Wednesday, September 29, 2010
ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၅)
အပိုင်း (၄) မှ အဆက်
“ဂူဂဲရာ ငါဆည်းဆာကို ဒီနေ့ပဲ ဖွင့်ပြောလိုက်တော့မယ်..”
“အဲဒါကောင်းမယ်ထင်တယ်ကွာနော်..”
“သောက်ကျိုးနဲ....မင်းရူးနေလား မင်းကဖွင့်မပြောဘဲနဲ့ ဟိုက ကိုကိုကျော်သူရယ် ကျမရှင့်
ကို အရမ်းချစ်နေရပါတယ်ရှင်လို့ သေတောင်လာမပြောဘူးကွာ သိလား...”
“မင်းဖွင့်ပြောသင့်နေတာ ဟိုးဘိုးတော်ဘုရားလက်ထက်ကတည်းကပဲ”
“ မြန်မြန်ပြော လောကကြီးမှာ သေတာတစ်ခုပဲ နောက်ကျလို့ကောင်းတာဟ ငတုံးရ...”
“ အေး မင်းပြောတာလည်း ဟုတ်တာပါ”
ဒီတခါတော့ ဂူဂဲ ပြောတာကို သူ အပြည့်အ၀ ထောက်ခံမိသည်။
“လှသောမိန်းကလေးသည် ရဲသောယောက်ျားလေးတွေအတွက်တဲ့ မှတ်ထား”
“ရည်းစားစကားတစ်ခွန်းတောင် အဖြစ်ရှိအောင် မပြောရဲတဲ့ကောင်ကို ဘယ်မိန်းကလေးက
လာကြိုက်မှာလည်း.”
“အေးပါကွာ”
“ကြိုက်မရှက်၊ငိုက်မရှက်၊ငတ်မရှက်တဲ့ ကြိုက်ရင်မရှက်ရဘူး
ချစ်ရင် မကြောက်ရဘူး...”
“မင်းနဲ့ငါတော့မလွယ်ဘူး မင်းက အူတူတူနဲ့ ငါက လောလော..လောလော
နဲ့ မင်းငါ့နဲ့နေရင် ခဏခဏအငေါက်ခံရဖို့ပြင်ထားပေတော့..”
“မင်း ငေါက်လည်း ခံရမှာပဲ သူငယ်ချင်းရာ”
“ငါသတ္တိရှိပါတယ်ကွာ သူ့အတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရပါ..”
“သူ့ဘ၀လေးကို စောင့်ရှောက်ချင်တယ် ..”
“သူ့ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဟိုလီဗီးနဲ့ လက်ဝှေ့ယှဉ်ထိုးရမယ်
ဆိုလည်း ထိုးရဲတယ်..”
“သူအတွက် ငါချမ်းသာအောင် ကြိုးစားမယ်..ဒါပေမယ့် ငါ့ကို သူမုန်းတီးနာကြည်း
သွားမှာ၊သူငါ့ကို မခင်တော့မှာကိုလည်း ငါကြောက်တယ်ကွာ.”
ဂူဂဲက သူပြောသမျှကို ပြုံးစိစိနဲ့ နားထောင်နေသည်။ မတတ်နိုင်ဘူး ဒီလိုရင်ဖွင့်မှလည်း သူရင်ထဲ ပေါ့သွားမှာပဲလေ။
“ခုလို သူငယ်ချင်းတစ်ယောက်လို သူ့အနားမှာနေပြီး သူလိုအပ်တာလေးတွေဖြည့်ဆီးပေးနေရတဲ့
ဘ၀လေးကိုလည်း ငါသာယာစွဲလန်းနေမိတယ်..ဖွင့်ပြောလိုက်မှ..”
“ဟိုးထား....shut up your very very big mouth ”
“ဆက်မပြောနဲ့ မလှုပ်နဲ့ လေမလည်နဲ့အသက်မရှူနဲ့
နားရွက်မခတ်နဲ့ မျက်လုံးမမှိတ်နဲ့ အမြီးမယမ်းနဲ့ ..”
ဂူဂဲ ထအော်လိုက်သဖြင့် ဒေါင်းကြီး ပြောလက်စ တိုးလို့တန်းလန်း ရပ်သွားရသည်။
“ဒီမှာဒေါင်းကြီး.. မင်းယောက်ျားပဲ do or die ပေါ့ကွာ.ချစ်ရဲမှတော့ အသည်းကွဲမှာ တွေးကြောက်နေလို့ မရဘူး..”
“လူတိုင်းကို ချစ်တဲ့သူရဲ့အချစ်ကို ရရပါစေ့မယ်လို့ ဟောဒီစကြာဝဠာကြီး က အာမခံမထားဘူး..”
