင်ထွက်ပြီးအော်လွှတ်သည်။ကောင်းကောင်းမွန်မွန်လာတီးတဲ့ အဖွဲ့တွေကိုတော့ တခါတရံသူစိတ်ပါလျင် အသုတ်တောင်သုတ်ကျွေးလိုက်သေးသည်။ဈေးနည်းနည်းကြီးတာကလွဲလျှင်
အစစအရာရာအဆင်ပြေသောအဆောင်ဖြစ်ပါသည်။ခြံအလယ်တည့်တည့်မှာတော့
ခရေပင်ကြီးရှိသည်။
ခရေပန်းတွေပွင့်နေပြီဆိုလျှင် အမြဲမွှေးပျံ့နေတတ်သည်။
လရောင်အောက်တွင် ဥယျာဉ်ကလေးသည်လည်း ငြိမ်သက်စွာ အိပ်မောကျနေ၏။
နှင်းတွေက တဖွဲဖွဲ ကျဆင်းနေလေသည်။ညသည် အေးစိမ့်လက်ပြနေ၏။
သို့သော် ဒီညတော့ သူမညရဲ့အလှပအပကို မခံစားနိုင်ပါ။
ရင်ထဲမှာဝမ်းနည်းနေမိသည်။ပြန်တွေတိုင်းရင်ခုန်ရသလို ၀မ်းနည်းနေရတုန်းပဲ။
သူနဲ့ဆုံခဲ့ရတဲ့နေ့ကလေးကို ခုထိရင်ထဲမှာ အမှတ်ရနေဆဲ..။
အဲဒီနေ့က သူမက သူ့ကိုဆိုင်ကယ်နဲ့ မတော်တဆတိုက်မိခဲ့သည်။
ဆိုင်ကယ်လဲသွားပြီးနာကျင်လို့ ငိုမိတဲ့အချိန်မှာပဲ သူ့ရဲ့နွေးထွေးတဲ့မျက်ဝန်းတွေနဲ့ ကျမဆုံဆည်းခဲ့ရတာပါ။

ရေမြောင်းလေးထဲက ရွံ့တွေပေကြံနေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အကြည့်ဟာ
သူမရင်ကို ညင်သာစွာ စီးဝင်လာခဲ့သည်။
သူ့ပုံစံလေးက ရိုးရိုးသားသားလေး..။အလယ်မကျ ဘေးမကျခွဲထားတဲ့လှိုင်းတွန့်ဆံပင်တွေက နဖူးပေါ်ဖရိုဖရဲကျနေ၏။မည်းနက်တဲ့ မျက်ခုံးတွေကလည်း ထင်းနေသည်..။နှာတံပေါ်ပေါ်နဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်းတွေကလည်း ဆွဲဆောင်မှုရှိသည်။

အညာသားပီပီ အသားက ညိုချင်သလိုလိုရှိသည်။ယောက်ျားပီသသော အရပ်အမောင်းနဲ့မွန်ရည်သောကောင်လေးဟာ ချောတယ်လို့မဆိုနိုင်ပေမယ့် ဆွဲဆောင်မှုတစ်ခုတော့ရှိနေသည်။ဆွဲဆောင်မှုအရှိဆုံးကတော့သူ့ရဲ့နွေးထွေးနူးညံ့ပြီးဖြူစင်တဲ့မျက်ဝန်းတွေပဲဖြစ်သည်။ဘယ်ယောက်ျားကိုမှ စေ့စေ့မကြည့်ခဲ့ဖူးတဲ့ ကျမရင်ထဲ ထိုကောင်လေးရဲ့ ပုံစံလေးကစွဲကျန်သွားသည်။

ရှက်လိုက်တာ။မျက်ဝန်းလေးဆုံလိုက်ရသည့် အခိုက်အတန့်လေးမှာပဲအဲဒီကောင်လေးက
ကျမရင်ထဲ အရှိန်ပြင်းစွာ ၀င်ရောက်လာခဲ့သည်တဲ့.။

`ဖြစ်ရဲ့လား ကျနော့်လက်ကိုဆွဲထလိုက်လေ´ဂရုဏာလွှမ်းတဲ့အသံနဲ့
လမ်းမပေါ်လဲနေတဲ့ကျမဆီသူ့လက်ကမ်းလိုက်တောကျမရှက်ရွံ့စွာပဲ သူ့လက်ကိုဆွဲပြီးထမိလိုက်သည်။ကောင်လေးရယ် ကျမရင်တွေခုန်လိုက်တာရှင်..။