“အသည်းကွဲတယ်ဆိုတဲ့ ဝေါဟာရ၊ ပြီးတော့အသည်းကွဲသီချင်းတွေဟာလည်း အားအားယားယား
ဖြစ်လာကြတာ မဟုတ်ဘူး”
“မင်းကြောက်နေရင် မင်းနောက်ကျသွားမယ်..”
”သူကတခြားဘဲနဲ့ ကြိုက်သွားရင်ရော မင်းဒီလို မစားရအညှော်ခံ လုပ်နေဦးမှာလား.”
“ငါ့စကားရိုင်းသွားရင် ခွင့်လွှတ်ကွာ..မင်းကို ဒီထက်ပိုပြီး မခံစားစေချင်လို့ပါ..တော်ပြီကွာ`
မင်းကြိုက်သလို လုပ်ငါဝင်မပါတော့ဘူး..”
“အဲလိုတော့ မလုပ်ပါနဲ့ကွာ ငါဒီနေ့ပဲ ဖွင့်ပြောမှာပါ..ဒါပေမယ့် ဟို..ဟိုလေ..သူ့ကိုတစ်ယောက်ထဲ
ဘယ်လိုခေါ်ထုတ်ရမလဲ ဟင်...”
“construction company က ကရိန်းမှာပြီး ခေါ်ထုတ်ဟေ့..”
“ကြာတော့ ငါတင်းလာပြီနော် သဲမွန်တို့ အိသွယ်တို့အဖွဲ့နဲ့ ကြိုပြီးတီးလုံးတိုက်ထားပေါ့ကွ
ဒီငတိမတွေ အဲလောက်တော့ အထာနပ်ပါတယ်..”
“ အေး မင်းပေးတဲ့ အကြံကောင်းတယ်ကွ”
“ဒေါင်းကြီးရာ မင်းခေါင်းထဲ ဘာတွေထည့်ထားတာလည်းကွာ..”
“မင်းက တကယ့်အချစ်နဲ့ နဖူးတွေ့ဒူးတွေ့မတွေ့ဘူးတော့ ဘယ်ကိုယ်ချင်းစာနိုင်မှာလည်း ဂူဂဲရာ..”
“မင်းတနေ့ ချစ်တတ်လာမှပဲ ငါ့ထက်ခံနိုင်ရည် ရှိပါစေကွာ..”
“ငါတော့ အေးဆေးပဲ ငါဝါသနာပါတာကလွဲရင် ဘာကိုမှသိပ်ဂရုစိုက်တဲ့ကောင်မဟုတ်ဘူး”
“မိန်းကလေးတွေကို ငါရေးတဲ့ကဗျာလေးတစ်ပုဒ်လောက်တောင် ချစ်လို့မရဘူး ဟေ့ကောင်ရေ..”
“လာကွာလစ်ကြစို့ အတန်းသွားတက်ရအောင်..”
နှစ်ယောက်သား တိတ်ဆိတ်စွာပင် ကိုယ့်အတွေးနဲ့ကို လမ်းလျှောက်လာကြသည်။
ရေတမာပင်တန်းကလေးတွေနဲ့ ဝေစည်စိမ်းမြနေသည့် ကျောင်းအ၀င်လမ်းကလေးသည်
ကျနော့်ရင်ဘတ်ထဲမှာ အမြဲအေးမြစိမ်းလက်နေလိမ့်မည် ထင်ရဲ့...။
ချစ်သူရယ် မင်းမုန်းရင်လည်းမုန်းတော့ ငါဖွင့်မပြောဘဲ မမြိုသိပ်နိုင်တော့ဘူးကွယ်..။
“ဂူဂဲ....”
“ဒေါင်းကြီး..”
နှစ်ယောက်သား ပြိုင်တူခေါ်လိုက်မိကြသည်။
“မင်းကလဲကွာ ငါခေါ်မှ ခေါ်ရသလား..”
“မင်းကရောဘာထူးလို့လဲ အတူတူသရေပဲ..”
“ကဲ မင်းပဲ အရင်ပြောပါ..ငါသဲမွန်တို့အဖွဲ့ကို သွားပြီးပထုတ်ခဲ့မယ်..”
“မင်းကပြောရမယ့်စကားတွေ စဉ်းစားထားပေါ့ ဟုတ်ပြီလား..”
“ငါကလဲ မင်းကိုအဲဒါ အကူအညီတောင်းမလို့ပဲ..”
“တော်စမ်းပါကွာ...”
“အဲဒါကြောင့် ဂဲကြီးကိုအားကိုးရတာ..မင်းကျေးဇူးကို မမေ့ပါဘူးကွာ...”
“အပိုတွေကွာ..ကဲငါလစ်ပြီ.”
ဂူဂဲက တခါတခါ ဆရာကြီးလုပ်ချင်တာကလွဲရင် စိတ်ရင်းလေးကတော့ မဆိုးပါဘူး။ ခုလည်း တက်ကြွစွာ ထွက်ခွာသွားလေသည်။
၉
တမာပင်အောက်က ခုံဝိုင်းကလေးမှာထိုင်ရင်း သူစဉ်းစားနေမိသည်။
”ဘယ်လိုစပြောရရင် ကောင်းမလဲ..”
“ဆန်နီငါနင့်ကို ပြောစရာရှိတယ်...ရိုးပါတယ်ကွာ...
ဆန်နီမှာ ရည်းစားရှိလားဟင်..မဟုတ်သေးဘူး
အင်တာဗျူးသလိုဖြစ်နေတယ်..”
“အင်း သူ့လက်ကလေးကို ဖမ်းကိုင်လိုက်မယ်..ပြီးမှတစ်လုံးချင်း ချစ်တယ်လို့ပြောလိုက်မယ်..”
“ကိုကျော်သူ...”
သူဘယ်လောက်ကြာအောင် တွေးနေမိသည်မသိ။ ရုတ်တရက် ခေါ်သံကြောင့် လန့်သွားရသည်။
“ဗုဒ္ဓေါ.....ဟာ ဆန်နီရယ်လန့်သွားတာပဲကွာ..”
“ခစ်..ကိုကျော်သူက ပြုံးပြုံးကြီးနဲ့ တစ်ယောက်တည်း ဘာတွေတွေးနေလည်းမှ မသိတာ..”
“ဆန်နီရောက်နေတာကိုတောင် မသိဘူး..”
“သြော်..အင်း..ဘာရယ်လို့မဟုတ်ပါဘူး..ဟိုလေ..ဒီလိုပါ..”
“အောင်မလေး ရှုတ်နေတာပဲ သူများမှ မသဲမွန်တို့ကို အတွေ့လို့ စိတ်ညစ်နေလို့ပါဆို..”
“သဲမွန်တို့ မရှိကြဘူးလား..ဘယ်သွားကြလို့ပါလိမ့်...”
မသိချင်ယောင်ဆောင်ပြီး သေချာအောင် ထပ်မေးလိုက်သည်။
“အို.. ဘယ်သူက သူ့ကို လိမ်ပြောနေမှာကျနေတာပဲ..”
နှုတ်ခမ်းလေးစူပြီး ပြောပုံလေးက ရင်ထဲကို မုန်တိုင်းတွေ တစ်ခုပြီးတစ်ခုဖြစ်ထွန်းစေ၏။
“အဲသလို မဟုတ်ပါဘူး ဆန်နီရယ် မနက်က သူတို့အဖွဲ့ကျောင်းလာတာ မြင်မိသလားလို့ပါ..”
“ဒီနေ့အတန်းလည်း မရှိဘူးလေ..”
“ဟုတ်လား..အဆောင်ပြန်ရမှာလည်း ပျင်းစရာကြီး ..”
“အဲဒီမသဲမွန်တို့ကလည်း ဘယ်သွားကြမှန်း
မသိဘူး သမီးကို တစ်ယောက်တည်း ပစ်ထားရက်ကြတယ်..”
မျက်နှာလေးကလည်း ငိုမဲ့မဲ့နဲ့ ..ကလေးဆန်လွန်းပြီး ချစ်စရာကောင်းလွန်းတဲ့ ချစ်သူလေးကို
ကျနော်ငေးစိုက်ကြည့်နေမိသည်..။ဇင်ယော်တောင်မျက်ခုံးလေးနှစ်ခုကြားမှ စင်းကျနေတဲ့
နှာတံကလေး ပြီးတော့ချစ်စရာအကောင်းဆုံး နှုတ်ခမ်းဖူးဖူးလေး...
မျက်ဝန်းလေးတွေကလည်း စိုလဲ့ဝင်းတောက်လို့..ကုတ်ဝဲဆံပင်လေးတွေက ကပိုကရို
ဝဲကျနေသေးသည်။
ဝင်းပနူးညံ့တဲ့ပါးပြင်ရဲရဲလေးနှစ်ဖက်ပေါ်မှ ကဗျာဆန်ဆန် ပါးချိုင့်ကလေးနှစ်ဖက်..
ကျနော်မျက်စိထဲမှာတော့ သူမဟာ ဘုံကြိုးပြတ်လာတဲ့ နတ်သမီးလေးပါပဲ...