နည်းနည်းလေးကြမ်းရှနေတဲ့ သူလက်ဖ၀ါးတွေက နွေးထွေးလွန်းနေသည် ထင်ရဲ့..။မမြင်နိုင်တဲ့ အင်အားတွေကသူလက်ဖ၀ါးဆီမှ ကျမဆီ စီးဝင်လာသလို..။ရင်ထဲမှာ အားကိုးစိတ်လေးတွေ လှိုက်ခနဲ
ဖြစ်ထွန်းသွားရသည်။

b.tech 2nd year ထိ တစ်ခါမှရင်မခုန်ဖူးခဲ့ အေးစက်ငြိမ်သက်နေခဲ့တဲ့ နှလုံးသားဟာ သူ့ရဲ့နူးညံ့တဲ့ မျက်ဝန်းတွေအောက်မှာပဲ ရင်ခုန်နွေးထွေးတတ်ခဲ့သည်။
အဲဒီလူသားတစ်ယောက်ဟာ ထူးဆန်းစွာပဲ ကျမတို့မေဂျာကကျောင်းသားတစ်ယောက်ဖြစ်နေခဲ့သတဲ့..။

ထူးဆန်းလွန်းတဲ့ ကံတရားရယ် ရှင်ဟာ ကျမရဲ့ ဖူးစာရှင်များလားရှင်ရယ်..အတွေးနှင့်ပင် ကျမရင်ခုန်လှိုက်မောမိရဲ့..

ဒီလိုနဲ့ သူနဲ့ကျမသူငယ်ချင်းတွေဖြစ်ခဲကြသည်..။ရိုးသားပွင့်လင်းတဲ့ သူငယ်ချင်းသစ်တွေကြောင့် မုံရွာကျောင်းလေးဟာ ကျမအတွက်တော့ ပျော်ရွှင်ဖွယ် အတိပါပဲ..

ဘာအကူအညီပဲလိုလိုမငြင်းတတ်တဲ့ကောင်လေးဟာ ကျမအနားမှာ အမြဲရှိနေတတ်တဲ့
ကောင်လေးနဲ့ကျမဟာ ပိုပြီးရင်းနှီး ခဲ့ရသည်။သူမျက်ဝန်းတွေထဲက မရိုးသားတဲ့အရိပ်အေ၇ာင်တွေ
ကိုရိပ်မိတာကြာပါပြီ..။ဘယ်နေ့မှာများဖွင့်ပြောမလဲလို့ အတွေးနဲ့ ရင်ခုန်ရတာက စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းရဲ့..။

ရင်ထဲမှာ သူ့အတွက်အဖြေကလည်း အဆင်သင့်ပါပဲ..။ကောင်လေးက ကျမထက် အသက် ၂နှစ်ပိုကြီးတော့ ကို လို့ပဲရင်ထဲကနေ ရှက်ရွံ့စွာပဲ တိတ်တခိုးခေါ်မိသည်။
“ကို”ရယ်
ကို့အကြောင်းတွေတွေးတိုင်း ရင်ခုန်ရှက်သွေးဖြာရသည်။

ဒါပေမယ့်ကိုရယ် ကျမတို့ဇာတ်လမ်းက အဖြစ်နိုင်ဘူးဆိုတာ ကြိုသိနေခဲ့တော့
ရင်ထဲမှာ အမြဲဝမ်းနည်းရပါတယ်..။
ကျမမှာ ကိုမသိတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်ကိုရယ်။
မုံရွာကိုပြောင်းခဲ့ရတယ်ဆိုတာလည်း အဲဒီအကြောင်းတွေကြောင့်ပါပဲ..

အမှန်တော့ ကျမတို့မိသားစုဟာ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းမှ
စက်ရုံပိုင်ရှင်မျိုးရိုးတွေဖြစ်ပါတယ်..
စည်းကမ်းအစဉ်အလာ အရမ်းကြီးတဲ့ မိသားစု တစ်ခုလည်းဖြစ်သည်။



ဆက်ရန်
လင်းဝေ

No comments:

Post a Comment