“ဟာ..ကိုကျော်သူ သူများကို ဘာလို့အဲလောက်ကြီးစိုက်ကြည့်နေတာလဲ..”
“ဘာမှန်းလည်း မသိဘူးတော့ မနေတတ်ပါဘူး...”
မျက်နှာလေးရဲကာ သူမရှက်သွားသည်။
“ဆန်နီက အရမ်းချစ်စရာကောင်းတာပဲ..သေချာကြည့်လေ ပိုပြီးချစ်စရာကောင်းလေပဲ..”
“အဲဒါကြောင့်ကြည့်မိသွားရတာပါ..”
“ကိုကျော်သူကလည်း ဘာတွေပြောနေမှန်းမသိတော့ဘူး သမီးတကယ်ရှက်လာပြီ..”
“တကယ်ပြောတာပါ ဆန်နီကအရမ်းလှတာပဲ ...”
“ကိုယ်လေ..... ဆန်နီကိုအရမ်းချစ်တယ်....”
ရင်ထဲက မျိုသိပ်ထားတဲ့ စကားတခွန်းက သူ့နှလုံးသားဆီကနေ ရုန်းကန်ပြီး ထွက်ကျလာသည်။
“အမှန်တိုင်းဝန်ခံရရင် စတွေ့တဲ့နေ့တုန်းကပဲ ချစ်ခဲ့မိတာပါ...ဆန်နီရယ်..”
“ကိုယ့်ကို စိတ်မဆိုးပါနဲ့နော် ..ပြီးတော့ကိုယ့်ကို မမုန်းပါနဲ့နော်...ဆန်နီမုန်းသွားရင် ကိုယ်..တကယ်
ရူးသွားနိုင်တယ်...”
ပြောပြီးမှ ချစ်သူ မုန်းသွားမှာလည်း စိုးရိမ်သွားမိရသည်။
“ဟာ...တော်ပြီ ဘာတွေမှန်းလည်း မသိဘူး ဆန်နီသွားတော့မယ်..”
သူမကလှည့်ထွက်သွားမည် ပြုသည်။
အဲဒီအချိန်မှာ မထင်မှတ်ဘဲ သူမရဲ့လက်ကလေးကို လှမ်းဆွဲလိုက်မိသည်။
သူ့ရင်ခုန်သံတွေက အမြင့်ဆုံးကြိမ်နှုန်းတွေနဲ့ လှုပ်ရှားနေလေရဲ့ ရဲတွတ်နေတဲ့ မျက်နှာလေးနဲ့
သူ့ကို နားမလည်သလိုမော့ကြည့်နေတဲ့ မျက်ဝန်းနက်နက်ကလေးတွေ...
သူ့စိတ်တွေထိမ်းချုပ်လို့မ၇အောင် လွတ်ထွက်သွားရသည်။
ပန်းပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် သူမရဲ့ နူးညံ့တဲ့ ပါးပြင်လေးထက်
ချစ်ခြင်းရဲ့ အမှတ်အသားတွေ ကျနောပွင့်ဝေလိုက်မိသည်။
“ဖြန်း...............”
မျက်နှာတစ်ခုလုံးပူစပ်သွားသည့် ဝေဒနာကို ခံစားလိုက်ရသည်။
သူမမျက်ဝန်းမှ မျက်ရည်ဥကြီးတွေ လိမ့်ဆင်းလာသည်။
“သမီးကိုကျော်သူ့ကို အရမ်းမုန်းတာပဲ..”
ပြောပြီး တစ်ခါတည်း လှည့်ကာထွက်ပြေးသွားသည်။
ဆုံးရှုံးရပြီလားဆိုတဲ့ အတွေးက ရင်ဝကို လာဆောင့်သည်။
သူ့မျက်လုံးတွေပြာဝေလာသည်..အသက်ရှူလို့မ၀တော့..ကမ္ဘာကြီးက မြင်ကွင်းထဲမှာပင်
ချာချာလည်လာသည်။
ကျောပိုးအိပ်ဆီ အမြန်လှမ်းလိုက်ရင်း အထဲမှ ရေဗူးနဲ့ ဆေးကဒ်ကို
မမြင်မကမ်းစမ်းပြီးထုတ်ကာ ချက်ချင်းမော့လိုက်ရသည်။
ခုံဝိုင်းလေးပေါ်မှာပဲ လှဲချရင်းအနားယူလိုက်ရသည်။ ဝေဒနာသက်သာသွားပေမယ့်
ရင်ခုန်သံတွေက ခုထိပုံမှန်ပြန် မဖြစ်သေး..။
ခွင့်လွှတ်ပါချစ်သူရယ် ကိုယ်အရမ်းမှားသွားတယ်ကွာ...မင်းကိုယ့်ကို အရမ်းမုန်းတယ်တဲ့လား..
မြတ်နိုးလွန်းလို့ ချစ်လွန်းလို့ သတိလက်လွတ်ဖြစ်သွားတယ်ဆိုရင်တောင်
မင်းကိုယ့်ကို ယုံမှာ မဟုတ်တော့ဘူးနော်..ကိုယ့်ကို အရမ်းအထင်သေးသွားပြီလားချစ်သူရယ်..
ရင်ထဲမှာ ဆို့နင့်သွားရသည် ။ပျော့ညံ့တယ်ပဲဆိုချင်ဆို သူတကယ်မျက်ရည်ဝဲမိတဲ့အထိ
ဝမ်းနည်းသွားရသည်။ချစ်သူရယ် ကိုယ်အရမ်းချစ်တာပဲ...
“ဟေ့ကောင်တွေ..ဒေါင်းကြီးက ဒီမှာကွ..”
“ဟယ်နင်က ဘယ်လိုဖြစ်လို့ဒီမှာ အိပ်နေရတာလဲ.”
“ဆန်နီမလာဘူးလား...”
သူငယ်ချင်းတွေ ရောက်လာသည်။ သူတို့နှစ်ယောက် အဖြစ်အပျက်ကို သူတို့မသိကြ။
“သူပြန်သွားပါပြီ ဟာ...ပြီးတော့ သူငါ့ကို အရမ်းမုန်းသွားပြီထင်တယ်..”
“ဟယ် ဘယ်လိုဖြစ်ကြတာလဲ..ငါတို့ရင်တုန်လိုက်တာ ဒေါင်းကြီးရယ်..”
“အေးလေငါတို့ကိုလည်း နားလည်အောင် ရှင်းပြပါဦး.”
“သဲမွန်တို့ အိသွယ်တို့ထွက်သွားပြီး မကြာခင်မှာပဲ ဆန်နီရောက်လာတယ်..”
“မင်းမပြောလိုက်ဘူးလား..”
“ပြောတာပေါ့ဂူဂဲရာ..ငါလည်း ပြောရင်းစိတ်မထိန်းနိုင်ပဲ သူ့ကို ဖက်နမ်းလိုက်မိတယ်..”
“သူအရမ်းစိတ်ဆိုးသွားတယ်..ပြီးတော့ ငါ့ပါးကို ရိုက်ပြီးငါ့ကိုအရမ်းမုန်းတယ်လို့ပြောသွားတယ်..”
သူအဖြစ်အပျက်တွေကို ယူကြုံးမရစွာ ပြောပြနေမိသည်။
“ငါ အရမ်းမှားခဲ့တယ်ကွာ ..အရမ်းလည်း ၀မ်နည်းတယ်..”
“သေလိုက်ပါတော့ဒေါင်းကြီးရာ မင်းကလေ လုပ်လိုက်ရင် ဇောက်ထီးကြီးပဲ”
“ဟုတ်ပါ့ ကိုယ့်ချစ်တဲ့မိန်းခလေးကို တန်ဖိုးထားမှပေါ့ ဟိုပါးတစ်ဖက်တည်းရိုက်သွားတာတောင်နည်း
သေးတယ်..”
“နှစ်ဖက်စလုံးရိုက်သွားရမှာ..နင်က နှမချင်းမစာမနာသွားလုပ်တာကိုး..”
သူငယ်ချင်းမတသိုက်ကတော့ သူ့လုပ်ရပ်ကို ၀ိုင်းဝန်း ရှုတ်ချနေသည်။ သူတို့ပြောတာလဲ မှန်ပါတယ်။ ကိုယ်ကလဲ လွန်သွားမိတာကို။
“ငါ့မှာအဲဒီစိတ် တကယ်မရှိပါဘူးဟာ...ငါမှားတယ်ဆိုတာ ၀န်ခံပါတယ် ..”
“ဘယ်တတ်နိုင်တော့မှာလဲ ငါ့ထိုက်နဲ့ငါ့ကံပဲပေါ့ဟာ..”
“မပြောတော့လည်းမပြောလို့ ပြောတော့လည်း ဖက်တောင်နမ်းလိုက်သေးတယ်တဲ့..ဟား.ဟား..”
“ဒေါင်းကြီးရာ မင်းကတော့ စံပါပဲ...”
“ဒါနဲ့ သူကဘာမိတ်ကပ်လိမ်းထားတာလည်းဟင်..ပါးလေးတွေက နုဖတ်နေမှာပဲနော်..ဟီဟိ”
“ဒီနှာဘူး ဂူဂဲကတစ်မျိုးကွာ သူများဝမ်းနည်းနေတာကို..”
ဝူးဝါးက အခွင့်အရေးရတုန်းဝင်တွယ်သည်။
“ဟုတ်ပ မယားတရူးကလည်း တစ်မှောက်တော့...”
သဲမွန်က လည်းနောက်ကျမခံဝင်ဆော်လိုက်သေး၏။
“ကဲဘာဆက်လုပ်မလဲဒေါင်းကြီး...”
“ငါလည်းဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ပါဘူး..ကြီးပေါရာ..”
“ဘာပဲဖြစ်ဖြစ်မင်း ဆန်နီ့ကိုတော့ တောင်းပန်ရလိမ့်မယ်..”
“မင်းကလုပ်လိုက်မှဖြင့် ဇောက်ထီးကြီးပဲ..”
“အေးပါ .သူကျေနပ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲတောင်းပန်ရတောင်းပန်ရ ငါတောင်းပန်မှာပါ.”
“သူငါကို တစ်သက်လုံးမုန်းမသွားပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲလေ..”
“သူ့အချစ်ကိုမရတာထက် သူ့အမုန်းကို ခံစားရတာ ငါ့အတွက် ပိုဆိုးတာပါကွာ..”
သူတကယ် ၀မ်းနည်းစွာ ပြောမိသည်။ သူငယ်ချင်းတွေလည်း သူ့ကို နားလည်ပေးကြပါသည်။
“နင့်တို့နှစ်ယောက်ကလည်း အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်မယ့် ကန်းဖြစ်နေပြီ..”
“ကဲပါကွာ တို့တွေပြန်ကြိုးစားကြတာပေါ့..”
“မင်းကလည်း အဲလောက်ကြီးပျော့မနေစမ်းပါနဲ့..”
“ဟုတ်တယ် လေးဖြူပြောတာမှန်တယ်..ယောက်ျားပဲ ချစ်ခဲ့တုန်းကလည်းရဲရဲရင့်ရင့်..
အမုန်းခံရမယ်ဆိုတော့လည်း သတ္တိရှိရှိပေါ့ မဟုတ်ဘူးလား..”
“ဒီတစ်ခါတော့ နီကိုရဲစကားလုံးကို ငါကြွေသွားပြီကွာ ..”
“အကောင်းဆုံးတွေကိုမျှော်လင့်ထားသလို
အဆိုးဆုံးတွေကို ကြိုတွေးထားတတ်ရတယ် ဒေါင်းကြီးရာ...”
သူငယ်ချင်းတွေက တယောက်တမျိုး ၀င်နှစ်သိမ့်ပေးကြသည်။
“ငါတို့သူငယ်ချင်းတွေက
မင်းကို အရမ်းခံစားရမှာစိုးလို့ ၀ိုင်းပြီးနှစ်သိမ့်ပေးတာပါ..”
“ငါနားလည်ပါတယ်တေဇရာ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်..”
“ခုတော့ ငါဘယ်လိုမှ ဖြေလို့မရသေးဘူးကွာ..အသည်းကွဲတယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲ
ကြည့်လို့ကောင်းတာ တကယ်တမ်းခံစားလိုက်ရတော့ မသက်သာဘူးကွာ..”
“ငါ့ကို အချိန်နည်းနည်းတော့ ပေးကြပါဦး..”
“မင်းတို့ကလည်းဟုတ်သားပဲကွာ ဘယ်ဒဏ်ရာပဲ ဖြစ်ဖြစ် အနာကျက်အောင်စောင့်ရတာပဲ..”
“ကဲကျောင်းလည်း ဆင်းပြီ တို့အားလုံး ပြန်ကြရအောင်..”
“ဒေါင်းကြီး ငါတို့သွားနှင့်ပြီဟာ ငါတို့လည်း ဆန်နီ့ကို ၀ိုင်းပြီးတောင်းပန်ပေးပါ့မယ်..”
“တို့လည်းပြန်နှင့်ပြီဟေ့ ..ဂူဂဲမင်းဒေါင်းကြီးကို နှစ်သိမ့်ပေးလိုက်ဦးကွာ..”
“စိတ်ချပါကွာ ဆီးယူ..ဘိုင်....”
သူငယ်ချင်းတွေ ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်သွားကြသည်..။
ဂူဂဲနဲ့ကျနော်နှစ်ယောက်ပဲကျန်ခဲ့သည်။
“ဂူဂဲရာ တောင်းပန်ပါတယ်..ငါမင်းတို့ကို စိတ်ညစ်အောင်
လုပ်မိပြီ..”
“ဒီလိုပြောရမယ့်လူတွေမှ မဟုတ်တာပဲကွာ ..မင်းအတွက်ပဲစိတ်မကောင်းဖြစ်မိတာပါ..”
“သူငယ်ချင်းဆိုတာ ပျော်စရာရှိလည်းအတူ ၀မ်နည်းစရာရှိလည်းအတူပေါ့..တစ်ယောက်အခက်အခဲ
တစ်ယောက်ဖြေရှင်းပေးရင်း တစ်ယောက်အကျိုးကို တစ်ယောက်က ဆောင်ရွက်ပေးကြရမှာပဲ..”
“လာသွားကြစို့...”
နှစ်ယောက်သား တိတ်ဆိတ်စွာပဲ လမ်းလျှောက်ပြန်ခဲ့ကြသည်။
“ဂူဂဲ..ငါအဆောင်မပြန်ချင်သေးဘူးကွာ..ကိုမျိုးတို့ဆိုင်သွားရအောင်..ငါ့ရင်ထဲမှာ
အရမ်းမွမ်းကြပ်နေတယ်...”
“ရတယ်လေ သွားကြတာပေါ့..”
သူငယ်ချင်းနှစ်ယောက် ကိုမျိုးဆိုင်ဘက် ထွက်ခဲ့ကြသည်။ တကယ်တော့သူတို့သူငယ်ချင်းတွေ အရက်အမြဲသောက်ပြီး မိဘပိုက်ဆံထိုင် ဖြုန်းနေကြသူများမဟုတ်ပါ။ လူငယ်ဘာဝ ရံဖန်ရံခါ သာ အတူအပျော်အနေနဲ့ သောက်ကြခြင်းသာ ဖြစ်သည်။ မိဘပိုက်ဆံကို စစ်စစ်စီစီသုံးပြီး စာကြိုးစားသော အဖွဲ့ဖြစ်ပါသည်။ ပျော်တတ်နောက်တတ်တာက လွဲရင် သူတို့အဖွဲ့က ဆိုးသွမ်းနေသူများတော့ မဟုတ်ကြပါ။
“မင်းပုံစံကိုကြည့်ရတာလည်း ရောဂါသည် တစ်ယောက်လိုပဲ...ငါကတော့ မင်းကို
မိန်းကလေးတစ်ယောက်အတွက် အဲဒီလောက်မခံစားစေချင်ဘူး..”
“မင်းစေတနာကို နားလည်ပါတယ်ကွာ..”
စောသေး၍လားမသိ ကိုမျိုးတို့ဆိုင် လူရှင်းနေ၏။လူရှင်းတော့ လွတ်လပ်တာပေါ့ ကောင်းပါတယ်။
“ဟ ငါ့ညီတို့ စောစောစီးစီး နှစ်ကောင်ထဲပေါက်ချလာပါလားကွ..ဟိုကောင်တွေ မပါဘူးလား..”
“ပြန်သွားကြပြီဗျ ဒီကောင်လာချင်တယ်ဆိုလို့ ထွက်လာကြတာ..”
“ဧကန္တ ရောပါရလာပြီနဲ့တူတယ်..”
“ဘာလဲ ကောင်မလေးနဲ့ အဆင်မပြေဘူးလား မောင်ဒေါင်း..”
ကိုမျိုးကလဲ ငယ်ရာက ကြီးလာသူဆိုတော့ သဘောပေါက်သည်။
“မင်းပြထားလို့မင်းကြိုက်နေတဲ ကောင်မလေးကို ငါသိပါတယ်..”
“ဟိုနေ့ကတောင် မင်းနဲ့ဆိုင်ကယ်တွဲစီးသွားတွေ့လိုက်သေးတယ်လေ.”
“အမိုက်စားလေးပဲကွ..”
“ဟုတ်တယ် သူက မြို့ထဲဆိုင်ကယ်မစီးရဲလို့ ကျနော်လိုက်သွားပေးရတာ..”
“ဘယ်လိုဖြစ်တာလဲငါ့ညီရာ..”
“ဒီလိုပါပဲဗျာ..”
“ဒီကောင်က ရည်းစားစကားပြောရင်းနဲ့ မထိန်းနိုင်ဘဲ ပွဲကြမ်းပစ်လိုက်လို့ ကိုမျိုးရ..”
“ဟာ တော်တော်မိုက်တဲ့ကောင် မိန်းကလေးဆိုတာနူးညံ့တဲ့အမျိုးကွ အဲင်္ဒီလိုလုပ်လို့မရဘူး..”
“အေးပေါ့ကွာ အကိုတို့ငယ်ငယ်တုန်းကလည်းဒီလိုပဲ ရူးခဲ့ကြတာပါပဲ..ခုတော့လည်း
စားဝတ်နေရေးလုံးပမ်းနေရတာနဲ့ ဘယ်ရင်ဘတ်နဲ့ ခုန်ရမှန်းတောင် မသိတော့ပါဘူးကွာ..”
“ဒါပေမယ့်ငါ့ညီတို့ကို ခင်လို့ တစ်ခုပြောချင်တယ်..မိန်းကလေးတစ်ယောက်အတွက်နဲ့တော့
ကိုယ့်ဘ၀ကို မပျက်စေနဲ့ပေါ့..”
ကိုမျိုးက တကယ့် ညီအရင်း တွေလို ဆုံးမပေးသည်။
“ကိုမျိုးပြောတာမှန်ပါတယ်..”
“အချစ်ဆိုတာကို ဘ၀ရဲ့ အစိတ်ပိုင်းတစ်ခုလောက်ပဲ ထားသင့်တယ်..”
“ငါ့ညီတို့က လူတော်လေးတွေ ပြီးတော့ငယ်သေးတယ်..”
“ဘ၀ရဲ့တက်လမ်းတွေအများကြီးရှိသေးတယ်..ယောက်ျားဆိုတာ စိတ်ဓာတ်မာကြောရတယ်.”
“အချစ်ကြောင့်အရက်သောက်တာမျိုးလည်းမဖြစ်စေနဲ့ပေါ့ကွာ..”
“အကိုက ငါ့ညီတို့အဖွဲ့ကို ညီအရင်းတွေလိုခင်လို့ပြောတာပါ..”
“ညီတို့လာသောက်ရင် အကိုတောင်ရောင်းရသေးတယ်..”
“ဒါပေမယ့် အရက်ဆိုတာမကောင်းဘူး ..အကိုေ၇ာင်းတဲ့ အရက်ကြောင့်
ငါ့ညီတို့လို လူငယ်လေးတွေ မပျက်စီးစေချင်ဘူး..”
“ဒီအလုပ်ဟာ မကောင်းမှန်းသိပါတယ်..ကိုမျိုးလည်း နောက်၃ လဆိုရင် ဒီဆိုင်ကို ပိတ်တော့မယ်..”
“တခြား သမာအာဇီဝကျတဲ့ စီးပွားရေးတစ်ခု ပြောင်းလုပ်တော့ မှာပါ..”
“ကောင်းပါတယ်ကိုမျိုးရယ်..ခုလိုဆုံးမပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
“ဒီနေ့တော့ ချလိုက်ဦးမယ်ဗျာ ကိုမျိုးစကားကို ကျနော်တို့ လိုက်နိုင်အောင်ကြိုးစားသွားပါ့မယ်..”
“အေးပါကွာ အကိုလည်း ရင်ဖွင့်ချင်နေတာကြာပြီဆိုတော့ အများကြီးပြောနေမိတယ်.”
“အေးကွာ ဘာသောက်ကြမှာလဲ”
“ဂရန်းတစ်ပြားပဲပေးပါဗျာ ကန်စွန်းပလိန်းတစ်ပွဲ ၊
ဝက်နံကင်တစ်ပွဲလုပ်ဗျာ..”
“မောင်ဒေါင်းရာ ဂူဂဲလို ပေါ့ပေါ့ပါးပါး နေစမ်းပါကွာ..”
“ဟုတ်ကဲ့ကိုမျိုး..”
ကိုမျိုးလည်း ပြောချင်တာပြောပြီး ထွက်သွားသည်.ဘာပဲဖြစ်ဖြစ်ခင်စရာကောင်းတဲ့ အကိုကြီးတစ်
ယောက်ပါပဲ..။
“သောက်ကွာဒေါင်းကြီး ခံစားချက်တွေကို ဒါနဲ့ကုစားလိုက်ပေါ့..”
“ချီးယား..အမြန်ဆုံး ပြန်ပြီး အဆင်ပြေပါစေ..”
နှစ်ယောက်ထဲဆိုတော့ ၀ိုင်းလေးက ခါတိုင်းလိုတော့ မစည်ဘူးပေါ့..
နှစ်ယာက်သား စကားပြောရင်း ဖြေးဖြေးပဲဆွဲ ဖြစ်သည်။
“ငါ့က မင်းကို အဆင်ပြေမယ်ထင်နေတာ..”
ဆက်ရန်
လင်းဝေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment