Thursday, September 30, 2010

ကြေးမုံမှာအပေါ်တဲ့အရိပ်

မိုးတဲ့လား
ရင်ထဲမှာ ပင်လယ်တွေ
ဝေသွားတယ်
ဆုံဆည်းမှုက
ကဗျာမဆန်ခဲ့ဘူး
မျက်ဝန်းချင်းတောင်
မရင်းနှီးခဲ့ပါဘဲ
ချစ်ခြင်းတိမ်တိုက်တွေ အပြည့်နဲ့
ဟောဒီရင်ဘတ်ထဲ
ရွာနေတဲ့ တိတ်တိတ်ပုန်းမိုး
လူမသိသူမသိ
ငါ့တစ်ကိုယ်လုံး ရွှဲနစ်
ကောင်မလေးရေ
တစ်ဖက်သတ်အချစ်ဆိုတာ
ငါ့အတွက်တော့
အထီးကျန်ဆန်လွန်းလှရဲ့.....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ခရီးသွားလေးကျနော်




















လှမ်းနေတဲ့

ဖိနပ်တွေပေါ်
ကျနော် လိုက်ပါခဲ့စဉ်တုန်းက
ဒီလမ်းဟာ
ဒီလောက်ကြမ်းမယ်လို့
တစ်ခါမှ မထောက်ဆခဲ့မိဘူး
ဘ၀ဆိုတာ
အစမ်းလျှောက်ကြည့်လို့ရရင်လည်း
ကောင်းရဲ့
ရင်ဘတ်ထဲမှာ
အက်ကွဲသွားတဲ့
အသည်းတစ်ခြမ်းရှိတယ်
ကျစ်ကျစ်ပါအောင်
ဖမ်းဆုပ်ထားတဲ့
လက်ဖ၀ါး ကြမ်းကြမ်းထဲမှာ
လောကဓံတရားတွေအပြည့်ပါပဲ
ကျနော်
ဘ၀ကို ဘ၀နဲ့ဝယ်ခဲ့ရတယ်
မတည့်တဲ့ အစားအသောက်တွေကို
မြိန်ယှက်ရခြင်းထက်
အနှစ်မဲ့တဲ့လူတွေကို
ပြုံးပြနေရတာက
မြန်မြန် အသက်ဆုံးနိုင်တယ်ထင်ရဲ့
မျက်နှာဖုံးတွေအားလုံးကို
ဆွဲခွာပြလိုက်ချင်ပါတယ်
ဘယ်သူ့ကိုမှ မမုန်းပါဘူး
အနိုင်အရှုံးဆိုတာလဲ
ရှင်းခြင်းနဲ့ သေခြင်းကြားက
မှားယွင်းခွင့်လိုင်စင်ရထားတဲ့
တစ်ထောင့်တစ်ည အိပ်မက်တစ်ခုပဲ
ခုတော့...
လှမ်းနေတဲ့ ခြေထောက်တွေဆီ
ဖိနပ်တွေ တအီအီ လိုက်လာကြပါပြီ
ဒါပေသိ
ဆူးချွန်တွေကတော့
ကျနော့်ဖ၀ါးမှာ
စိုက်ဝင်လို့ကောင်းကြတုန်း....

သာထက် (မုံရွာနည်းပညာတက္ကသိုလ်)

ခွင့်လွှတ်ပေးပါ















ပန်ကာတလုံးရဲ့
အသက်ရှူလမ်းကြောင်းမှာ
မွန်းကြပ်ပိတ်လှောင်ခြင်းခံရတဲ့
ဝါယာကြိုးတစ်စရဲ့
အတ္ထုပ္ပတ္တိလိုပဲ
ငါ..
စိတ်ဓာတ်တွေ
ခြောက်ခြားခဲ့ဖူးတယ်
တကယ်တော့
ကိုယ့်ခွက်ကို
ငှဲ့သောက်ခဲ့ကြတာပဲ
ဘယ်သူခွက်က
ချိုတယ်ခါးတယ်
အဓိပ္ပာယ်မဖွင့်ချင်ဘူး
ရိုးရိုးရှင်းရှင်းလေးပြောရရင်
လူဆိုတာ တကယ်တော့
လူပါပဲ...
မေမေ့ဗိုက်ထဲက
ထွက်လာကတည်းက
ကျနော်ဟာ
လောကရဲ့ မာယာတွေကြား
ကိုးယို့ကားယား
ပစ်ချခံခဲ့ရတာပါ
မိုက်လွန်းလို့
မိန်းမတစ်ယောက်ကို
ချစ်ခဲ့မိတဲ့ ကျနော်
ချစ်လွန်းလို့
မိုက်မဲမိခဲ့တယ်ဆိုရင်
အဲဒီ လူမိုက်ကလေး
ကျနော့်ကို
ဘယ်သူ ခွင့်လွတ်ပေးမလဲ..

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

အချစ်အကြောင်းတီးခေါက်မိတဲ့ရက်သမ်တစ်ပုဒ်



ကျနော်တို့သတိမထားမိလိုက်တဲ့ အချိန်ကလေးမှာပဲ အဲဒီ အချစ်ဟာ
ကျနော်တို့နှလုံးသားထဲကို
ဝင်ရောက်နေတတ်သည်.......
ပန်းပင်ကလေးတစ်ပင်ဆီမှာ ပန်းပွင့်တစ်ပွင့်ကို
မွေးဖွားလိုက်ခြင်းနှင့်တူသည်ဟု ကျနော်ထင်ပါသည်။
ထိုခဏ၌ပင် အိပ်ပျော်နေသော နှလုံးသားတို့သည်
ရှင်သန်နိုးထကြလေ၏။မျှော်လင့်ခြင်းဆိုသောသစ်သီးသည်
အလင်း၏လျှင်မြန်ခြင်းမျိုးဖြင့် ကမ္ဘာဦးဆီမှ ကျနော်တို့ထံ
ရောက်ရှိလာပေပြီ။ပန်းဝတ်မှုံမှ ရနံ့တို့သည်လေပြေ၌
ပြန့်လွင့်စိုးမိုးသကဲ့သို့ နှလုံးသားမှ ပြန့်လွင့်လာသော အချစ်သည်
လူသား၏ဦးနှောက်မှသည် တကိုယ်လုံးသို့
စိုးမိုးလေသည်။လောကရဲ့ သာယာဖွယ်၊ပျော်ရွှင်ဖွယ်၊လွမ်းမောဖွယ်၊ရင်နင့်ဖွယ်
ဇာတ်လမ်းတို့သည် ဒီနေရာမှ
စကြလေတော့သည်။
တန်ခိုးရှင်တို့ မဖန်တီးနိုင်သော၊မဖျက်ဆီးနိုင်သော အချစ်ဟူသော
ကမ္ဘာဦးပန်းတစ်ပွင့်သည် လူသား၏ နှလုံးသား၌
ချိုလဲ့လင်းပြစွာ ပွင့်ဝေလာပေပြီ.။
အချစ်ဆိုတာ ဘယ်လိုလဲ..ဘယ်ကလာသလဲ....အချစ်ကဘယ်အချိန်မှာ
ရောက်လာတတ်သလဲ...ပြီးတော့ ဘယ်သူ့
အတွက် ဖြစ်တည်မှာလဲ.....ကျနော်တို့ဘာတစ်ခုမှ ကြိုတင်မသိခဲ့....
သံယောဇဉ်သည် အချစ်ကိုဖြစ်စေသလား..လှပတဲ့မျက်နှာလေးသည် အချစ်ကို
ဖြစ်စေသလား...ချိုသာတဲ့အသံလေးသည်
အချစ်ကိုဖြစ်စေသလား...မေးခွန်းပေါင်းများစွာနဲ့ ကျနော်တို့
စီးဆင်းခဲ့ကြသည်။ကျနော်ကိုယ်တိုင်လည်း ခုထိနားမ
လည်နိုင်ခဲ့ပါ။သို့သော် လူသားစစ်စစ်တစ်ယောက်ဖြစ်သော ကျနော်သည်လည်း
အချစ်ကျက်စားရာလောက၌
တ၀ဲလည်လည်ဖြစ်နေပါတော့သည်။
ရယူပိုင်ဆိုင်ခြင်းဟာအချစ်...ပေးဆပ်ခြင်းဟာအချစ်...နားလည်ခွင့်လွှတ်ခြင်းဟာအချစ်..သာယာပျော်ရွှင်စေခြင်းဟာ

အချစ်...တယောက်နဲ့တယောက်မခွဲနိုင် မခွာရက်ဖြစ်နေတာ အချစ်..လူတွေဟာ
ကိုယ့်ခံစားချက်နဲ့ကိုယ်
အဓိပ္ပာယ်တွေ ဖွင့်ခဲ့ကြသည်။ထို့ကြောင့် အချစ်၏ ကွဲပြားခြားနားသော
အဓိပ္ပာယ်များသည် လူတိုင်းအတွက်
သူတို့ ဖော်မြူလာနဲ့သူတို့ မှန်ကန်နေကြမည်ဖြစ်သည်။
သေချာတာကတော့ အချစ်ဖြစ်တည်လာဖို့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်
အတိအကျ
လိုအပ်သည်။ချစ်သူတွေဖြစ်လာဖို့ အတွက်တော့ အဲဒီလုလင်ပျိုနဲ့
လုံမပျိုတို့ကြားမှာ အပြန်အလှန် ချစ်ခြင်းတရား
တစ်ခုပါလိုအပ်ပါသေးသည်...ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဖော်မြူလာတွေကို
အဖြေထုတ်ကြည့်လျှင် အနီးစပ်ဆုံး
ဖြစ်နေကြလိမ့်မည်....
ကျနော်ကရောအချစ်ကို ဘယ်လိုလက်ခံထားသလဲ.....
ကျနော် မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့မိသည်
ဆိုကြပါစို့ရဲ့...အသံကလေးကြားဖူးရုံနဲ့ စွဲလန်းမြတ်နိုးခဲရတယ်ဆိုရင်
ခင်ဗျားတို ယုံနိုင်မလား..အဲဒီနောက်တော့
အသံချင်းရင်းနီးမည်..သူစိမ်းဆန်စွာသမရိုးကျဆုံတွေ့ကြမည်..အကြည့်ချင်း
ရင်းနှီးမည်..အပြုံးချင်းရင်းနှီးမည်...အဲဒီလိုရင်းနှီးခဲ့တဲ့ မိန်းခလေးတွေ
အများကြီးထဲမှာမှ ကျနော် သူမလေးကို
ချစ်မိသွားခြင်းဖြစ်သည်..သြော်ထူးဆန်းလေစွတကား....
ဘယ်ချိန်ချစ်မိသွားမှန်း ရေရေရာရာ မသိလိုက်ပေမယ့်
ကျနော်သတိထားမိချိန်မှာတော့ နှလုံးသားထဲတွင်
သူမရှိနေခဲ့ပြီလေ...
အဲဒီမှာေ၇ာဂါစတာပါပဲ....သူမရဲ့ ၀င်းမွတ်ရှင်းသန့်တဲ့
မျက်နှာလှလှလေးတွေ၊လှုပ်လီလှုပ်လဲ့ အမူအရာလေးတွေ၊
သူမရဲ့ ၀င်းရှတောက်ပလွန်းတဲ့ အပြုံးလက်လက်ကလေးတွေ အားလုံးကို စက္ကန့်နဲ့အမျှ
ထိတွေ့ချင်နေမိတော့သည်။
သူမသည် ကျနော့်ဘ၀..ကျနော့်ရင်ခုန်သံ..ကျနော့်
အိပ်မက်..ကျနော့်လမိုက်ညများစွာအတွက် လမင်းတစ်စင်း...
ကျနော် ပျံသန်းဖို့
အတောင်ပံတစ်စုံ..မြတ်နိုးစွားသိမ်းဆည်းထားချင်တဲ့ကော်ပတ်ရုပ်ကလေး..ကျနော်တောင့်

့တမိသည့် လေပြေလေညင်း..ကျနော်၏လွမ်းမောဖွယ် ဆည်းဆာ...ကျနော် အကြိမ်ကြိမ်
ရေးခြစ်ချင်မိသည်
ကဗျာလေးတစ်ပုဒ်.......
ကျနော် ချစ်ပါမည်...လူသားတစ်ယောက်ရဲ့ ချစ်နိုင်တဲ့ ချစ်ခြင်းရဲ့
ပမာဏတွေအားလုံးပေးပြီး ကျနော်မက်မက်စက်စက်
ချစ်မည်။သူမဘ၀ကို မြှင့်တင်ပေးချင်သည်..သာယာလှပတဲ့ ဘ၀လေးတစ်ခု
ဖန်တီးပေးချင်သည်..သူမ၀မ်းသာလျှင်
ကျနော်ပျော်မည်...သူမ ငိုလျှင် ကျနော်ဝမ်းနည်းမည်..သူမနေမကောင်းဖြစ်တဲ့အခါ
ကျနော်နေထိုင်မရအောင် စိတ်ပူမည်...သူမ အလိုရှိလျင် သူမအနားေ၇ာက်ရှိလာပြီး
သူမအလိုမရှိတဲ့ အခါ ချက်ချင်း ကွယ်ပျောက်သွားနိုင်မယ့်
နတ်သားတစ်ပါးဖြစ်ချင်သည်...လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့သူကို ဘယ်တော့မှ
စိတ်မဆင်းရဲစေဘူးလေ..
အရာရာမှာ နားလည်ခွင့်လွှတ်ခြင်းအတတ်နဲ့ ကျနော်ချစ်ပါမည်....
လူတိုင်းဟာ ကိုယ်ချစ်မိတဲ့ လူတယောက်ဆီကအချစ်ကို ပြန်ရပါစေလို့
ဘယ်တန်ခိုးရှင်ကမှ အာမခံမထားခဲ့ပါ။
ထို့ကြောင့် အချစ်သည် ရယူဖို့ချည်းသက်သက် မျှော်လင့်လို့မရ
ပေးဆပ်ပြီချစ်နိုင်ဖို့လည်း လိုအပ်ပါတယ်..
ဖန်တီးလို့မရတဲ့ အချစ်ကိုဇွတ်သိမ်းပိုက်ဖို့ ကြိုးစားတာဟာ ချစ်သူကို
ရက်စက်ခြင်းဖြစ်တယ်..အတ္တကြီးမှုတစ်ခု
လည်းဖြစ်တယ်..ကိုယ့်အတ္တအတွက် ချစ်သူကို စိတ်ဆင်းရဲစေသူဟာ ချစ်သူကို
တကယ်မချစ်သူဖြစ်ပေလိမ့်မည်..
အဲဒါဟာ တက်မက်စွဲလမ်းသာယာခြင်းလို့ ကျနော်မြင်တယ်.....
တစုံတယောက်က တစုံတယောက်ကို ချစ်မိနေတဲ့အချိန်၌ ထိုတစုံတယောက်သည်
အခြားတစုံတယောက်ကို
ချစ်လျင်ချစ်နေပေလိမ့်မည်..
အချစ်ကိုနှလုံးသားနဲ့သာလဲလည်နိုင်၏။ဓားပြတိုက်၍ မရ...ထို့ကြောင့် အချစ်ကို
ဖြူစင်သော နှလုံးသားနဲ့
ပေးဆပ်သင့်ပေသည်...
သြော်..အသင်လောက...အသင်သိပါသလား..ကျနော့်နှလုံးသား၌ ကမ္ဘာဦးပန်းတစ်ပွင့်သည်
ဘယ်အရပ်က
မိန်းမပျိုလေးအတွက် ပွင့်ဝေလိမ့် မည်နည်း....မည်သူမှ
မသိနိုင်ကြပေ..ထို့ကြောင့် ကျနော်လည်းမသိပါ..။
မြားနတ်မောင်ဆိုသော ပုဂ္ဂိုသည် ဘယ်နေရာတွင် အမူးလွန်၍
အိပ်ပျော်နေပါသနည်း..လူပေါင်းများစွာတို့သည် သူ၏လေးမှ ပစ်လွှတ်လိုက်မည့်
မြား၏လာရာအား
စောင့်စားနေကြသည်ကို လစ်လျူရှု၇က်သည်.....
သူ့မိန်းမမြားနတ်မလေး တစ်ယောက်ရှိသေးလျှင်လည်း
အကူညီတောင်း၍ရနိုင်ကောင်းရဲ့..
.ခုတော့ မြားနတ်မောင်သည်မုဆိုးထီးလား ၊တစ်ခုလတ်လား၊လူပျိုကြီးလား ဘယ်သူမှ
ရေရေရာရာ မရှိခဲ့...
ခုထိနားမလည်နိုင်သေး..ထိုနားရခက်တဲ့ အချစ်ကိုမှ ကျနော့် နှလုံးသားက တစာစာ
အော်ဟစ်
တောင့်တနေလေသည်..ထိုကဲ့သို့ နားမလည်ခြင်းများစွာနဲ့ပဲ
လူသားတို့သည်သားစဉ်မြေးဆက်
ချစ်မြဲချစ်နေကြဦးမည် ဖြစ်သည်...
အချစ်မရှိသောဘ၀သည် သတ်ပုံမှားနေသော ၀ါကျ တစ်ကြောင်းလို အဓိပ္ပာယ်
မပြည့်စုံနိုင်ဘူးလေ...
အချစ်သည် ကမ္ဘာကြီးရဲ့အသည်းနှလုံး သံယောဇဉ်သည် စကြာဝဠာ၏ အသွေးအသား ဖြစ်လေသည်
အချစ်မရှိလျှင် ကမ္ဘာကြီးလည်း ရပ်တန့် သွားပလိမ့် မည်...
လူမိုက်တွေနေတဲ့ မြို့ပြထက် အ၇ူးတွေနေတဲ့ ထောင်က ပို၍ပျော်စ၇ာကောင်းလိမ့်မည်..
ပေါတယ်ပဲ ပြောပြော..ကြောင်တယ်ပဲ ဆိုဆို..ရူးတယ်ပဲ မှတ်မှတ်..
ကျနော်အချစ်၌ ရိုးသားစွာ ၇ူးသွတ်ချင်သည်...
ကျနော့် ဘာသာဗေဒနဲ့ကျနော် အချစ်ကို ခံစားခြင်းဖြစ်ပါသည်..
ကဲ........
ခင်ဗျားတို့ရော အချစ်ကို ဘယ်ကဲ့သို့ ခံစားနားလည်ကြပါသလဲ...

အားလုံး ကျန်းမာ၊ချမ်းသာပြီး ပျော်ရွှင် ရယ်မောနိုင်ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

စကားဝိုင်းထဲက နေလောင်ပန်းပွင့်များ

လွန်ခဲ့သော ၆နှစ် စင်္ကာပူမှာနေတုန်းက ရေးခဲ့တဲ့ စာတစ်ပုဒ်

စကားဝိုင်းထဲက နေလောင်ပန်းပွင့်များ

တနင်္ဂနွေအလုပ်ပိတ်ရက်မို့ သူငယ်ချင်းတွေနဲ့ဆုံကြရင်း ဘီယာဆိုင်လေးဘက်ခြေဦးလှည့်ခဲ့ကြသည်။ အလုပ်ထဲမှာ ပင်ပန်းသမျှ တစ်လတစ်ကြိမ် သူငယ်ချင်းတွေဆုံပြီး ဘီယာလေးသောက်ရင်း ဘော်ဒါတွေဆုံရင်း ဘဝအမောဖြေတာဟာ ကျနော်တို့အတွက် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပေမယ့်  ကျနော်တို့ဟာ အရက်သမားများတော့ မဟုတ်ပါ။ ထုံးစံအတိုင်း ဘီယာလေးတကြိုက်လောက်ဝင်ရုံရှိသေး အာလေးလျှာလေးကသွက်လာပြီပေါ့ဗျာ...

"ကိုလင်း...မိန်းမမယူသေဘူးလားဗျ..ခုအသက်ဘယ်လောက်ရှိပြီလဲ.."

"လူပျိုကြီး လုပ်မယ်လို့ စိတ်ကူးထားလို့လား.."

လုပ်ရှူ အမေးကြောင့် ကိုလင်းတစ်ယောက် ဘီယာသောက်ရင်း အီလည်လည်ကြီး ဖြစ်သွားကြသည်။

"အေးကွာ ငါလည်း ၃၀ ကျော်ပြီကွ...
ယူဖို့နေနေသာသာ ရည်းစားတောင် မူးလို့ ရှူစရာ မရှိပါဘူးကွာ...."
ကိုလင်းပုံက အခုကျတော့ သနားစဖွယ်ဖြစ်နေပါသည်။

"ဟေ့ကောင် ပြောင်ကြီး ကိုလင်းကို မင်းသူငယ်ချင်း ချောချောလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါဦးကွာ.."

"အောင်မာ ဟေ့ကောင် လုပ်ရှူ....မင်းက မိန်းကလေးသူငယ်ချင်း ပိုပေါတယ်လေ.."
လုပ်ရှူနဲ့ပြောင်ကြီးဒီလိုပဲ တယောက်နဲ့တယောက် အမြဲငြင်းနေတတ်တာမျိုး။

"ကဲ..ကဲ ဘာမှဖြင့်မသောက်ရသေးဘူး စကားတွေ များမနေကြနဲ့ ဘီယာတွေ အေးကုန်လိမ့်မယ် သောက်ကြဦး.."
ကိုလင်းပြောလိုက်မှ ဘီယာတကြိုက်စီ မော့လိုက်ကြသည်။

"ခုခေတ်ကြီးက မလွယ်ဘူး မိန်းကလေးတွေက အနေအထိုင်မတတ်ကြဘူးပြီးတော့လည်းကိုယ်ကိုယ် တန်ဖိုးမထားကြဘူး"
အရင်းမရှိအဖျားမရှိ ပြောင်ကြီးစကားကြောင့် သူတို့စကားဝိုင်းလေးက ဘီယာခိုးလေးတွေနဲ့  လေးနက်ရီဝေလာလေသည်။

"သူတို့အပြစ်ကြီးပဲမဟုတ်ဘူးလေ ပြောင်ကြီးရဲ့...ငါတို့ ယောက်ျားလေးတွေကလည်း နှမချင်းစာနာကြလို့လား"

လုပ်ရှူစကားကြောင့် လိုလင်းလည်း စကားဝိုင်းထဲ ပါလာလေသည်။

"ဟုတ်တယ် ညီလေး...သူများသားသမီးကို ကြောရယုံ ကြံတာတော့ မကောင်းဘူးပေါ့ကွာ"

"မင်းတို့၂ကောင်ပြောသလို မကောင်းတဲ့သူတွေရှိသလို တကယ်ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့
မိန်းခလေးတွေရှိသလို
တကယ်သစ္စာကြီးတဲ့ ယောက်ျားတွေလည်းအများကြီးရှိပါသေးတယ် ငါ့ညီတို့ရာ"

"ကိုလင်းပြောတာလည်းမှန်ပါတယ်
ယောက်ျားလေးဆိုတာလဲ ကိုကသာရည်းစားထည်လဲတွဲချင်တာ ကိုလက်ထပ်မဲ့ မိန်းခလေးကြတော့
ရည်းစားတောင်မထားဖူးတဲ့ အပျိုစင်ကလေးမှဗျ ..အမှန်တော့ ကိုယ်ကသန့်သန့်လေးကြိုက်ရင် ကိုယ်တိုင်ကလဲ
သန့်သန့်လေးနေခဲ့သင့်တာပေါ့..ဒါမှတရားမျှတမှာပေါ့ဗျာ ဟုတ်ဘူးလား.."

"အေးပေါ့ပြောင်ကြီးရာ ဒီခေတ်ထဲမှာ ရည်းစားထားဘူတာ အပြစ်လို့ပြောလို့မရပါဘူး."

"လူဆိုတာနှလုံးသားနဲ့ပဲ
ရင်ခုန်တတ်တယ်ချစ်တတ်တယ်...အရွယ်ရောက်လာရင် စိတ်ကစားပြီး ရည်းစားထားကြချစ်သူရှာာကတာ သဘာဝ
ပါပဲလေ.."

"ကိုယ်နဲ့လက်ထပ်ပြီးမှ ကောင်းဖို့အရေးကြီးတယ်"

"ဟ..လုပ်ရှူရ ဘာကောင်းတာကိုပြောတာလဲ ..နားရှင်းအောင်ပြောစမ်းပါကွာ"

"ဟာဗျာ ကိုလင်းကလည်း မဝေးစမ်းပါနဲ့ဗျာ..ကိုနဲ့လက်ထပ်ပြီး မဖောက်မပြန် မယားဝတ္တရား၅ပါးနဲ့အညီ
ကောင်းမွန်လိမ္မာတာကို ပြောတာလေဗျာ.."

"အောင်မာမင်းက အဲဒီဝတ္တရားတွေကိုသိလို့လား လုပ်ရှူရ...စကားကြီးစကားကျယ်နဲ့.."
ပြောင်ကြီးစကားကြောင့် လုပ်ရှူက မချိသွားဖြဲဖြင့် လျော့ကျသွားသည်။

"ဟဲဟဲ လောကနီတိထဲမှာပါတယ်လေ ..သိချင်ရင်ဝယ်ဖတ်..တအုပ်ကို ၂ဒေါ်လာပဲရှိတယ်.."

"ဘာပဲဖြစ်ဖြစ် မြန်မာဗုဒ္ဓဘာသာဝင်တွေပီပီ စည်းကမ်းလေးတွေနဲ့ စောင့်ထိမ်းသင့်တာပေါ့"
ကိုလင်းက လူကြီးဆိုတော့ တွေးတွေးဆဆ ပြောတတ်တယ်။

"ခုတော့ စလုံးမှာ ကြားနေရတဲ့ သတင်းတွေက နားမသက်သာလှပါဘူးဗျာ..."

"ဘာတွေကြားတာလည်းလုပ်ရှူလေးရ ပြောစမ်းပါဦး.."

"ယောက်ျးလေးတချို့က စလုံးက အသက်ကြီး ဘွားတော်တွေနဲ့
နေပြီးချူစားနေကြတယ်ဆိုပဲ"

"ဟ.ဟုတ်လို့လား..ပြောင်ကြီး မင်းရောကြားမိသလား`"

"ကိုလင်းက အလုပ်ထဲပဲ နစ်မြုတ်နေပြီး
ဘာမမသိဘဲကိုး."
."တချို့ကျောင်းသူလေးတွေအိမ်ဖော်မလေးတွေကလည်း
ငွေကြေးအခက်အခဲအတွက် PRကိုကိုတို့နဲ့ နေပြီး ဘဝကိုရောင်းစား နေကြတယ်တဲ့"

"အေးကွာဒါတွေအားလုံးဟာ
ငွေကြောင့်ဖြစ်ရတာပါပဲ.."

"ဝမရှိဘဲ ၀ိလုပ်ချင်တာတွေလည်းပါတာပါပဲ.."

"မိန်းခလေးတွေက
အားနည်းချက်တွေများတယ်လေ..သူတို့က အစကတည်းက မှီခိုတတ်တဲ့
သဘာဝပဲလေအားငယ်တတ်တယ်၊
ယုံလွယ်တယ်၊အလှအပလည်း မက်တယ်။ကိုယ်တတ်နိုင်တာထက် ပိုလိုချင်တာတွေ ကြောင့်ပေပေါ့"

"အေးပေါ့ပြောင်ကြီး၇ာ အဓိကကတော့ ငွေပဲပေါ့"

"ိစကာင်္ပူကိုလာတဲ့ မိန်းခလေး
၃မျိုး၇ှိတယ်..ကျောင်းတက်ဖို့၊အလုပ်၇ှာဖို့၊အိမ်ဖော်လုပ်ဖို့ပေါ့။ဘာအတွက်ပဲလာလာ
အရင်းအနှီးကမနည်းဘူးလေ."

".အလုပ်လာရှာတဲ့သူတွေထဲမှာ တချို့ပြေလည်တယ်၊တချို့က
သူများဆီကချီးငှားပြီးလာ
ကြရတယ်။နေထိုင်ခွင့်က ၂လပဲရတယ်။အဲဒီအတွင်း အလုပ်ရှာ
..ရရင်တော့တော်သေးတာပေါ့"

"မရရင်တိုင်ပတ်တာပဲ..အထုပ်ပိုက်ပြီးပြန်ကြရုံပဲ..
အိမ်ကိုပြန်သွားရင် ပတ်ဝန်းကျင်ကပြောဦးမယ်..နောက်တစ်ခေါက်ဆိုတာလည်း
မသေချာတော့ဘူး...
အဲဒါနဲ့ပဲ ကျောင်းလျှောက်ကြပြန်ေ၇ာ"
လုပ်ရှူပြောသမျှ ကျန်နှစ်ယောက်က ငေးမောနားထောင်နေကြသည်။

"ဟုတ်တယ်လုပ်ရှူ
ဒီမှာကျေုာင်းတက်စရိတ်၊နေဖို့စားဖို့ကလည်းဈေးကြီးတယ်..အဲဒီအချိန်မှာ
မိဘကလည်း
ထပ်ပြီး မပို့နိုင်တော့ ဒီမှာသောင်တင်ပြီး ပျက်စီးကြရတာပေါ့.."

"အိမ်ဖော်တွေကတော့ လစာနည်းလို့ ဒုက္ခေ၇ာက်ကြရတယ်..ကိုယ့်ကိုယ်ကိုမထိမ်းဘဲ
ထွက်ပေါက်ရှာတာက ပိုဆိုးတယ်.."

"ကျောင်းသူလေးတွေကတော့ ငယ်လွန်းတဲ့အရွယ်လေးမှာ လွတ်လပ်မှုဒဏ်
မခံနိုင်ကြဘူး..ပြီးတော့
ဒီနိုင်ငံရဲ့ အနောက်တိုင်းဆန်မှုမှာ မျောပါသွားတာပေါ့ဗျာ"

"ဟုတ်တယ်ပြောင်ကြီးရ ခုနိုက်ကလပ်တွေမှာ ဗမာမလေးတွေ ပေါတယ်လို့ကြားနေရတယ်"

"ကြားရတာစိတ်မချမ်းသာပါဘူးကွာ"

"မင်းတို့၂ကောင်ပြောမှ အကိုလဲအကုန် သိရတော့တယ်..စိတ်မကောင်းစရာပါပဲကွာ
မိဘမောင်ဘွားတွေသိရင် ရင်ကျိုးကြ၇မှာပဲ"

"...ဘယ်လိုလဲ မိန်းမယူရမှာ
လန်ကသွားပြီလား ကိုလင်းရ"

"ကောင်းကောင်းမွန်လုပ်စားပြီးတန်ဖိုးရှိရှိ နေနေကြတဲ့
အမျိုးကောင်းသမီးလေးတွေ အများကြီးပါဗျာ.."

"ဟုတ်တယ်ပြောင်ကြီး
ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုသလို..စကာင်္ပူမှာေ၇ာက်နေတဲ့
ကောင်မလေးတွေကကွာဆိုပြီ..၀ါးလုံးရှည်ကြီးနဲ့ အရမ်းခံရတာတော့ ဘယ်ကောင်းမလဲ.."

"လုပ်ရှူလေးပြောတာမှန်တယ်..လူဆိုတာ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊မိန်းခလေးပဲ
ဖြစ်ဖြစ် စိတ်ဓာတ်မာကျောရတယ်၊
ကိုယ်ကျင့်တရားကို စောင့်ထိမ်းရတယ်၊အမှားအမှန်ချင့်ချိန်ပြီး ဆုံးဖြတ်ချက်
မှန်အောင်ချနိုင်၇တယ်၊ပြီးတော့ကိုယ်မနိုင်
တဲ့ဝန်ကို မထမ်းရဘူးပေါ့ကွာ..."
ဘီယာပုလင်းတွေ စားပွဲပေါ်တိုးလာတာနဲ့အညီ သူတို့စကားဝိုင်းလေးက ပိုပြီးအရှိန်ကောင်းလာသည်။

"ဟာ...တချိန်ငြိမ်နားထောင်နေတဲ့ ကိုလင်းက ပြောတော့လည်း အနှစ်တွေပါလားဗျ.."

"ဒီနေ့တော့ တန်သွားပြီဗျာ
.ဒါကြောင့်မို့ပြောတာ ခေါင်း၃လုံးရှိသူထံမှာ
ပညာသင်ယူပါတဲ့..ဟား..ဟား.."

"မင်းတို့ မနောက်ကျနဲ့လေကွာ."

'မနောက်ပါဘူးဗျာ တကယ်ပြောတာပါ.."

"အေး ခုခေတ်လူငယ်တွေက ဘာသာရေးအားနည်းလာသလို စာအုပ်စာပေတွေလည်း
မဖတ်ကြတော့ဘူး.."

"အဲဒါကြောင့် အသိတရားတွေ ၊ဆင်ခြင်မှုတွေ၊စရိတ္တတွေ အားနည်းနေကြတယ်"

"နည်းပညာနဲ့ ငွေနောက် တကောက်ကောက်လိုက်ရင်း လူသားဆန်တဲ့ မြင့်မြတ်တဲ့စိတ်တွေ
လုံးပါးပါးနေကြတယ်ကွ"

'ကဲ ..ကဲ..စကားတွေက တောင်ရောက်မြောက်ရောက်နဲ့ သောက်တာကြောင့် ခါတိုင်းထက်များနေပြီ ဆိုင်လည်းပိတ်တော့မယ်"

"နောက်မှဆွေးနွေးကြတာပေါ့ကွာ တို့လလည်း ဘီယာသောက်လေးတွေ လျော့ ပရဟိတလုပ်ငန်းလေးတွေဘက် အားစိုက်ကြရအောင်ကွာ"

"ဟုတ်ကဲ့ ကိုနေလင်း"
ကိုလင်းစကားအဆုံး လုပ်ရှူနဲ့ ပြောင်ကြီးတို့နှစ်ယောက် ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြသည်။

သိမ်းနေတဲ့ ဆိုင်တချို့ကလွဲလို့ ညဦးးပိုင်းက ရွှေမြန်မာတွေနဲ့ စီညံနေတဲ့ ပင်နီဆူးလားပလာဇာကြီးက နည်းနည်းတိတ်ငြိမ်သွားပါပြီ။

နောက်ရက် အလုပ်ဆင်းဖို့ အားမွေးရင်း တယောက်နဲ့တယောက်နှုတ်ဆက်လမ်းခွဲကာ ပြန်ခဲ့ကြသည်။

ဆိုင်ကပြန်လာတော့ ကျနော်ခေါင်းထဲ ဘာသာရေး၊စာရိတ္တနဲ့ ကိုယ်ကျင့်တရား တွေ
ရောထွေးပါလာပါသည်။

လင်းဝေ

စာရွက်ပေါ်ကနေ့စွဲ

ဒုန်း...ဒုန်း...ဒုန်း...
တံခါးခေါက်သံသည် နားထဲသို့ အရှိန်ပြင်းစွာ ပြေးဝင်လာသည်။ကျနော်တို့ သူငယ်ချင်းတွေထဲကတော့ မဖြစ်နိုင်။
ဘယ်သူမျာပါလိမ့်ဆိုတဲ့အတွေးနဲ့ တံခါးကိုဆွဲဖွင့်လိုက်တော့ မြေညီထပ်က ဥက္ကဌရဲ့ တပည့်ကျော် ပေါက်ကြီး ဖြစ်နေသည်။
အသားမည်းမည်း ထောင်ထောင်မောင်းမောင်းနဲ့ ပေါက်ကြီးကို ကျနော်တို့အဖွဲ့က သက်တော်စောင့်ကြီးဟု
ကင်ပွန်းတတ်ထားသည်။ပေါက်ကြီးက ပညာမတတ်၊တကောင်ကြွက် ဥက္ကဌအိမ်ကပ်နေပြီး တာက်တိုမယ်ရ၊
အကြမ်းပတမ်း အကုန်လုပ်ရသည်။
ဘာလဲ..ကိုပေါက်ကြီး..ညနက်မှ..
မင်းတို့အဖွဲ့ကိုဥက္ကဌကြီးက လာခဲ့ဦးတဲ့..ငါထင်တာတော့ ဧည့်စာရင်းကိစ္စနဲ့တူတယ်.။
ကျနော်တို့နေတာက ၅လွှာတိုက်ခန်းမှာဖြစ်သည်။ဥက္ကဌအိမ်က မြေညီထပ်မှာဖြစ်သည်။အသားမည်းမည်းဗိုက်ရွှဲရွှဲနဲ့
ဦးမြင့်အောင်မျက်နှာကြီးကို မြင်ယောင်မိသည်။
ကျနော်တို့ သူငယ်ချင်းတွေက နယ်မှာကျောင်းပြီးပြီးချင်း ရန်ကုန်ကို လုပ်လာလုပ်ကြခြင်းဖြစ်သည်။အလုပ်ရတော့လည်း
လှိုင်သာယာက အထည်ချုပ်စက်ရုံ တစ်ရုံမှာရသည်။ယခုနေနေသည့် တိုက်ခန်းကလဲ ကျနော်တို့သူငယ်ချင်းတွေနေဖို့
သူဌေးပေးထားခြင်း ဖြစ်သည်။ကျနော်သူငယ်ချင်းမျိုးကြီးက အ၇င်၂နှစ်စောပြီးေ၇ာက်သည်။နောက်၁နှစ်နီးနီးကြာမှ
သူဌေးကိုပြောပြီး ကျနော်တို့ ကျန်တဲ့သူငယ်ချင်းတွေကို ခေါ်ခြင်းဖြစ်သည်။ဒီရပ်ကွက်မှာနေတာ ၁ နှစ်ကျော်လောက်
ရှိပြီ ဖြစ်သည်။လူငယ်တွေကြီးပဲဆိုတော့ ပျော်ပျော်ပါးပါးနေကြသည်။ဂစ်တာတီး၊သီချင်းဆိုနဲ့ တခါတရံ ညနက်တဲ့အထိ
ဆူဆူညံညံတော့ရှိသည်။ရပ်ကွက်ထဲမှာလဲ ခတ်တည်တည် ကိုယ့်အထာနဲ့ကိုယ် နေကြပါသည်။ဒါပေမယ့် ဘာကြောင့်
မှန်းမသိ ကျနော်တို့ပုံစံကို ဥက္ကဌက ကြည့်ရပုံမရှိ လမ်းမှာတွေ့လျှင် မျက်နှာကြောကြီး တင်းထားတတ်သည်။သူ့ကို
အရိုအသေပေးမှ သဘောကျသည်ထင်သည်။ကျနော်တို့အေးအေးဆေးဆေးနေတတ်တာကို သဘောကျပုံမရပေ။
ဘွဲ့ရပညာတတ်လည်း မဟုတ်သည့်အပြင် စကားအပြောဆိုရိုင်းလှသည်။
ရန်ကုန်ရောက်ကတည်းက မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားကဒ်ပြားကိုင်ဆောင်ထားသော ကျနော်တို့မှာ
လစဉ်ဧည့်စာရင်းတိုင်ကြရသည်။ဧည့်စာရင်းတိုင်တိုင်းလည်း ၅၀ ပေးရသည်မှာ ၁ နှစ်ပင်ကျော်နေပါပြီ။
ဒီလတော့ အလုပ်ရှုပ်နေတာရော ပြီးတော့သတိမထားမိသဖြင့် ဧည့်စာရင်းတိုင်ဖို့ မေ့နေခဲ့ကြသည်။အဲဒါကြောင့်လဲ
ဥက္ကဌက ခေါ်ခြင်းဖြစ်ပေလိမ့်မည်။
ကျနော်တို့ သူငယ်ချင်း၅ယောက် ဥက္ကဌရုံးခန်းသို့ဝင်သွားသည်။ရောက်ရောက်ချင်းပဲ ဥက္ကဌက
နေစမ်းပါဦး.မင်းတို့က ဧည့်စာရင်းမတိုင်ဘာမတိုင်နဲ့ ဘာအချိုးချိုးတာလဲ။
မင်းတို့ တရားဝင်နေတာရော ဟုတ်ရဲ့လား။ပြောကြစမ်းပါဦး..။တရားမဝင် အလုပ်တွေများ လုပ်နေကြသလား။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဥက္ကဌကြီး၏ စကားလုံးတွေက ဆိုးရွားကြမ်းတမ်းလွန်းလှပေသည်။
အိမ်ကရော ဂရမ်ရောရှိလား....ဂရမ်ပြစမ်းပါဦး....တဖြည်းဖြည်း စကားတွေက စော်ကားလွန်းလာသည်။
ကျနော်သူငယ်ချင်း စိုးလင်းက ကျနော်တို့ထဲမှာ စိတ်အဆတ်ဆုံးဖြစ်သည်။မဟုတ်မခံစိတ်လည်းရှိ၏။
ဥက္ကဌကြီးဒီလိုတော့ တူသားချင်းမစာမနာ မပြောသင့်ပါဘူး။
ကျနော်တို့လည်းပညာတတ်တွေပါ။ကောင်းကောင်းမွန်မွန်လုပ်စားနေတဲ့ လူငယ်တွေပါဗျ။
ဒီရပ်ကွက်မှာနေတာလဲ နှစ်ပေါက်နေပါပြီ။
ကျနော်တော်တို့သတင်းဘာမကောင်းတာကြားမိပါသလဲ။
အိမ်ကတော့ ကျနော်တို့သူဌေးပိုင်တယ်
ဥက္ကဌကြီးမယုံရင် ကျနော်တို့သူဌေးကိုကြိုက်တဲ့အချိန်ဖုန်းဆက်မေးနိုင်ပါတယ်။
စာရိတ္တကိုအစော်ကားခံရခြင်း၊ရိုးသားမှုကို ထိခိုက်ခြင်းတို့ကြောင့်
စိုးလင်း၏အသံတွင် ဒေါသအရိပ်တွေပါသွားသည်။
ဟ...မင်းလူကြီးကိုလူကြီးမှန်းမသိ မိုက်ရိုင်းလှချည်လား..ကဲကွာ ဒီလောက်မိုက်ရိုင်းတဲ့ကောင်...
ဘုန်း..ဥက္ကဌကစိုးလင်း မျက်နှာတည့်တည့် လက်သီးနဲ့ပစ်ထိုးလိုက်၏။
ကျနော့်သူငယ်ချင်းကိုထိတော့ ကျနော်လည်းမခံနိုင်ပေ။
ရှေ့ကခုန်ကိုကျော်ပြီး ဥက္ကဌကို အားကုန်ထိုးလိုက်မိတော့သည်။
ဟေ့ကောင်တွေလာကြစမ်း ဒီကောင်ကို ဆုံးမကြစမ်း..ဥက္ကဌရဲ့ လူတွေ အယောက် ၂၀ လောက်အခန်းထဲဝင်လာကြသည်။
ပြီးတော့ကျနော်နှင့် သူငယ်ချင်း၂ယောက်ကို ဝိုင်းထိုးကြပါတော့သည်။
ကျနော်တို့လည်း အစွမ်းကုန်ပြန်လည်ခုခံကြသည်။သို့သော် အင်အားမမျှပေ။
ကျတဲ့သူငယ်ချင်း၂ယောက်ကဝင်မထိုးရဲကြ ထိုင်ကန်တော့ပြီးတောင်းပန်နေကြသည်။
ကျနော်စိတ်ထဲ ဝမ်းနည်းမိသည ..နာကြည်းမိသည်။သူငယ်ချင်းတွေ ဆိုးတူကောင်းဖက် ဖြစ်သင့်သည်ဟုထင်သည်။
နောက်ဆုံး ကျနော်တို့၃ယောက်ကို ကုလားထိုင်ပေါ်တွင် လက်ပြန်ကြိုးတုတ်ပြီး ပယ်ပယ်နယ်နယ် ထိုးကြပါတော့သည်။
မလောက်လေးမလောက်စားလေးတွေနဲ့ မင်းတို့ကဘယ်လောက် မိုက်လို့လဲ..ဟား..ဟား..ဟား.....
ဘုန်း..ဘုန်း..ဘုန်း....ကဲကွာ..ဘုန်း..ဘုန်း...
လက်သီးတွေ တလုံးပြီးတလုံး ဝင်လာာကသည်..နာကြင်မှုက အသည်းခိုက်အောင် ပြင်းထန်လှသည်..
လာသမျှလက်သီးတွေကိုခေါင်းနဲ့ ထိုးခံနေရင်းကပင်...နားရွက်တွေလည်း
ကြေနေလေပြီ..လက်သီးတွေကလွဲ၍ ကျနော်ဘာကိုမှမမြင်ရတော့ ...ပါးစပ်ထဲမှ
သွေးတွေ ထွက်လာသည်။ခန္ဓာကိုယ်ကနာကြင်နေသလို စိတ်ကလည်း
နာကြည်းမိပါသည်။
ကဲ..ကဲ..ဟေ့ကောင်တွေတော်လောက်ပါပြီကွာ..ရဲကိုဖုန်းဆက်ခေါ်လိုက်တော့ဟေ့...ဒီကောင်တွေကို
တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲရမယ်...ခဏကြာတော့ ရဲကားတစ်စီးနဲ့ ရဲတွေရောက်လာကြသည်။
ဥက္က္ကဌကြီး ဘယ်လိုဖြစ်တာလဲဗျ။
ဒုအုပ်ကြီးရာ မပြောချင်ပါဘူး..ဒီကောင်တွေပေါ့တော်တော်ရိုင်းတဲ့ကောင်တွေ...စခန်းရောက်မှအေးအေးဆေးဆေး
ရှင်းပြမယ်ဗျာ..လာသွားကြစို့...
ကားနဲ့ကျနော်တို့ရဲစခန်းပါသွားကြသည်။
ကဲဒီကောင်တွေကို အချုပ်ခန်းထဲ ထည့်လိုက်ကြဟေ့...ဟုတ်ကဲ့ဆရာ...
တသက်နဲ့တကိုယ် တခါမှမရောက်ခဲ့ဘူးတဲ့ အချုပ်ခန်းထဲ ကျနော်တို့ကို ထည့်လိုက်ကြသည်။
လူမိုက်လေးတွေလားဟေ့..လာစမ်းကွာ မိုက်မမိုက် စမ်းကြည့်၇အောင်..ဘုန်း..ဘုန်း...
ကျနော်ခွေခနဲ လဲကျသွားသည်။မှတ်ထားတန်းစီး ဗမောင်ဆိုတာငါပဲ မင်းတို့ခေါင်းထောင်ရဲရင် ထောင်ကြည့် ငါ့အကြောင်းသိသွားမယ်...
တကိုယ်လုံးထုံနေပြီ အသည်းခိုက်အောင် နာာကင်မှုကြားမှာ အဖေနဲ့မေကို သတိရသည်.သူတို့သာ ကျနော်ကို
ခုချိန်မြင်ရရင်ဘယ်လောက်ဝမ်းလိုက်မလဲ..အမေတို့ရယ်......သားကိုခွင့်လွှတ်ပါ..သားမဟုတ်တာဘာမှု
မလုပ်ခဲ့ပါဘူးအမေ။
တန်းဆီးဆိုသူက ခေါင်းထောင်လျှင်ခေါင်းကိုထိုးသည် လှုပလျှင်
တင်ပါးကိုဖနောင့်နှင့်ပေါက်သည်။ဒဏ်ရာတွေနဲ့ နာကြင်နေသည့်ကြားက ကျနော်
တညလုံးအချုပ်ခန်းထဲမှောက် အိပ်ခဲ့ရသည်။ဒဏ်ရာတွေကတစစ်စစ်...
နောက်နေ့ကျရင်တော့ သူငယ်ချင်းတွေလာမှာပဲဆိုပြီး မျှော်လင့်ထားခဲ့ပေမယ့် ကျနော်အရမ်းချစ်တဲ့
သူငယ်ချင်းတွေတယောက်မှ ရောက်မလာခဲ့ကြပေ။နေစိမ့်နိုင်လွန်းကြရဲ့..။ရပ်ကွဲထဲက ကျနော်နဲ့မျက်မှန်း
တန်းမိနေသည့်ကောင်းလေးတယောက်သာ မမျှော်လင့်ဘဲရောက်လာခဲ့သည်။
အကိုရာမျက်နှာတခုလုံးဒဏ်ရာတွေနဲ့ပါလားဗျာ ကျနော်စတ်မကောင်းဘူး
အကိုလို သဘောကောင်းအေးတဲ့သူကိုမှဗျာ..ဒါနဲ့ အကိုသူခယ်ချင်းတွေေ၇ာမမြင်ပါလား..
တယောက်မှ မလာာကဘူးကွာ....ဟာ..အဲဒါသူငယ်ချင်းလားဗျာ..
ဘယ်တတ်နိုင်မလဲညီလေးရာကံပေါ့..ခုလိုလာတာကျေးဇူးကွာ..အကိုအဒေါ်တယောက် မြေနီကုန်းမှာရှိတယ်ဖုန်းဆက်
ပေးပါကွာ..အသိမပေးလို့မဖြစ်တော့ဘူး။ကောင်လေးကျေးဇူးကြောင့် အဒေါ်ချက်ချင်းရောက်လာသည်။
နိုင်မင်း..ငါ့တူလေးရယ်ဖြစ်မှဖြစ်ရလေကွယ်..မျက်နှာတခုလုံးလဲရစရာမရှိပါလား..ဘယ်လိုဖြစ်တာလဲကွယ်..
ဒေါ်လေးနောက်မှရှင်းပြမယ်ခုကျနော်ဗိုက်ဆာနေပြီ..နားလည်းနားချင်နေပြီဗျာ..။သြော်အေးအေး..
မင်းအမေတို့သိရင်တော့ကွယ်..ဒေါ်လေးရယ် အမေတို့ကို အကြောင်းမကြားပါနဲ့နော်...
အဒေါ်က ကျနော်တို့သူငယ်ချင်း၃ ယောက်ကို၁ယောက် ၃၀၀၀၀ နဲ့အာမခံပြီးထုပ်းခဲ့ရသည်။ ကိစ္စကတော့မပြီးသေး
အမှုရင်ဆိုင်ရဦးမည်။တရားရုံးရောက်တော့ တရားသူကြီးက ဦး..၏သား တရားခံ မောင်နိုင်မင်းဆိုပြီးခေါ်လိုက်တဲ့အသံ
ကျနော့်နားထဲ သံရည်ပူနဲ့လောင်းထည့်လိုက်သလိုခံစားရသည်။သာမာန်ဝန်ထမ်းလေးဘဝနဲ့ တသက်လုံးရိုးသားစွာ
နေခဲ့တဲ့ကျနော်အဖေကို စိတ်ထဲမှာမြင်ယောင်လာရင် ယူကြုံးမရဝမ်းနည်းရသည်။အသည်းထဲထိတဆတ်ဆတ်
တုံအောင် နာကြင်လွန်းလှရဲ့..။ခွင့်လွှတ်ပါအဖေရယ် သားဘာမကောင်းမှုဒုစရိုက်မှ မလုပ်ခဲ့ပါဘူး..သက်သက်
အနိုင်ကျင့်တာကို မခံနိုင်လွန်းလို့ပါ အဖေရယ်......
ထပ်ပြီးရင်နာစရာကောင်းလွန်းတာက အမှုရင်ဆိုင်တဲ့အထိအောင် ကျနော်နဲ့ တအိမ်ထဲနေခဲ့တဲ့သူငယ်ချင်းတွေ
တယောက်မှယောက်မလာကြပေ။နောက်ဒီလိုမဖြစ်စေရပါဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးပြီး အမှုပြီးသွားသည်။
ရပ်ကွက်နဲ့သူငယ်ချင်းတွေကိုစိတ်နာသည်။အလုပ်ကိုလဲ တခါတည်းထွက်ပြစ်လိုက်သည်။အဲဒီရပ်ကွက်ကိုလည်း
မသွားတော့ သူငယ်ချင်းတွေကိုလည်း အဆက်အသွယ် ဖြတ်ခဲ့လိုက်သည်။
သေသေချာချာ စဉ်းစားကြည့်တော့ ဒေါသတွေ၊ဆင်ချင်ဥာဏ်မဲ့မှုတွေ၊သဘောထားသေးသိမ်မှုတွေ၊
ကိုယ်ချင်းစာတရားခေါင်းပါးမှုတွေ၊ဆိုးတူကောင်းဖက် သူငယ်ချင်စိတ်မရှိမှုတွေ..အဲဒါတွေနဲ့ အားလုံး
မှားခဲ့ကြပါသည်။ဥက္ကဌအနေနဲ့ ကိုယ့်တူသားအရွယ်လူငယ်လေးတွေကို ကြင်ကြင်နာနာ ချိုချိုသာသာ ပြောဆိုခဲ့ရင်၊
ဒေါသရှေ့ထားပြီးကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ရင်၊ကျနော်တို့ကလည်း သည်းခံပြီးလူကြီးသူမကိုရိုရိုသေသေ
ဆက်ဆံခဲ့ရင်၊လူကြီးရဲ့အမှားကို အမှားနဲ့လက်တုန့်မပြန်ခဲ့ရင်၊သူငယ်ချင်းတွေကလည်း ညီအကိုစိတ်ဓာတ်နဲ့
တယောက်ကိုတယောက် ကူညီဖေးမခဲ့ကြရင်ခုလို ရင်နာစရာ၊နာကြည်းစရာ နေ့စွဲ တစ်ခုဟာ ကျနော်ဘဝရဲ့စာရွက်
ပေါ်မှာ စွန်းထင်းပေကျံခဲ့မှာ မဟုတ်ပါဘူး..။
ကြာခဲ့ပြီ......ခုတော့ စိတ်နာတာတွေ၊နာကြည်းတာတွေဟာ ရင်ထဲမှာ ဘာမှမရှိတော့။
ုကျောင်းပြီးစ ၂၀ စွန်းစွန်း လူငယ်လေးလဲ မဟုတ်တော့..။အလုပ်အမျိုးမျိုးနဲ့ ပြည်ပနိုင်ငံ ၂ ခုကိုလည်း
ကျင်လည်ခဲ့ပြီးပြီးမို့ ရင့်ကျတ်သင့်သလောက်ရင့်ကျတ်ခဲ့ပြီ...
အရေးကြီးတာကတော့ စိတ်ထားကလေးတွေပါပဲ..တယောက်နဲ့တယောက်နားလည်ပေးပြီး စိတ်ထား
ကောင်းကောင်းလေးတွေထားကြရင် လူ့အသိုင်းအဝိုင်းကြီးမှာ ပြဿနာတွေ မရှိသလောက်နည်းပါးသွားမှာပဲလို့
တွေးမိသည်။လူတိုင်းဟာအမှားနဲ့မကင်းနိုင်ကြဘူးဆိုရင်တောင် အမှာနည်းနိုင်သမျှနည်းအောင်နေထိုင်ကြဖို့
ပါလိုသည်။ကိုယ်ပြောမဲ့စကားတစ်ခွန်း၊ကိုယ်လုပ်မယ့် အလုပ်တခု အပြစ်ကင်းအောင်၊အကြိုးရှိအောင် ကျင့်ကြံ
ရမည်။တွေးတောကြရမည်။ဘာလုပလုပ် ကောင်းတဲ့အကျိုးရှိပါစေ...။
လူ့ဘဝသည် အခိုက်အတန့်လေးတွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။ခွင့်လွှတ်မှု ကိုယ်ချင်းစာမှုတွေနဲ့
အယောက်ခွက်ကိုတယောက် ဖြည့်စွက်ရပေမည်။

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

မိုးရေနဲ့စွတ်စိုနေတဲ့အလွမ်း


ညနေရီသည် ပုဇွန်ဆီရောင် တိမ်တိုက်လေးတွေနဲ့ ဆွတ်ပြန့်စွာ လှပနေပါသည်။
ဒါပေမယ့် ကံဆိုးစွာ လေပြင်းတွေ ကျလာခဲ့သည်။ကြည်နူးစိတ်ကလေးတွေ
ဘယ်ရောက်သွားမှန်းမသိ...
တောင်ဘက်ဆီမှ မိုးသားမည်းမည်း တလိမ့်လိမ့် တက်လာလေပြီ။
ကျနော် ကတ္တရာလမ်းကလေးပေါ် တယောက်ထဲ လျှောက်နေ၇င်း သူမကို သတိရမိသည်။
သြော်..ခုချိန်ဆို သူမလေး ဘာတွေများလုပ်နေမည်လဲ....ကျနော်အကြောင်းတွေတွေးနေမလား...
မိုးသားတွေလဲ ကောင်းကင်နဲ့ အပြည့်
လောကသည် ချက်ချင်း အမှောင်တိကျလာသည်။မိုးရွာတော့မည်ထင့်..
ကျနော့် အတွေး မဆုံးလိုက်ပါ။မိုးရေစက်တွေ ကျနော်ကိုယ်ပေါ် အငြိုးတကြီး ခုန်ချလာကြသည်...
ကဗျာဆန်ဆန်ပြောရရင်တော့ ၀မ်းနည်းနေတဲ့ ကောင်းကင်ကြီးအောက် အလွမ်းကြောင့် ၀မ်းနည်းနေတဲ့
လူငယ်လေးတယောက် အထီးကျန်စွာ လျှောက်လှမ်းနေသည်ပေါ့........
ဒီလို မိုးတွေသည်းတဲ့နေ့တွေတိုင်းမှာ တစုံတခုကို
ကျနော်အမြဲလွမ်းနေတတ်ပါသည်...မိုးသည်းသည်းထဲမှာ
ကျနော်ဆိုတဲ့ကောင်ဆိုးလေးဟာ မေ့မေ့အိမ်က ထွက်ပြေခဲ့ဖူးသည်...မိုးစက်တွေထဲမှာဘောလုံး ကန်ခဲ့ဖူးသည်
မိုးရေတွေထဲမှာ ချစ်သူနဲ့ပျော်ရွှင်စွာ လျှောက်လည်ခဲ့ကြဖူးသည်..ကျနော်တို့နှစ်ယောက်
ဝေးခဲ့ကြတော့လည်း
မိုးထဲရေထဲမှာပဲလေ....
တကိုယ်လုံးမိုးရေတွေ ရွှဲရွှဲစိုနေပါပြီ....ဒီလိုမိုးရေတွေနဲ့ရွှဲရွှဲစိုနေတဲ့ နေ့လေးတနေ့မှာပဲ
ကျနော်နဲ့သူမလေးတို့
ခွဲခွာခဲ့ကြသည်။မှန်တာပြော အလိုရှိရာ ပြည့်စုံရပါစေ ခုလိုမိုးရွာထဲမှာ ကျနော့်ချစ်သူကို ကျနော် လွမ်းနေပါသည်။
လွမ်းတယ်ချစ်သူရယ်...အလွမ်းတွေ ရင်ဘတ်ကြီးနဲ့ အပြည့်....ပြည့်နိုင်ခဲတဲ့ တောင်းဆုတွေကြား
ငါရင်မောရပါလား ချစ်သူလေးရယ်...


လင်းနေ နင်ငါ့ကို တကယ်ခွဲသွားရက်တယ်ပေါ့နော်..
ငါ့ကိုမထားခဲ့ပါနဲ့ လင်းနေရယ်..ငါလဲနင်သွားတဲ့ဆီလိုက်ချင်တယ်..
ကလေးတစ်ယောက်လို ပူဆာနေတဲ့ ချစ်သူလေး..နှုတ်ခမ်းလေးတွေက မိုးရေနဲ့ စိုလက်လို့..
မျက်ဝန်းတွေမှာလည်း မျက်ရည်တွေ အပြည့်...ဘယ်လိုပဲကြည့်ကြည့် လှရက်လွန်းတဲ့ ချစ်သူလေးရယ်
ငါဘယ်လိုနှလုံးသားနဲ့ ထားခဲ့ရမလဲ....
နှုတ်ခမ်းလေးကို ကိုက်ထားတဲ့ သွားစွယ်ဖွေးဖွေးလေးတွေက ကျနော့်နှလုံးသားကို ကိုက်ခြွေနေသလိုပါပဲ
ရင်ထဲမှာတစစ်စစ် ခံရခက်လွန်းလှသည်။
ငါလဲဘယ်ခွဲချင်ပါ့မလဲ ယုယရယ်..
နင်ကိုခွဲပြီး အဝေးကြီးကိုထွက်သွားမယ်လို့ တခါမှ မတွေးခဲ့ဖူးကွာ
ဒါပေမယ့် အခြေအနေတွေက ဒီလိုဖြစ်လာတယ်လေ....
ငါကအိမ်မှာ သားကြီးလေ ငါ့မှာ တာဝန်တွေ အများကြီးရှိသေးတယ်..ကျောင်းလဲပြီးပြီဆိုတော့ မိဘကိုလုပ်ကျွေး
ရဦးမယ်...မျက်ရည်တွေနဲ့ ရှိုက်ငိုနေရင်း သူမ နားထောင်နေရှာသည်။
ညီလေးညီမလေးတွေကိုလဲ ထောက်ပံ့ပေးရဦးမယ်လေ..ပြီးတော့ နင်နဲ့ငါ တို့နှစ်ယောက်ရဲ့ အနာဂတ်
အားလုံးအတွက် ငါငွေတွေ အများကြီးရှာရဦးမယ်..လက်ထပ်ပြီးရင်လည်း နင့်ကို
တင့်တောင်းတင့်တယ်
ထားချင်တယ်..
လင်းနေရယ် ငါနင်ပင်ပန်းဆင်းရဲမှာကို မကြည့်ရက်ဘူး..ပြီးတော့.ငါနင့်ကို အရမ်းချစ်တာပဲသိတယ်..ဟင့်..ဟင့်..
ချစ်သူက သနားစဖွယ်ငိုနေတော့လည်း နှလုံးသားတွေက မခိုင်ချင်...
ငါ့မိဘတွေက ဆင်းရဲတယ်လေ..ဒီမှာစီးပွားရေးလုပ်ဖို့ ဆိုတာ အရင်းအနှီးလိုတယ်..
ငါမှာက ရှိစုမက်စု မေမေတို့ အပင်ပန်းခံကျောင်းထားခဲ့လို့ ဘွဲ့လေးတစ်ခုပဲရှိတယ်လေ
ငါတို့နှစ်ယောက်ခုလက်ထပ်လိုက်လို့ နင်နဲ့ ငါ့မိဘတွေကိုစိတ်မဆင်းရဲစေချင်ဘူး ညီညီမတွေကိုလဲ
မျက်နှာ မငယ်စေချင်ဘူး...ချစ်သူနဲ့လက်မထပ်ချင်တဲ့သူ ဟောဒီကမ္ဘာကြီးမှာ
ဘယ်သူရှိမလဲကွာ...
ငါ့ကိုနားလည်ပါ ယုယရယ်...ငါနင့်ကို အသည်းပေါက်မတတ် ချစ်ပါတယ်...
ငါနားလည်ပါတယ်...ဒါပေမယ့် ခုလိုတကယ် ထားသွားတော့မယ်ဆိုတော့....ဟင့်..ဟင့်
ဘယ်လိုနေရမလဲမသိတော့ဘူး...
နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်ပြီး ရှိုက်ကြီးတငင်ငိုနေပုံလေးက
သွားရမဲ့ခြေလှမ်းတွေကို
လေးကန်စေပါသည်...
ယုယမှာ မိဘတွေကလွဲရင် တွယ်တာစရာ အားကိုးစရာဆိုလို့ လင်းနေတစ်ယောက်ထဲပဲ
ရှိတာပါ..
ယုယ တကယ် မခံစားနိုင်ဘူး လင်းနေရယ်..
သြော် ယုယရယ်....ချစ်သူလေးကို ၇င်ခွင်ထဲ
မှာဆွဲသွင်းထားမိသည်....နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်စလေးတွေ
ကိုဖယ်ပြီး ဖွဖွကလေးနမ်းမိသည်..နောက်ဆိုဒီနဖူးပြင်လေးနဲ့
ဘယ်ကာလထိဝေးနေရဦးမလဲ...
ဝေးနေရတယ်ဆိုပေမယ့် အင်တာနက်မှာတွေ့လို့ရတာပဲလေ..ပြီးတော့ငါလည်း
ခဏခဏဖုန်းဆက်မယ်လေ..
ငါနင့်ကို အမြဲချစ်နေ လွမ်းနေမှာပါ....င့ါကိုစိတ်ချပါ ယုယရယ်..ငါလဲ
စိတ်ချမယ်နော်...အစစအရာရာ
ဂရုစိုက်ပါကွာ...

ချစ်သူ၏မျက်နှာသည် ကျမအတွက်တော့
လပြည့်ဝန်းကြီးပါပဲ...သားလိမ္မာလေး၊အားကိုးလောက်တဲ့ အကိုကြီး၊
တာဝန်ကျေတဲ့ ချစ်သူတစ်ယောက်....ချစ်သူရဲ့ မြင့်မြတ်ဖြူစင်တဲ့
စိတ်ထားလေးတွေကြောင့် ချစ်သူကို ပိုပြီးချစ်ရပါ
သည်...တကယ်ခွဲရတော့မယ်ဆိုတော့ မခံစားနိုင်ဘူး...
နင်က ယောက်ျားလေးမို့ ဟန်ဆောင်မြိုသိပ်
နိုင်ပေမယ့်...ငါကတော့မိန်းကလေးဆိုတော့ မငိုဘဲမနေနိုင်ဘူး..
ခရီးသွားရမယ့်ချစ်သူတစ်ယောက်ကို နောက်ဆန်တင်းအောင် မလုပ်ချင်ပါဘူး
လင်းနေရယ်..
လင်းနေရယ် နင့်ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နေခွင့်မရှိတော့ဖူးနော်....ငါလေ
နင့်ရင်ခွင်ထဲမှာနေရရင်
အရာရာအားလုံး လုံခြုံသွားတယ်လို့ခံစားရတယ်...
နင်ကဟိုမှာ အပေါင်းအသင်းတွေပေါပါတယ်..ဟိုရောက်ရင် နင်
ငါ့ကိုမေ့သွားမှာပါ...ငါမှာက အပေါင်းအသင်းလည်း
မရှိ..ဒီမှာတယောက်ထဲကျန်ခဲ့မှာ..ဟိုရောက်ရင် ငါကိုမေ့မသွားပါနဲ့နော်...
မသွားပါနဲ့လား လင်းနေရယ်..ဟင့်......ဟင့်...
ယုယရယ် ချစ်သူလေးရယ် ...
ကိုယ်တိုင်ခက်ခဲစွာ ဟန်ဆောင်မြိုသိပ်နေရသူမို့.ချစ်သူကိုနှစ်သိမ့်ဖို့
စကားလုံးတွေပျောက်ဆုံးနေသည်။
နာရီကြည့်လိုက်တော့ ၃နာရီထိုးဖို့ ၅မိနစ်သာ လိုတော့သည်။
လေယာဉ်ကလဲ ထွက်တော့မယ့်အကြောင်းကြေငြာနေလေပြီ..
ကဲယုယ လေယဉ်ထွက်တော့မယ်....ငါသွားတော့မယ်ဟာ...ဟိုရောက်ရောက်ချင်း
ဖုန်းဆက်လိုက်မယ်..
ဘုရားကိုလည်းတပတ်တခါ သွားဖို့ မမေ့နဲ့နော်......

မိုးတွေက တဖွဲဖွဲ ကျနေသည်...ဒါပေမယ့်ရင်ထဲကရွာတဲ့မိုးက ပိုသည်းပါသည်...
မျက်ရည်အ၀ိုင်းသားနဲ့ လက်ပြကျန်ရစ်ခဲ့တဲ့ ချစ်သူလေး ရေ...
ငါ့ရင်ထဲမှာ မကောင်းလိုက်တာကွာ..လေယဉ်ရဲ့ ၀မ်းဗိုက်ထဲရောက်တဲ့အထိ
မျက်ရေတွေနဲ့ လက်ဝေနေတဲ့
ချစ်သူမျက်နှာလှလှက ကျနော့်နှလုံးသားမှာ ကပ်ပါလာသည်....
ဘယ်အထိလည်း..ဘယ်လောက်ကြာမှာလည်း...ကြိုမသိနိုင်တဲ့ ကံကြမ္မာဆီသို့
လေယာဉ်ကငြိမ့်ခနဲ
ထိုးတက်သွားသည်..ရွှေရောင်တ၀င်းဝင်းနဲ့
ရွှေတိဂုံစေတီ၊ပင်လယ်ပြာပြာ.....လှပသာယာတဲ့ အမိမြေ
နဲ့အတူ ချစ်သူကို ထားခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ဟာ....ခုတော့
တိမ်တိုက်တွေကြားမှာ ချစ်သူ
အရိပ်ကိုရှာဖွေနေလေရဲ့...

သြော်...ချစ်သူရယ်...ငါတို့နီးကြရမယ့်ရက်တွေ
ရောက်တော့မှာပါ....ယောက်ျားလေးတစ်ယောက်အနေနဲ့
ပွင့်လင်းစွာ ငိုကြွေးခွင့် မရှိခဲ့တဲ့ မျက်ရည်တွေ မိုးနဲ့အတူ မျှောချရင်း
..
အလွမ်းတွေလေ..မျက်ရည်တွေနဲ့ စိုစွတ်လို့.....

ရွှင်လန်းချမ်းမြေ့ပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

အချစ်၌တွေ့ရှိခြင်း

လကွယ်ညတွေကမှောင်မိုက်တိတ်ဆိတ်လွန်းရဲ့
အချစ်ကွယ်ခဲ့တဲ့နှလုံးသားက ပိုမှောင်ခဲ့တယ် ချစ်သူ
ဟိုတစ်စဒီတစ်စ ကြယ်လေးတွေနဲ့
ကောင်းကင်ကနိုးကြားချင်ယောင်ဆောင်တယ်
ဘ၀နက်နက်ထဲက အသက်တမျှ တန်ဖိုးထားခဲ့တဲ့
ငါ့ရင်ဘတ်ထဲက အချစ်တွေ ထုတ်ထုတ်ကြည့်ရင်း
မိုးချုပ်မှန်းမသိ မှောင်မိုက်မှန်းမသိ
ငါ့တစ်ယောက်ထဲ လင်းလက်နေခဲ့တာပါ
ရိုးသားစွာမွေးဖွားလာမယ့် နံနက်ခင်းတစ်ခု မရောက်ခင်ထိ
ငါအိပ်မောကျချင်ယောင်ဆောင်ရတဲ့ ညတွေမှာ
ငါ့နှလုံးသားထက် ငှက်ဆိုးတွေ ခဏခဏ တက်အော်ကြတယ်
အိပ်မက်ဆိုးတွေကြားမှာ ငါခြောက်ခြားလိုက်တာ ချစ်သူရယ်
အိပ်မက်ထဲမှာတောင် မင်းငါ့ကို မုန်းတယ်တဲ့လား
ကူးခတ်ဖို့ခက်ခဲလွန်းတဲ့ပင်လယ်က
ငှဲ့သောက်ဖို့ကျတော့ မလွယ်ခဲ့ပါဘူး
ငါရေငတ်လိုက်တာ ချစ်သူ
ရင်ထဲမှာနေတွေတစ်စင်းပြီးတစ်စင်းထွန်းနေသလိုပဲ
တက်မက်မှုက ပူလွန်းလှရဲ့ ငါ့အချစ်က အတ္တဆန်လွန်းနေပြီထင်ရဲ့
ကမ္ဘာကြီးမှာ မှားယွင်းခွင့်တွေ အများကြီးပါ
ငါဘာကြောင့်ဒီအမှားကိုမှ သိမ်းပိုက်မိရတာလဲ
ငါက အချစ်ကို လိုချင်တောင့်တမှုနဲ့ ရှူရှိက်ခဲ့မိသူပါ
ခွင့်လွှတ်ပါချစ်သူ ..ခုတော့....
ယူခြင်းနဲ့ပေးခြင်း ဝေါဟာရနှစ်ခုကြားက
နုသစ်တောက်ပနေတဲ့ အချစ်ကို
ငါတွေ့ရှိခဲ့ပါပြီ

သားထက်

လမင်းထံပါး၌ပွင့်သောပန်း

မ......
ကျနော်အရမ်းချစ်တယ် မရယ်..စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်..`မင်းဘာသာ အတင်းကြီးပဲချစ်ချစ်
ဒလဟောကြီးပဲ ချစ်ချစ် ၁၅၀၀ ထက် မပိုပါဘူးကွာ´ တဲ့ ကျနော့်အချစ်တွေကို ၁၅၀၀ ဆိုတဲ့ ဂဏန်းလေးနဲ့
ဖော်ပြရတာ ကျနော်အားမရနိုင်ပါဘူး..ဖြစ်နိုင်ရင် ဂဏန်းတွေထောင်သောင်းသိန်းသန်းမက သတ်မှတ်ပြီး
ချစ်ပြချင်ခဲ့တာပါ မရယ်...နားစွင့်လိုက်တိုင်း မရဲ့ဆည်းလည်းလို သာယာတဲ့ အသံကလေးကို တမ်းတတယ်
မျက်လုံးတွေဖွင့်လိုက်တိုင်း မရဲ့ လှုပ်ရှားဟန်ကလေးတွေကို လွမ်းတယ်..ဖုန်းဆိုင်လေးဘက် ရောက်ရောက်
သွားတတ်တဲ့ ခြေလှမ်းတွေကို ထိမ်းချုပ်ရတာ ခက်ခဲလွန်းရဲ့...မင်းရူးနေပြီတဲ့ ဖုန်းဆိုင်က အကိုကပြောတယ်
ဟုတ်တယ် ကျနော် အချစ်မှာ ရိုးသားစွာ ရူးသွပ်ပြီ မရယ်....ဒါပေမယ့် မမှာ ချစ်သူရှိနေတာကို ကျနော်
နောက်ကျစွာသိခဲ့ရတာ ကျနော်ကံဆိုးလွန်းခဲ့တာလား..ဘယ်လိုမှ ဖြစ်နိုင်ဘူးဆိုတာလည်း သိပါရဲ့..
မရယ်..ကျနော်တို့ သူစိမ်းဆန်ဆန် နေသွားကြတာပဲ ကောင်းမယ်ထင်ပါတယ်...သတိရစိတ်တွေက ဒဏ်ရာတွေကို
ခဏခဏ ထိုးဆွနေသလိုပါပဲ....
မရတာကိုမှလိုချင်တောင့်တတဲ့ အာသာက ရင်ကို ပူလောင်စေပါတယ် မရယ်..တနေ့တနေ့ ဘာကြောင့်များ မကို
မတွေးဘဲ မနေနိုင်ရတာလဲဗျာ..ကျနော်လေ ချစ်တတ်တဲ့ စိတ်ကလေးကိုတောင် မုန်းချင်လာပြီ...ပိုင်ရှင်ရှိပြီးသား
ပန်းတစ်ပွင့်ကို မနမ်းသင့်မှန်း သိလျှက်နဲ့ ကျနော် အသိခေါက်ခက် အ၀င်နက်ခဲ့တာပါ...
ကျနော်ဖွင့်မပြောရဲခဲ့ပါဘူး မရယ်...မြိုသိပ်ထားပြန်တော့လည်း မနဲ့မျက်နှာချင်းဆိုင်ရတိုင်း ဘတ်စ်ကားခိုးစီးတဲ့
လူတစ်ယောက်လို ကျနော့်စိတ်တွေ လိပ်ပြာ မလုံခဲ့ပါဘူးလေ...
ခွင့်လွှတ်ပါ မရယ် ..ဒီစာနဲ့ပဲ ကျနော် မကို ချစ်တယ်လို့ ပြောပါရစေ...
ဒီစာနဲ့ပဲ ကျနော့် အချစ်တွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်...ပြီးတော့ ဒီစာနဲ့ပဲ ကျနော် မကို
နှုတ်ဆက်ခဲ့လိုက်မတယ်...
`မ´တယောက် ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်မြတ်နိုးခြင်းများစွာဖြင့် `သော်က´

ဟာကွာ မင်းစာကိုဖတ်ရတာ ငါတောင် ကြွေချင်လာပြီ တကယ်..ဘ၀များပြောင်းလို့ရရင် ခုချက်ချင်းပြောင်းပြီး မင်းကိုအဖြေပေးလိုက်ချင်တယ်ကွာ...တကယ် တကယ်...
မလှောင်ပါနဲ့ ဥာဏ်ထက်ရာ ငါတကယ် ကွဲနေတာပါ..ငါဘာဆက်လုပ်ရမှန်း မသိတော့ဘူး ဆုပ်လဲစူး
စားလဲရူးဆိုတာ ငါ့ကို ပြောတယ်ထင်တယ်..စိတ်ညစ်ပါတယ်ကွာ.....
မင်းအရမ်းစိတ်ညစ်မှာစိုးလို့ ငါက အရယ်နဲ့ဖေါ့ပေးတာပါ သူငယ်ချင်းရယ်.မင်းတကယ်ခံစားနေရတယ်ဆိုတာ
ငါတကယ်နားလည် ပါတယ်..မင်းနာမည် သော်က ကို သောကလို့ပြောင်းရမယ်ထင်တယ်..
အေးကွာ ငါ မ ကို အရမ်းချစ်တယ်..ဘယ်လောက်ထိချစ်ပြီး ဘယ်လိုချစ်တယ်ဆိုတာ
ငါပြောမပြတတ်လောက်အောင်ပဲ....သူ့ရဲ့ ဘဲအကြောင်းတွေ ငါ့ကို
ပြောတယ်..ပြီးတော့ အကြံဥာဏ်တောင်းတယ်...ငါဘယ်လောက်နာကြင်ခံစားရလဲဆိုတာ
မင်းစဉ်းစားကြည့်စမ်း ...ကြာရင် ငါသေလိမ့်မယ်...
ခု မင်းဘယ်လို လုပ်မယ်စိတ်ကူးထားလဲ...တစ်ခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါကွာ...
ငါဆုံးဖြတ်ပြီးပါပြီ ဥာဏ်ထက်..ချစ်သူကို ပိုင်ဆိုင်ခွင့်မရတဲ့နောက် ငါ..ချစ်သူရဲ့အနီးမှာ
မနေချင်တော့ဘူး..ငါရန်ကုန်ဆင်းမယ်..
သင်တန်းတွေတက်မယ် ..ပြီးတော့ ပြည်ပကိုသွားပြီးအလုပ်လုပ်မယ်....ငါမိသားစုအတွက် ငါကြိုးစားရမယ်....
အသည်းကွဲလို့ ဘ၀ပျက်တယ်ဆိုတာ လူ့အန္ဓတွေရဲ့ အတွေးအခေါ်လို့ ငါယုံထားတယ်....
ကောင်းတယ် သော်က မင်းရင်ထဲက ဒဏ်ရာတွေကို အချိန်တွေက ကုစားသွားမှာပါ...ငါလည်းမင်းလို
ငယ်တုန်းမှာ ပြည်ပမှာ ဗဟုသုတ ရှာချင်တယ်..ဒါပေမယ့် ဖေဖေတို့က ခွင့်ပြုဘူး
..ပြန်တမ်းဝင်စာမေးပွဲဖြေပြီး အစိုးရအင်ဂျင်နီယာပဲ လုပ်ရမယ်တဲ့..
ငါကမင်းလောက်သတ္တိမရှိဘူး မိဘအထောက်အပံ့မရှိဘဲ မစွန့်စားရဲဘူးကွာ...သွားပါကွာ
ကြိုးစားပါ..ငါဆီကိုလည်း အမြဲဆက်သွယ်ပေါ့ မင်းအကူအညီလိုရင် အချိန်မရွေး
ငါ့ဆီဖုန်းဆက်လိုက်ပေါ့..
ကျေးဇူးပဲသူငယ်ချင်း ငါမင်းကို အမြဲဆက်သွယ်မှာ အရင်းနှီးဆုံးသူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာပဲ
မင်းမိဘတွေအနေနဲ့ကလဲ ချမ်းသာပြီးသားဆိုတော့ သူတို့အတွက် ဂုဏ်ပဲလိုချင်မှာပေါ့ကွာ....ငါကတော့
ငွေများများရှာရဦးမယ်
ပြီးတော့ ငါက အစိုးရလုပ်ငန်း လုပ်ရတာ ၀ါသနာမပါဘူး..မင်းလည်းသိတဲ့အတိုင်း ငါကလွတ်လွတ်လပ်လပ်နေပြီး လုပ်ချင်တာလုပ်
ပျော်ရာမှာနေချင်တဲ့ကောင်လေ..လောကကြီးထဲ ဘယ်လောက်ကြာအောင် လွင့်ရဦးမလဲ
မသိသေးဘူး....ငါပျင်းတဲ့ အချိန်ဒီမြို့လေးကို ပြန်လာခဲ့မှာပါ..
မင်းမင်္ဂလာဆောင်ရင်တော့ ငါ့ကို ဖိတ်ဖို့
မမေ့နဲ့နော်..ငါအတတ်နိုင်ဆုံးလာနိုင်အောင်ကြိုးစားမယ်..မလာနိုင်ရင်တောင်
လက်ဖွဲ့ ပေးလို့ရတာပေါ့...
အောင်မလေးသော်ကရာ မုန့်ဆီကြော်ကဘယ်မှန်းမသိ နှုတ်ခမ်းနာနဲ့တဲ့ပါ့မလားဆိုသလိုဖြစ်နေပြီ...ရည်းစားတောင်
မူးလို့ရှူစရာမရှိတဲ့လူကို မင်းမို့..ငါကမင်းလို
စာတွေကဗျာတွေလည်းမရေးတတ်ဘူး..talkingလည်းမကောင်းဘူး...မလွယ်ပါဘူးကွာ
လူပျိုကြီး ဖြစ်မယ့်ဇာတာပါတယ်နဲ့တူတယ်..
မင်းမိဘအသိုင်းအ၀ိုင်းနဲ့ မင်းပညာအရည်အချင်းနဲ အမျိုးကောင်းသမီးတစ်ယောက်တော့ ရမှပါကွာ
မပူပါနဲ့..မင်းတော်ဖို့ မလိုဘူး မင်းအဖေတော်ဖို့ပဲ လိုတယ် ..ဟုတ်တယ်
မို့လား..ဟား..ဟား.....
ငါ့ပြောမနေနဲ့ မင်းလည်းဟိုရောက်ရင် နှလုံးသားအသစ်နဲ့ အချစ်သစ်တွေ တွေ့နိုင်ပါသေးတယ်..မင်းက အပြောကောင်းတယ်လေ..
မင်းထင်သလောက်မလွယ်ဘူး ဥာဏ်ထက် ဒဏ်ရာဆိုတာ အနာကျက်သွားရင်တောင် အမာရွတ်တော့ ကျန်ခဲ့သေးတာပဲ
အကောင်းတိုင်းတော့ မဖြစ်နိုင်တော့ဘူးပေါ့ကွာ..
နှလုံးသားလို နူးညံ့တဲ့နေရာမှာဖြစ်တဲ့ဒဏ်ရာက အမာရွတ်ပိုကြီးတယ လို့ပြောရင် မင်းငါ့ကို
စာရူးကဗျာရူးလို့ ပြောဦးမယ်
မ အပေါ်မှာချစ်ခဲ့တဲ့ အချစ်တွေကို ရုပ်သိမ်းခဲ့တယ်ဆိုတာလည်း အဲဒီအချစ်တွေအားလုံး ငါ့နှလုံးသားထဲ
အကုန်စုထည့်ထားခဲ့မိတာပါ
နောက်ထပ် မိန်းမတစ်ယောက်ကို ဆက်ပြီးချစ်ဖို့ဆိုတာလည်း ငါက တစ်ခါသေခဲ့ဖူးပြီးလေ...
အသည်းကွဲတယ်ဆိုတာ သီချင်းဆိုလို့သာကောင်းတာ တကယ်ခံစားရတဲ့သူက မသက်သာဘူး
အေးပေါ့ကွာ..ဘာပဲဖြစ်ဖြစ် မင်းကတော်ပြီးသားပဲ အခက်အခဲတွေ အတားအဆီးတွေကို ခေါင်းအေးအေးနဲ့
ကျော်ဖြတ်ရင်း
အောင်မြင်မယ်ဆိုတာ ငါယုံပါတယ် သူငယ်ချင်း စိတ်ကူးယဉ်တာက ခဏနားထားလို့၇ပေမယ့် လက်တွေ့ဘ၀ကို ရင်ဆိုင်ဖို့
ငါတို့အချိန်စောင့်နေလို့မရဘူး....အချစ်ကို မင်းအတွက် အားတွေအဖြစ် အသုံးချနိုင်ပါစေကွာ...
အင်းပေါ့ ပြီးတော့လည်းပြီးသွားတာပဲလို့ ပြောကြတာပဲ...ရင်ထဲမှာသိမ်းဆည်းရတာတွေက
များလွန်းတယ်...တို့တွေ ရည်မှန်းချက်နဲ့
ပျော်ရွှင်မှုအတွက်ပဲ နေရာအပြည့်ပေးထားသင့်တယ်...
ဟုတ်တယ် ၀မ်းနည်းခြင်းတွေကို ငါတို့ပီကေလိုပဲ ခဏလေးဝါးစားအရသာခံပြီးထွေးထုတ်ကြရမယ်...
ဥာဏ်ထက်ရဲ့ ဒီစကားကတော့ တော်တော်စားသွားပြီ ဒါကြောင့်ရှေးလူကြီးတွေကပြောတာ...ကလေး၊သဘင်သည်၊သူရူး
ဤ၃ဦးစကား မှန်တတ်၏ တဲ့..ဟား..ဟား..
ဟေ့ကောင် အသည်းကွဲသံကြီး ဟန်ဆောင်ရယ်မနေနဲ့ နားတယ်မှာ ငါးဇဉ်ရိုင်းဝင်မွှေနေသလားပဲ ခွီး.....
ငါမနက်ဖြန် သွားတော့မယ် ကားလက်မှတ်ဖြတ်ပြီးပြီ..ခုမှမင်းကို အသိပေးတာကိုတော့
နားလည်ပေးကွာ...ပြန်ကြစို့ကွာ
အများကြီးသောက်မိရင် မေမေတို့ ရိပ်မိသွားလိမ့်မယ်...သွားကာနီးကျမှ မေမေတို့ကို စိတ်မဆင်းရဲစေချင်ဘူး..
ပြီးတော့ မ ကို ဒီစာလေးဝင်ပေးရဦးမယ်..
ဒီလောက်ညနက်နေပြီကို..ငါညနေက ဖုန်းဆက်ထားပါ တယ်..မ ငါ့ကိုစောင့်နေမှာပါ..အန်တီတို့လည်း ငါနဲ့ခင်နေတော့
ပြဿနာ
မရှိပါဘူး..
ဒါနဲ့မနက်ဘယ်နှနာရီ ကားနဲ့လဲ..မနက် 5.30 မန္တလေးကတဆင့်သွားမှာ ငါ့ဘကြီးဘုန်းကြီးကို သွားကန်တော့ရဦးမယ်..
အေး အဲဒါဆို မနက်စောစော ငါ ဆိုင်ကယ်နဲ့ လိုက်ပို့မယ်....
ရွှေစည်တော်ဘီယာဆိုင်ထဲက ထွက်လာကြပြီး ကျောက္ကာလမ်းအတိုင်း လမ်းလျှောက်ပြန်လာကြသည်။
မင်းထွက်သွားရင် ငါတော့ တကောင်ထဲ ပျင်းနေတော့ မှာပဲ..ခါတိုင်းဆိုရင် ညနေတိုင်း
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
စကားလက်ဆုံကျနေကျ..မုံရွာအ.ထ.က (၃)ကျောင်းမှာ အတူတက်ခဲ့ကြတာတွေ ..ပြီးတော့ မုံရွာနည်းပညာမှာ ၅နှစ်စလုံး
အတူတက်ခဲ့တဲ့ နေ့ရက်တွေနဲ့အတူု ငါမင်းကို အမြဲသတိရနေမှာပါ
ကဲပြန်တော့ကွာ မနက်မှတွေ့မယ်..ဟေ့ကောင် အိပ်ယာထဲငိုမနေနဲ့ဦး...
ငါယောက်ျား အရင့်အမာကြီးပါကွ ချီးထဲမှပဲ..ဥာဏ်ထက်က သလ္လာရပ်ကွက်မှာနေသည်..ကျနော်က
နန္ဒ၀န်ရပ်ကွက်ဆိုတော့ ဆက်
လျှောက်ရဦးမည်...
ဂစ်တာတီးတဲ့ကျောင်းသားဆိုင်ကယ်တွေနဲ့ အခြားဆိုင်ကယ် စက်ဘီးတစ်စီးနှစ်စီး ဖြတ်သွားကြတာကလွဲလျှင်
ကျောက္ကာလမ်းမကြီးသည် တိတ်ဆိတ်နေ၏။ဇောတိကကျောင်းရှေ့နားက
အလင်းဆိုင်တွေမှာတော့ လူစည်ကားနေပါသေးသည်။
တချက်ချက် ထထညာတဲ့ ဘောလုံးပွဲရုံတွေက အသံတွေကတော့ မကြခဏ လွင့်လာတတ်သည်။ည အမှောင်အောက်မှာ
ကျောက္ကာ
လမ်းဘေးက တမာပင်ကြီးတွေက ထိုးထိုးထောင်ထောင် မတ်တပ်ကြီးတွေ အိပ်ပျော်နေကြသည် ထင်ရဲ့.....
ငယ်ငယ်လေးကတည်းက ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့
အမြဲစည်ကားနေတတ်တဲ့ ကျောက်က္ကာလမ်း...
မ နဲ့အတူ သွားခဲ့ကြသည့် ကျောက္ကာရွာ ရွှေဂူနီဘုရားနဲ့
ထန်းဇလုပ်ချောင်း၊အလုံလမ်းထွက်ဘက်က ချင်းတွင်းတံတားကြီးနဲ့
ရွှေတောင်ဦးစေတီ၊ မန္တလေးလမ်းထွက်ကနေသွားရတဲ့ မြေနဲရွာလေးနားက
တန်ခိုးကြီးသမ္ဗုဒ္ဓေဘုရားနဲ့ ဗောဓိတစ်ထောင်၊
ချင်းတွင်းမြစ်ဟိုတစ်ဖက်ကမ်းကနေ သွားရတဲ့ ဖိုးဝင်တောင်၊
ညတိုင်းသွားဖြစ်ကြတဲ့ မြို့လယ်က ရွှေစည်းခုံနဲ့ ဆုတောင်းပြည့်ဘုရား
...ဆောင်းညတွေမှာ အတူခံစားဖူးတဲ့ ချင်းတွင်းမြစ်ကြီးဆီက ဖြတ်လာတဲ့
လေညင်းကလေးတွေ..အားလုံးဟာ ကျနော်အတွက်
လွမ်းစရာတွေပါပဲ..ခုတော့ ဒါတွေကျနော်ထားခဲ့ ရတော့မည်....
အောင်သပြေလမ်းကလေးကိုရောက်လာပြီ မ တို့အိမ်ဘက် လျှောက်လာခဲ့သည်။မ က
စာအုပ်ဖတ်ရင်း ကျနော့်ကို စောင့်နေရှာပါသည်။မီးရောင်အောက်မှာ အိနြေ္ဒရစွာ
လှပနေတဲ့ မ ကို ငေးကြည့်နေရင်း ကျနော် မဝေးခင်က ဆွေးနှင့်နေပါပြီ
ချစ်စရာကောင်းတဲ့ မ ရယ် ကျနော် ခွဲမသွားချင်ဘူးဗျာ.. ဒါပေမယ့် ဘယ်လိုမှ
မနီးနိုင်တဲ့ ဘ၀ပါ..
ကျနော် မ တို့အိမ်ရဲ့ ၀င်းတံခါးပေါက်ကြီးနားကနေ မ ကို လှမ်းအသံပေးလိုက်သည်။
သြော် ကိုယ်တော်လေး ပေါ်လာသေးတယ်နော်..လာ ၀င်လေ..
မ၀င်တော့ဘူး မ
အတင်းညနက်နေပြီ..မကိုပေးစရာရှိလို့....အောင်မယ်ထူးထူးဆန်းဆန်း မတွေ့ရတဲ့
လူတွေကျနေတာပဲ..
ပြောစမ်းနင် အရက်တွေသောက်လာတယ် မဟုတ်လား..ဘီယာလေး နည်းနည်း
သောက်လာတာပါဗျာ..
ဘာဖြစ်ဖြစ် ငါမကြိုက်ဘူးလို့ ပြောထားတယ်မဟုတ်လား ...
နောက်မသောက်တော့ပါဘူး မ ရယ်..ပြော ဘာပေးစရာရှိလဲ...
ကျနော်ခံစားချက်ကဗျာလေးတွေပါ..အရင်တုန်းကဖတ်ချင်လို့ ပေးဖတ်ပါဆိုတော့
ရှက်သလေးဘာလေးနဲ့ ခုမှ ဘာအရူးထတာလဲ..
ဟုတ်တယ်ဗျ ခုမှ အရူးထနေလို့ ..ကျနော် ပြန်တော့မယ် မေမေ စောင့်နေေ၇ာမယ်...
ဟုတ်ကဲ့ အရူးလေး ကောင်းကောင်းပြန်နော် ....
မ မျက်နှာလေးကို တစ်သက်စာ အ၀ကြည့်လိုက်ပါသည်..တကယ်ဝေးကြပြီမရယ်......
အိမ်ရောက်တော့ မီးရောင်လင်းနေသေးသည်.မေမေ မအိပသေးဘူးထင်ရဲ့...တံခါးကို
အသာဖွင့်ဝင်ခဲ့သည်။
အိမ်ရှေ့မှာ နှင်းဆီပင်လေးတွေ၊ရွက်လှပင်လေးတွေ၊kiss me quick
ပန်းပင်ကလေးတွေ သူတို့သခင်က သူတို့ကို စွန့်ခွာသွားတော့မှာကို
မသိလေရော့သလား အိပ်မောကျနေကြသည်...သားရယ်နောက်ကျလိုက်တာ
မနက်ခရီးသွားရမှာကို
ပင်ပန်းမှာပေါ့ သားရယ် ..ဥာဏ်ထက်နဲ့ စကားကောင်းနေလို့ပါမေမေ
သားဘီယာနည်းနည်းသောက်ခဲ့သေးတယ်..
အေးအေး နောက်မသောက်ပါနဲ့ကွယ်..ကဲကဲ အိပ်တော့..တညလုံးအိပ်မပျော်..မ အကြောင်းတွေ တွေးနေမိသည်..
မနက် အားလုံးကိုနှုတ်ဆက်ပြီး ဥာဏ်ထက်ဆိုင်ကယ်နဲ့
ကားကွင်းကိုထွက်ခဲ့သည်..မေမေကတော့ တခါမှမခွဲဘူးလို့ တတွတ်တွတ်မှာရင်း
ငိုနေ၍ မနည်းချော့ခဲ့ရသေးသည်...ဖေဖေကတော့ ကိုယ့်ဘ၀ကိုထိမ်းကျောင်းပြီး
တိုးတက်လမ်းရှာဖို့ ပြောနေပေမယ့် သူလည်းမျက်နှာ မကောင်းပါ..
ကဲ..ကောင်ကြီး..သွားပြီဟေ့..ငါ ရန်ကုန်ရောက်ရင်
မင်းဆီဖုန်းဆက်မယ်..မမနှင်းဆီမေးရင် ဘယ်လိုဖြေရမှာလည်း..
ထားလိုက်ပါကွာ..သွားပြီ..ကားစထွက်ပြီမို့ ဥာဏ်ထက်တစ်ယောက်
လက်တယမ်းယမ်းကျန်ခဲ့သည်...
မုံရွာမြို့မှနှုတ်ခွန်းဆက်ပါ၏...မြို့ကလေးသည် တဖြည်းဖြည်းဝေး၍
ကျန်ခဲ့ပါပြီ...မြေနဲရောက်တော့ နောက်ဆုံးနှစ်မှာတက်ခဲ့ရသည့်
မုံရွာနည်းပညာတက္ကသိုလ်ကြီးကို လှမ်းပြီးနှုတ်ဆက်ရင်း
တန်ခိုးကြီးသမ္ဗုဒ္ဓေဘုရားနဲ့ ဗောဓိတစ်ထောင်ဘုရားတွေကို ကန်တော့မိသည်...
မြို့လေးနဲ့အတူ မ ဟာ ကျနော်နဲ့တဖြည်းဝေးခဲ့ပါပြီ...အစကတည်းက ကျနော်ဟာမနဲ့
အဝေးကြီးပါပဲ
ကျနော့် အတွက်တော့ မ ဟာ ဟိုးကောင်ကင်က ငွေလမင်းကြီးရဲ့ ရင်ခွင်ထဲက
တော်ဝင်ပန်းကလေးတပွင့်ပါ...မ ကိုချစ်တဲ့ အချစ်တွေကို မေ့သွားတဲ့ထိ ကျနော် မ
ရဲ့ အဝေးဆုံးကို လွင့်သွားချင်တယ်....
နှုတ်ဆက်ခဲ့ပါတယ် မ ရယ်..

ရွှင်လန်းချမ်းမြေ့ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ဆင်ဆာမဲ့ရှိုက်သံ

ကယ်ပါယူပါတစာစာ
ရေနစ်လို့အော်နေတဲ့သူအတွက်
ဝါးကူထိုးမယ့်သူတွေစောင့်နေကြရဲ့
ရေများရာမိုးရွာ ရေနည်းရာမှာမိုးခေါင်တယ်
အယောင်ယောင် အမှားမှား
စမ်းမိတဲ့ အိတ်ကပ်မှာ
အသပြာတွေအမြဲ ပြတ်လပ်နေတတ်တော့
သမီးလေ....
ရေသောက်ပြီးဗိုက်မှောက်ခဲ့ရတဲ့ညတွေ
များခဲ့ပါပြီမေမေ...
တခုခုလုပ်မှဖြစ်မယ်ဆိုပြီး အလုပ်တွေလိုက်ရှာတော့
ပညာတတ်မှ ရမယ်တဲ့ အမေရယ်..
လွယ်အိပ်ကလေး ပခုံးမှာလွယ်
ပျော်ရွှင်နေတဲ့ ပန်းပွင့်ကလေးတွေရဲ့ဘဝ
သမီးအားကျလိုချင်ခဲ့တာပေါ့
ဖေဖေကကျောင်းပို့ မေမေကကျောင်းကြို
ပျိုမြစ်တဲ့ ဘ၀မျိုးလေးကိုလေ...
သမီးရိုးသားစွာလိုချင်ခဲ့တာပါ မေမေ...
ရုပ်ရှင်မင်းသမီးတွေ လှလှပပလေးငိုရင်
အကယ်ဒမီတွေပေးကြပေမယ့်
သမီးရဲ့ ငိုသံတွေ
အဟားခံခဲ့ရဖူးတယ် မေမေ...
ဒါပေမယ့်လေ...ရင်ထဲမှာ အားငယ်ဝမ်းနည်းခြင်းတွေအဆုံးအစွန်နဲ့
သမီးလေ ခေါင်းအုံးတစ်ခုလုံး မျက်ရည်ဖုံးအောင်
သွန်ချငိုကြွေးခဲ့ဖူးတယ်..
အားနွဲ့သူ အတွက် အကူညီ ရှာပေးမယ့်
မျက်နှာကြီးရာဟင်းဖတ်ပါ
မြေနိမ့်ရာလှံစိုက်ချင်တဲ့ မုဆိုးတွေကတော့
ကျမလိုမိန်းမအတွက် ပေါများလွန်းလှရဲ့...
လူအဖြစ်က ရခဲတယ်ဆို..မေမေရယ်...
အခြေမဲ့ အနေမဲ့ မိန်းမပျိုလေးတစ်ယောက်အတွက်
လူဘ၀ဆိုတာ ဆူးခင်းထားတဲ့လမ်းတွေ
အပြည့်ပါပဲ
လူကြီးလူကောင်းလို ပြုံးပြနေတတ်တဲ့
အဲဒီစုန်းထီးတွေကို ကျမ ကြောက်လိုက်တာမေမေရယ်....
မေမေ......လို့
ရင်ထဲမှာ အားကိုးတကြီး ခေါ်နေခဲ့မိပေမယ့်
သမီးဘ၀က မွေးကတည်းက
အမေဆိုတာ ဘယ်မှန်းမသိခဲ့ အဖေဆိုတာ ဘယ်လိုပုံမှန်း မမြင်ဖူးခဲ့ရ...
ဒါပေမယ့် မေမေလို့တမ်းတလိုက်တိုင်း သမီးရင်ထဲ အားတွေရလာတယ် မေမေ...
ကံကြမ္မာကြီးထဲ ပစ်ချခံခဲ့ရတဲ့ ကျမဟာ
သူစိမ်းတရံစာတွေရဲ့ မှိုချိုးမျှစ်ချိုး အပြောတွေနဲ့
သူခိုးထင် သူဝှက်ထင် အကြည့်ရင့်ရင့်တွေ အောက်မှာ
ကြီးပြင်းရှင်သန်ခဲ့ရတာပါ မေမေ..
သမီးအမှားသေးသေးလေးတွေကို ခွေးလိုဝက်လို နှစ်ပြားမတန်အောင်
ဝိုင်းပြီးလက်ညှိုးတွေထိုးနေကြသမျှ
သူတို့အမှားကြီးကြီးတွေကိုကြတော့ သမီးပြုံးပြပြီး ကျေနပ်ပေးခဲ့ရတယ်
အဲဒါကြောင့် လောကကြီးက
မတရားဘူးလို့ပြောတာ
သမီးမှားသလား မေမေရယ်....
အဲဒီထက် ရင့်ရင့်သီးသီး ပြောရရင်
လူအတော်များများက မတရားကြဘူး မေမေရဲ့...
တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား လင်မရှိတဲ့ မယား မတင့်တယ်ဘူးတဲ့
ရိုးသားတဲ့ အဖော်မွန်တစ်ယောက်နဲ့ တင့်တယ်တဲ့ အိမ်ရှင်မလေးဘဝ
သမီးစိတ်ကူးယဉ် တမ်းတခဲ့ဖူးတယ်
ယုံမိခဲ့တဲ့ ရည်းစားတွေက စားပြီးရင် ပြေးသွားတတ်တဲ့ ပျားတွေလို
နှမချင်းမစာနာကြဘူး
စားနေကြ ကြောင်ပါးတွေနဲ့ ခံတွင်းပျက်နေတဲ့ ကြောင်ဆိုးတွေ
သမီး အတော်ကျိုးချိန်ကို စောင့်နေကြတယ်
ကျားရဲတောမှာ ကျမ
အပြောအဆိုတွေ ရိုင်းခဲ့ပါတယ်
အဲ့ဒီလိုကြမ်းမပြရင် ယမ်းတွေနဲ့ဖေါက်ခွဲခံရသလို သမီးပြာကျသွားလိမ့်မယ်
ကျမဘ၀လေးကို အမဲဖျက်သလို ၀ိုင်းဖျက်ကြဖို့
ခွေးအတွေလို ရမ္မက်ထန်တဲ့ မျက်လုံးတွေပဲရှိတယ် မေမေ
ကမ်းမမြင်လမ်းမမြင် ရင်ခွင်မဲ့နေ့ရက်တွေဟာ
ဆိုးရွားခါးသီးလွန်းလှရဲ့
ဒီထက်နာကြည်းစရာကောင်းတဲ့ ကံကျြမ္မာတစ်ခုဟာ
ကျမဆီရောက်လာတော့မယ်ဆိုတာ
သမီးကြိုမသိခဲ့ဘူးမေမေရယ်
အဲဒီနေ့က မိုးချိန်းသံတွေဲ့
ဆူညံပွက်
သည်းထန်လွန်းတဲ့မိုးနဲ့အတူ ကြမ္မာဆိုးဟာ ရောက်ရှိခဲ့ပါတယ်...
ကားဂိတ်ကလေးမှာမိုးခိုနေတဲ့ ကျမဘေးနား
မေမေ့အရွယ်အန်တီကြီးက သမီးဘယ်မှာလုပ်နေတာလဲတဲ့
လောကကြီးရဲ့ မာယာတွေ သမီးနားမလည်ခဲ့ပါဘူးမေမေ...
.........
.................သမီးရင်ဖွင့်လိုက်မိတယ်....
................
..................အန်တီ့အသိ အလှပြင်ဆိုင်မှာလုပ်မလားတဲ့
အမေငတ်နေတဲ့ ကျမအတွက်
အန်တီကြီးရဲ့ ကရုဏာလွှမ်းနေတဲ့ အပြုံးဟာ
ကောက်ရိုးလေးတမျှင်ဆိုပြီး အားကိုးမိ
ဟန်ဆောင်ခြင်းအတတ် တစ်ဖက်ကမ်းခတ်တဲ့
လူတွေရဲ့
သကာဖုံးထားတဲ့ အပြုံးတွေကို ယုံစားမိခဲ့တယ်မေမေ..
အလှပြင်သင်တန်းတဲ့...အဲဒါဟာ ကျမအတွက်
ငရဲခန်းတွေရဲ့ အစဆိုတာ
ကျမဘယ်လိုကြိုသိနိုင်ခဲ့မှာလည်းလေ
ရုရှစာရေးဆရာဆရာကြီး ဂါရှင်ကရေးခဲ့ဖူးတယ်
`လူတွေထက် ရက်စက်တတ်တဲ့ သတ္တ၀ါ မရှိဘူး
ဝံပုလွေတွေက ၀ံပုလွေသားကို မစားကြပေမယ့်
လူတွေကတော့ လူသားကိုတောင် စားလို့ရရင်
စားကြလိမ့်မယ်´တဲ့...အဲဒါသမီးအတွက်တော့ အရမ်းမှန်တာပဲ မေမေ...
အမှောင်တိကျ သော့ခတ်ခံထားရတဲ့ အခန်းထဲမှာ
သူတို့ကျမကို တိရစ္ဆာန်တစ်ကောင်လို နှိတ်စက်ကြရဲ့
သမီးမလိုပ်ချင်တဲ့ အလုပ်တွေ အတင်းလုပ်ခိုင်းကြတယ်မေမေ
သားသမီးချင်းကိုယ်ချင်းစာစိတ်ဆိုတာ သူတို့ဆီမှာမရှိကြဘူးမေမေရဲ့
မလုပ်နိုင်ဘူးလို့တစ်ခါငြင်းဆန်တိုင်း ကျောပြင်နုနုပေါ်ကျလာတတ်တဲ့
ကျာပွတ်ဒဏ်တွေဟာ အသည်းခိုက်အောင် နာကြင်လွန်းရဲ့
ငိုရဖန်များလို့ မျက်ဝန်းကမျက်ရည်တောင် မထွက်နိုင်တော့တဲ့ အဖြစ်
အဲဒီလူတွေဟာ လူသားတွေဆိုတာတောင် သမီးမယုံနိုင်တော့ပါဘူး
သွေးနဲ့ကိုယ်သားနဲ့ကိုယ် နောက်ဆုံးသမီးလက်မြှောက်အရှုံးပေးခဲ့ရတယ် မေမေ
ဘုရားမှာဝတ်ချ လွတ်မြောက်ဖို့ ဆုတောင်းခဲ့တာ အကြိမ်ကြိမ်ပါ
ဆိုးလွန်းတဲ့ ကြမ္မာကို ဘုရားလည်းမကယ်နိုင် သမ္မာဒေ၀တွေလည်း
မကယ်နိုင်ဘူးထင်ရဲ့
တခါတခါ သေရည်နဲ့ယစ်မူးနေတဲ့ ကောင်ဆိုးလေးတွေအလယ်
တခါတခါကျတော့ အဆီပြန်မျက်နှာကြီးတွေကြား..
အယုတ်၊အလတ်၊အမြတ် မရွေးတို့ရဲ့ ခဏတာ ပျော်ရွှင်ဖို့
ကျမဆိုတဲ့ ကြေးစားမကလေးဟာ ဘ၀တစ်ခုလုံးရေတိမ်နစ်ခဲ့ရတာပါမေမေ
ဝဋ်ကြွေးဆိုလဲ ဒီဘ၀နဲ့ ကျေပါရစေ မေမေရယ်....ကြေးစားမတစ်ယောက်ရဲ့
အမျှဝေသံအတွက် လူတွေက ဟန်ဆောင်ပန်ဆောင်တောင် ယောင်ပြီး သာဓုမခေါ်ကြဘူးတဲ့လား
ဆွမ်းမခံသင့်တဲ့အရပ်မို့ ဆွမ်းလေးကပ်ချင်တာတောင် မကပ်နိုင်တဲ့ ဘ၀ပါ မေမေရယ်
မီးရာင်စုံတွေနဲ့ မြူးကြွနေတဲ့ အခန်းထဲ
အမှောင်တိကျနေတဲ့ ကျမနှလုံးသားရဲ့ ငိုရှိုက်သံက
ဂုဏ်သရေရှိတွေအတွက် တရားမ၀င်ခဲ့ဘူးမေမေ
နိုက်ကလပ်ဆိုတဲ့ အမည်နာမကိုမုန်းတယ်...မီးရောင်တွေကိုလည်းမုန်းတယ်..
ဒါပေမယ့် မေမေရယ် စားဝတ်နေရေးလေ....သူများတွေက တစ်သက်မှာ တစ်ခါသေကြပေမယ့်
သမီးက အသက် ၁၀၀ မပြည့်ခင် ဘ၀အခါ ၁၀၀ သေခဲ့ရပြီးပါပြီ.......
အညတရကြေစားမလေးရဲ့ဘ၀ ဘယ်ဥပဒေက ကာကွယ်ပေးပြီး
ဘယ်လိုသူရဲကောင်းက ကယ်တင်ရှင်လုပ်မှာလဲလေ....ကြေးစားမလေးမှာလည်း
ဘုရားနဲ့တရားနဲ့ပါ မေမေ...သမီးဘ၀မှာ ဘုရားပဲ အားကိုးရာပါ..
ဝဋ်ကြွေးဆိုလဲ ဒီဘ၀နဲ့ ကျေပါရစေ မေမေရယ်...ကျမအမျှဝေပါတယ်
အညတရကြေစားမလေးရဲ့ ရှိုက်သံသဲ့သဲ့တွေက
ဆင်ဆာမဲ့ပါပဲ ...မေမေရယ်....

ကြီးသူကို ရိုသေ၊ရွယ်တူကို လေးစား၊ငယ်သူကို သနားနိုင်ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

လေတံခွန်

နွေက...လေတွေကိုရူးသွပ်စေခဲ့လားမသိ...
လေရူးတို့ မြူးနေကြပြီ.....မြင်မြင်သမျှသစ်ပင်တွေအရိုးတံတွေနဲ့အတိပြီးနေကြ၏။ဆွေးဆွေးမြေ့မြေ့အော်
နေတဲ့ဥသြသံသဲ့သဲ့ ကိုကြားနေရပါသည်။
တောတန်းလေးတလျှောက်မှာ မြူတွေကဆိုင်းနေ၏။ရေခန်းခြောက်နေသောရေကန်ကလေးမှာ
ဗျိုင်းတကောင်အစာရှာနေရဲ့..လက်ပံပင်တွေကလက်ပံပွင့်တွေနှင့်ရဲရဲနီနေပြီး
တမာရွက်ခြောက်ဝါ၀ါလေးတွေက လမ်းမပေါ်ကျဲပြန့်နေသည်။
လေအဝှေ့မှာလက်ပံပွင့်ကလေးတွေ စကြာလိုလည်ပြီးကြွေကျနေတာကြည့်လို့ကောင်းလှရဲ့။ လေပွေကတော့မှာတမာရွက်တွေယိမ်းထိုးမျောပါ နေကြတာလည်းကဗျာဆန်လှရဲ့။ အရိုးပြိုင်းပြိုင်းထနေတဲ့ထနောင်းပင်တွေက ရွာအလယ်လမ်းမရဲ့တစ်ဖက်တစ်ချက်မှာအစီအရီရှိနေကြသည်။ အဲဒီမြေနီလမ်းလေးအတိုင်းကောင်လေးတယောက်လမ်းလျှောက်လာနေလေသည်။
လက်ထဲမှာ လေတံခွန်လေးနဲ့ရစ်ဘီးကလေးကို ကိုင်ထားပြီး လွယ်အိတ်တလုံးကိုလည်း
လွယ်ထားသေးသည်။
သူသွားနေတာက ရွာအစပ်က တောတန်းလေးဆီကိုပေါ့....လမ်းတလျှောက်လှည်းတွေ ဖြစ်သွားနေကြတာများ
ဖုန်တွေ ထောင်းထောင်းထနေလေသည်။
ကျနော်လေတံခွန်လွှတ်ရတာကို ၀ါသနာပါသည်...တနှစ်လုံးစောင့်စားနေရတဲ့ နွေရာသီကျောင်းပိတ်ရက်က ခုမှပဲဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။မနေ့ကပဲ သတ္တမတန်းရဲ့ နောက်ဆုံးဘာသာ ဖြေပြီးခဲ့သည်။
တနှစ်လုံးငြိုးထားသမျှ ဒီနေ့တော့ တနေကုန် လေတံခွန်လွှတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လွယ်အိတ်ထဲမှာ
ရေဘူးရယ်မုန့်ကြွတ်ရယ်၊ကြံသကာရယ်ထည့်ပြီး ယူလာခဲ့သည်။
ရှေ့မှာ တာရိုးကို လှမ်းမြင်နေရပြီ..အဲဒီတာ တာရိုးကိုကျော်ရင် ကျနော်လေတံခွန်လွှတ်နေကြ တောတန်းလေးကိုရောက်ပါပြီ။လေတံခွန် စလွှတ်ခါစက လေတံခွန်လေကြောင်းဆီရောက်အောင် ဘယ်လိုတင်ရမှန်းမသိပေ..နောက်အကိုသင်ပေးမှလွှတ်တတ်တော့သည်။ ခုတော့ ကျွမ်းကျင်နေပါပြီ။ ရစ်ဘီးကလေးကို လျော့လိုက်တင်းလိုက် လုပ်ရင်းလေကြောင်းမိအောင် အလိုက်သင့်ထိမ်းထားရင်း လေတံခွန်ကလေးက ကောင်းကင်ကိုပြန်တက်ဖို့ အားယူနေရဲ့လေကြောင်းမမိခင်အချိန်ကလေးသည် ရေးကြီးပါသည်။အဲဒီအချိန်မှာ အလိုက်သင့်မထိမ်းတတ်ရင် လေတံခွန်ကလေး ကျွမ်းပစ်ပြီး မြေပြင်ပေါ်ထိုးကျသွားတတ်သည်။ယိမ်းကာနွဲ့ကာ ကောင်းကင်ပေါ်တက်ဖို့ အားယူ နေတဲ့လေတံခွန်လေးကိုကြည့်ရတာကြိုးတန်းပေါ်
လမ်းလျှောက်နေတဲ့ ဆပ်ကပ်မယ်ကလေးကို ကြည့်ရသလို အသည်းယားဖွယ်
ကောင်းလှသည်။ဟော...သူလေကြောင်းထဲ ရောက်သွားပါပြီ။တလွင့်လွင့်နဲ့
ဝဲပြန်နေလိုက်ပုံများ သူကိုတင်ပေးခဲ့တဲ့ ကျနော်ကိုတောင်
မေ့နေပြီထင်ရဲ့..။တခါတခါ နိမ့်နိမ့်လေးပြန်ရတာကို အားမရလို့ထင်ရဲ့
ကျနော်ရစ်ဘီးကိုဆွဲပြီး ကြိုးတောင်းတတ်သည်။ကျနော်ကြိုးလျော့ပေးရင်
ပေးသလောက် သူဟိုးအဝေးကြီးထိ ပျံသန်းသည်။တလောကလုံး ကျနော်ရယ်
လေတံခွန်လေးရယ်၊တောတန်းလေးရယ် ငြိမ်သက်တိတ်ဆိတ်ပြီး ကြည်နူးအေးချမ်းလှရဲ့..တခါတခါ လေပြင်းတွေကျရင် လေတံခွန်ကလေးခမျာ
ယိမ်းထိုးလို့ အောက်ကိုထိုးကျမသွားအောင် ရစ်ဘီးနဲ့မနည်းထိမ်းရသည်။
လေတံခွန်လွှတ် ရတာကို ပျော်သည်။လေတံခွန်လွှတ်ရတဲ့ခံစားချက်ကို
သဘောကြသည်။အပ်ချည်ကြိုးသေးသေးလေးတစ်ချောင်းအားကိုးနဲ့ သူ့ကိုယ်သူ
အမြင့်ဆုံးပျံသန်းနေတဲ့ လေတံခွန်လေးရဲ့ ဘ၀ကို အားကျသည်။သူ့လိုပဲ ကျနော်
ဟိုးအမြင့်ကြီးဆီ ပျံသန်းချင်သည်။

မိုးတိမ်တွေဆီထိရောက်အောင်သွားပြီး ဆော့ကစားချင်လှပါသည်။လေယာဉ်ပျံကြီးကိုတွေ့ရင် ခရီးသည်တွေအံ့သြသွားအောင် အကျယ်ကြီးအော်ပြီးနှုတ်ဆက်လိုက်မည်။
ကောင်းကင်မှာ တိမ်တိုက်တို့သည် အရောင်စုံစွာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့်
လှုပ်ရှားပြောင်းလဲနေကြ၏။လေတံခွန်လေးရဲ့နောက်ခံ ကောင်းကင်ကြီးဟာ
ပန်းချီကားအမျိုးမျိုးဖြင့် ခြယ်သပေးနေလေသည်။ပန်းချီကားတွေထဲမှာ ၀ဲပျံနေတဲ့
ကျနော့်လေတံခွန်လေးကို ကြည့်ရတာ
ကျနော်ကြည်နူးလိုက်တာဗျာ...။မုန်တိုင်းမကျ၊မိုးမသည်းသမျှ ပျံသန်းနေမယ့်
လေတံခွန်လေးလေ..။
အဲဒီအချိန်မှာ ကျော်သက်တို့ အဖွဲ့ ကျနော်ရှိတဲ့ တောစပ်လေးကို ရောက်လာကြသည်။
ဟေး..သူရ ငါတို့စွန်လွှတ်ပြိုင်ကြမယ်...။တော်ပြီကွာ..မင်းတို့ကစွန်လွှတ်ပြိုင်တာမှမဟုတ်ဘဲ
အပ်ချည်ဖြတ်ပြိုင်တာပဲ
မပြိုင်ချင်ဘူး..။သတ္တိမရှိရင် စွန်ချပြီးပြန်ကွာ တို့ကတော့ လမ်းကြောင်းပေါ် ရှုတ်လာရင် ဖြတ်ပစ်ရမှာပဲ...။
ငါအေးအေးဆေးဆေး တစ်ယောက်ထဲ လွှတ်ပါရစေ ဒီနေရာဟာ ဘယ်သူမှမပိုင်ပါဘူး မင်းတို့လည်း
လွတ်လွတ်လပ်လပ် လွှတ်လို့ရတာပဲ ...။
ဟေ့ကောင် စကားမများနဲ့ ကွာ ကြောက်ရင် ထွက်သွားလို့ရတယ်..။
အဲဒီလိုပြောလိုက်တော့ ကျနော်လည်း အရွဲ့တိုက်ချင်လာသည်။ပြီးတော့ မိုးလေ၀သ ကောင်းကောင်းနဲ့ ပျော်မြူးစွာ
ပျံသန်းနေတဲ့ လေတံခွန်လေးကို ဆွဲမချရက်ပါ..။ပတ်ဝန်းကျင်သည် စောစောကလောက်
ကြည်နူးစရာ မကောင်းတော့..။ကျနော် စွန်လွှတ်ပြိုင်ချင်ပါ
သည်။ဘယ်သူက ပိုပြီးလှအောင်ပျံနိုင်သလဲ.ဘယ်သူကပိုပြီးမြင့်မြင့်
ပျံနိုင်သလဲ..ကျနော်ပြိုင်ရဲပါသည်။
ခုတော့သူတို့ကအဲဒီလိုမဟုတ် လေတံခွန်တွေရဲ့ ကြိုးတွေကို ဖြတ်တောက်ဖို့ ပြိုင်ကြခြင်းဖြစ်သည်။
မိမိအနိုင်ရချိန်မှာ သူတပါး အကြီးအကျယ် ဆုံးရှုံးနစ်နာသွားရမည့် ပြိုင်ဆိုင်ခြင်းမျိုး
ကျနော်မကြိုက်ပါ။

ဘာကြောင့် နှစ်ဦးနှစ်ဘက် နစ်နာမယ့် ပြိုင်ဆိုင်ခြင်းမျိုးကို ပြိုင်ချင်ရတာလဲ..သူတို့ကိုကျနော်
နားမလည်ပါ။ကျနော်တွေးနေစဉ်မှာပဲ
ကျော်သက်တို့ လေတံခွန်တွေ ကောင်းကင်ကို ပျံတက်လာကြသည်။
သူတို့စွန်လွှတ်တာက ကျနော်လို ညင်ညင်သာသည မဟုတ် ဘယ်ညာ အစွမ်းကုန်ယိမ်းထိုးပြီး သွေးဆာနေတဲ့ သိမ်းငှက်တွေလို
ကောင်းကင်ဆီ ညာသံပေးပြီးလာနေကြသည်နှင့်တူ၏။အန္တ၇ာယ်၇ဲ့ အငွေ့အသက်တွေ ကျနော်ရနေသည်။
အမှန်ဝန်ခံရလျှင် ကျနော်လေတံခွန်လေးသည် သူတို့လေတံခွန်တွေနဲ့ ပြိုင်တိုက်နိုင်စွမ်း
မရှိပါ။ကျနော်က စွန်လွှတ်ခြင်း အနုပညာကို
ရင်ခုန်လို့ လွှတ်တာ ကိုယ့်လေတံခွန်လေးကို ချစ်သလို သူများလေတံခွန်လေးတွေကိုလည်း တန်ဖိုးထားသည်။
သူတို့က လေတံခွနလေးတွေကို ဖျက်ဆီးဖို့ လွှတ်တာ...။အရာရာသည်
ဆန့်ကျင်ဘက်.ထို့ကြောင့် လေတံခွန် အမျိုးအစားခြင်းလဲ မတူပါ။
ကျနော်လေတံခွန်လေးက သေးသေးလေး၊အပ်ချည်ကလည်း ရိုးရိုးချည်သား ဘာမာမှမာယာမပါတဲ့ လေတံခွန်လေးပါ။
သူတို့လေတံခွန်တွေက အကြီးစားတွေ အစွန်းနှစ်ဖက်မှာ တခြားလေတံခွန်တွေနဲ့တိုက်မိရင်
ထိုးဖောက်ဖို့ အပ်သေးသေးလေးတွေ
တတ်ထားသည်။ပြီးတော့ အပ်ချည်ကြိုးတွေက နိုင်လွန်အပ်ချည်ကြိုးကိုမှ မှန်စာတိုက်ထားသေးသည်။မှန်စာတိုက်တယ်ဆိုတာ
အပ်ချည်ကို ကော်သုပ်ပြီး ပလင်းကွဲ၊ဖန်ပြောင်းတွေထောင်းပြီး
ကပ်ထားခြင်းဖြစ်သည်။လာငြိတဲ့ ကြိုးကတော့ ဖြတ်တောက်ပစ်ဖို့
အဆင်သင့်။လေ့ကျင့်ထားတဲ့ စစ်သည်တော်တွေလို သူတို့လေတံခွန်တွေ ကျနော်လေတံခွန်လေးဆီ ချည်းကပ်လာကြသည်။
ကျနော်မှာ သူတို့ကိုရှောင်ရင်း တောစပ်လေးရဲ့
ဘေးဆုံးနားထိရောက်နေပြီ..သူတို့လေတံခွန်ကြီးတွေကလည်း ထပ်ကြပ်မကွာပါပဲ.
မဖြစ်တော့ ဆက်ပြီးခေါင်းမာနေရင် ကျနော်လေတံခွန်လေး
ဘ၀ပျက်ရှာတော့မည်။ကနော်ကြိုးကိုထိမ်းရင်း ရစ်ဘီးကို
အမြန်ရစ်နေ၇သည်။ဒါပေမယ့် ကျနော်နောက်ကျသွားပါပြီ..ကျော်သက်လေတံခွန်ကြိုးက
ကျနော့်လေတံခွန်ကြိုးကို ရစ်မိသွားသည်။
သူက လေတံခွန်ကို ဂျွမ်းတစ်ပတ်ထိုးပြီး ထပ်ရစ်လိုက်ပြန်ပါသည်။ကျနော် ဘယ်လိုမှ ရုန်းထွက်၍
မရနိုင်တော့ပါ။
ကြိုးအချင်းချင်း ထိရှနေတဲ့ အသံတွေ ကျနော်နားထဲ ကျယ်လောင်စွာ ကြားယောင်နေရသည်။အပ်ချည်ကြိုးလေးဟာ လေတံခွန်လေးရဲ့
သွေးကြောပါပဲ..။ကျနော့်နှလုံးသွေးကြောတွေကို တမျှင်ချင်းဖြတ်နေသလို
ခံစားရသည်။ကောင်းကင်မှာ
ကူကယ်ရာမဲ့ ယိမ်းထိုးနေရှာတဲ့ လေတံခွန်လေးကို ပင့်ကူတစ်ကောင်ရဲ့ ပိုက်ကွန်ထဲမှာ ပိတ်မိနေတဲ့ ယင်ကောင်ကလေးလို
မြင်ယောင်မိသည်။အသက်ငင်နေတဲ့ ချစ်သူတစ်ယောက်ကို လက်ပိုက်ကြည့်နေရတဲ့ အဖြစ်မျိုးပါ။ကြိုးတွေကို
ကျနော်ဆွဲမထားရက်တောက် နောက်ဆုံးအချိန်ကလေးကို ဆွဲဆန့်ထားရင်း
ကျနော်ကြိုးတွေကို လျှော့ချနေမိသည်။
နောက်ဆုံးတောက် ကြိုးလည်းကုန်သွားပြီ။လေတံခွန်လေးရဲ့ နေ၀င်ချိန်ဟာ ကျနော်နှလုံးသားတွေကို
နင်းပြီး ရောက်ရှိလာပါပြီ။
နှမြောတသစိတ်တွေနဲ့ ကျနော်မျက်ရည်တွေ ၀ိုင်းလာသည်။ကျနော် ဆို့နင့်ကြေကွဲနေစဉ်မှာပဲ လေတံခွန်လေးဟာ
ပြတ်တောက်လွင့်စင် သွားလေသည်..........စောစောကပဲ လေဟုန်ကိုဆန်ပြီး
အလှဆုံးပျံသန်းနေတဲ့ လေတံခွန်လေးဟာ
ရင်ခွင်မဲ့သူတစ်ယောက်လို ကောင်းကင်ဟင်းလင်းပြင်ထဲမှာ အရုပ်ကြိုးပြတ်...ကျနော်
မကြည့်ရက်တော့ပါ..မဖြစ်နိုင်မှန်းသိပေမယ့် ကျနော့်ခြေလှမ်းတွေက လေတံခွန်လေး
လွင့်သွားရာနောက်ဆီ ပြေးလိုက်ခဲ့သည်။လေတံခွန်လေးဟာ လေရဲ့သယ်ဆောင်ရာနောက်
အဝေးဆုံးကို မြောလွင့် ပျောက်ကွယ်သွားခဲ့ပြီ..လေတံခွန်လေးရဲ့ ငိုကြွေးနေသံကို ကျနော်
ကြားနေရသည်..အဖော်ကွဲသွားတဲ့ ရစ်ဘီးကလေးက
အကျည်းတန်လွန်းလှရဲ့..၀မ်းနည်းလွန်းလို့
ကျနော်ငိုကြွေးနေမိသည်..ကျော်သက်တို့က ကျနော်ကို အခြောက်ဟု
လှောင်ပြောင်ရယ်မောနေကြသည်..လေတံခွန်ကို ချစ်မြတ်နိုးသူနဲ့ လေတံခွန်လွှတ်ခြင်းကို ရင်ခုန်တတ်သူများသာ ကျနော်ကို
နားလည်နိုင်ကြပေလိမ့်မည်။
ကျနော့် မုန့်ဖိုးနဲ့စုပြီး နွေကျောင်းပိတ်ရက်အတွက် စိတ်ကြိုက်ရွေးဝယ်ခဲ့ရတဲ့ လေတံခွန်လေးလေ..ကျနော်
အစွဲအလန်းကြီးပါသည်..
တခြားလေတံခွန်တွေ အခုတစ်သောင်းလာပေးလည်း မယူချင်ပါ ကျနော်လေတံခွန်လေးကိုသာ ပြန်လိုချင်မိသည်..
ကျော်သက်တို့ကတော့ အနိုင်ရသွားလို့ ကျေနပ်ပျော်ရွှင်နေကြသည်။သူတို့ကို အပြစ်မတင်လိုပါ...
ကျနော့်ရဲ့ အတ္တကြီးမှုနဲ့ ခေါင်းမာမှုကြောင့် ကျနော်ချစ်တဲ့ လေတံခွန်ကလေးကို
ဆုံးရှုံးခဲ့ရတာပါ..ခွင့်လွှတ်ပါလေတံခွန်လေးရယ်
နေစောင်းသွားပြီ ..အဖော်မဲ့သွားတဲ့ ရစ်ဘီးကိုလည်း ကျနော် ပြန်မခေါ်ခဲ့ချင်ပါ..လိုချင်သူတွေ
ကောက်သွားကြပါစေ...
နောက်ကို ကျနော်လေတံခွန် လွှတ်ဖြစ်မှာလည်း မဟုတ်တော့ပါ...
မိုက်ရူးရဲဆန်မှုကြောင့် ဆုံးရှုံးခဲ့ရခြင်းကို ကျနော် အမြဲအမှတ်ရနေမှာပါ...

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

မြစ်တစ်စင်းရဲ့ပြောင်းပြန်စီးသံ..

လောကကြီးတွင် လူအမျိုးမျိုး ဘ၀အဖုံဖုံ ရှိလေသည်။
ကတ္တရာလမ်းပေါ်မှာ နောက်ဆုံးပေါ်ကားတ၀ီဝီနဲ့ သွားလာနိုင်တဲ့ လူတွေရှိသလိုတရက်ထမင်းစားဖို့
အတွက် တရက်လုံးရုံးကန်လှုပ်ရှားကြရတဲ့ လူတွေလဲ ရှိရဲ့....
ဟောတယ်ကြီးတွေမှာ အကောင်းစားတွေ စားနိုင်တဲ့ လူတွေရှိသလို ထမင်းနပ်မှန်အောင် မစားရရှာပဲ
ငတ်ပြတ်နေတဲ့ လူတွေလည်းရှိရဲ့..
ဆင်းရဲသားတွေက လူကုံတန်တွေကို မုဒိတာ မပွားနိုင်ကြသလိုလူကုံတန်တွေကလည်း ဆင်းရဲသားလူတန်းစားတွေရဲ့ဘ၀တွေကို
နားလည်မပေးနိုင်ကြ...သံဝေဂရဖွယ်ကောင်းလှ၏။
လောကကြီးသည် တစုံတခု မှားယွင်းနေသည်ဟု ကျနော်ခံစားမိပါသည်။
အင်း..မတွေးတာပဲကောင်းပါတယ်..
ှိဗိုက်ထဲကတကြုတ်ကြုတ်နဲ့ ဆန္ဒပြနေပြီ ..တမနက်ခင်းလုံး ဘာမှမသွင်းရသေး..လမ်းထိပ်သွားပြီး
မုန့်ဟင်းခါးသွားစားတာပဲ ကောင်းလိမ့်မည်ထင်ရဲ့...အ၀တ်စားလဲပြီး လမ်းထိပ်ထွက်ခဲ့ပါသည်။
ဟေးထက်ခိုင်လေး ခုမှအိပ်ယာက နိုးတာလား..
မုန့်ဟင်းခါးဆိုင်ပိုင်ရှင် အမအေးမေက နှုတ်ဆက်ပါသည်။
ဟုတ်ကဲ့အမ ညက စာဖတ်တာညနက်သွားလို့ခင်ဗျ..
အတော်ပဲ နင်ကြိုက်တဲ့ နန်းကြီးသုတ် ကျန်သေးတယ်..အမချဉ်ငံစပ်ကလေး သုပ်ပေးမယ်
...နှစ်ပွဲစာလောက်ရှိတယ် ငါ့မောင် အ၀သာ စားသွားပေတော့..ဟာ အမ ကျနော် နှစ်ပွဲဖိုး
ပေးပါ့မယ်..ကဲကိုယ်တော်လေး ကြောရှည်မနေနဲ့...အမကစေတနာရှိတဲ့သူကိုပဲကျွေးတာ...
အမကလေးတွေကို စာအလကား သင်ပေးတာကိုပဲ အမက ကျေးဇူးတင်နေတာပါကွယ်..
အမကလေးတွေကို ငါ့မောင်လို လူတော်လေးတွေဖြစ်စေချင်တာ..
သူတို့နားဝင်အောင်ဆုံးမပေးပါဦးနော် ..ကလေးတွေက မင်းစကားဆိုနားထောင်တယ်..ပြီးတော့
မင်းကိုလည်း ချစ်ကြတယ်လေ...ဟူတ်ကဲ့ပါတယ်အမရယ် ကျနော်က အမပြောလောက်အောင်မတော်ပါဘူး
စာအုပ်တွေဖတ်ထားလို့ နည်းနည်းပါးပါးပဲ သိတာပါ..
မင်အကြောင်းခရစေ့တွင်းကျမသိပေမယ့် မိဘကိုလုပကျွေးနေတဲ့ ခေတ်ပညာတတ်လေးတစ်ယောက်ဆိုတာ
အမကြားမိပါတယ်..ငါ့မောင်ကြီးပွားချမ်းသာဦးမှာပါ..အမတို့ကတော့ ကိုယ့်အပူနဲ့ကိုယ် တနှစ်တခါ သီတင်းကျွတ်
မှပဲ မိဘအိမ်ရောက်ဖြစ်တော့တယ်..အိမ်ထောင်ကျသွားပြီဆိုတော့ မလွယ်ပါဘူးကွယ်...
သြော် အမတို့မှာလဲ သားတွေသမီးတွေနဲ့ဆိုတော့ ဘယ်လွယ်မှာလဲဗျာ..ကျနော်တောင်
လူလွတ်မို့
ထောက်ပံ့နိုင်တာ.ဒါတောင် အနီးကပ်မပြုစုနိုင်ပါဘူးဗျာ..
ကဲ..အမရေ စားလို့လဲဝပြီကျေးဇူးပါဗျာ နေ့လည်စာတောင် စားနိုင်မယ်
မထင်တော့ဘူး..ကျနော်လည်း
ပြန်လိုက်ဦးမယ်..ကောင်လေး မင်းလည်းမငယ်တော့ဘူး မိန်းမလေးဘာလေးယူဖို့စဉ်းစားဦးလေ..
အမရှာပေးရဦးမှာလား..စောပါသေးတယ် အမရယ် ခုမကလေးရှိသေးတယ် ..ကဲသွားပြီဗျို့..
ပျင်းပျင်းရှိတာနဲ့ အိမ်တန်းမပြန်သေးဘဲ ကိုဝင်းဇော်ဆိုင်ဘက်ထွက်ခဲ့သည်။
ကိုဝင်းဇောကြီး အလုပ်တွေရှုတ်နေလားဗျ...ဟာထက်ခိုင်လာဟေ့..မရှုတ်ပါဘူးကွာတီဗွီတလုံးနဲ့
ကက်ဆက်အိုလေးတစ်လုံးပဲရှိတာပါ..မင်းလာတာနဲ့ အတော်ပဲ ငါလည်းပျင်းနေတာဆိုတော့
စကားပြောဖော်ရတာပေါ့..ဟုတ်တယ် ကျနော်လည်းပိတ်ရက်ဆိုတော့ ပျင်းတာနဲ့..မြို့ထဲလည်း
မသွားချင်လို့ဗျာ...
အကိုတို့ရပ်ကွက်လေးထဲမှာနေရတာ အဆင်ပြေရဲ့လား ညီ..အကို့အိမ်လေးကကျဉ်းလို့ ညီ့ကိုအားနာနေတာ..
ကျနော်ကတယောက်ထဲသမားပဲအကိုရယ် အဆင်ပြေပါတယ်..ပြီးတော့ အကိုနဲ့မမယမင်းနဲ့က မိသားစုလိုဆိုတော့
ကျနော်နေရတာ ပျော်ပါတယ်..ဒါနဲ့ မင်းမိဘတွေဆီရော ဖုန်းဆက်ဖြစ်လား...ဟုတ်ကဲ့အကို မနေ့ကပဲ
ကျနော်ဆက်ပြီးပြီ အမေက တလတခါဖုန်းမဆက်ရင် စိတ်ပူတယ်လေ..ညီလေးနဲ့ညီမလေးကတော့
စာမေးပွဲနီးလို့ စားကြိုးစားနေကြတယ်လို့ ပြောတာပဲ..အဖေက သူကိုယ်တိုင် ပညာမသင်ခဲ့ရရှာတော့
ကျနော်တို့မောင်နှမတွေကို ပညာတတ်တွေ ဖြစ်စေချင်တာ...မိဘဆိုတာ ဒီလိုပဲ မင်းမိဘတွေေ၇ာ နေကောင်းကြ၇ဲ့
မဟုတ်လား...ကောင်းကြေပါတယ်ဗျာ..အမေကလည်းပြန်လာခဲ့ဦးလို့မှာနေတယ် ..ဒီတခါသီတင်းကျွတ်မှ ကန်တော့
ရင်းပြန်တော့မယ်ဗျာ..အေးကွာ မင်းလိုသားလိမ္မာလေးရှိတော့ မိဘတွေ စိတ်ချမ်းသာရတာပေါ့..
စကားသံတွေကြားရတော့ ထက်ခိုင်ရောက်နေတယ်လို့ အမထင်သားပဲ..ကဲစကားပြောရင်းစားကြဦး..
အမရေနွေးကြမ်းနဲ့ လက္ဖက်သုပ်လာတယ်..င့ါမောင်တောင် တနေ့တခြားချောလာတယ်...
တကယ်လာဗျာ ကျနော်တောင်ရှက်လာပြီ..မုန့်ဝယ်ကျွေးရဦးမယ် အမကို..ဟား..ဟား...
မောင်နော် ကလေးကို ဘာမဟုတ်တာတွေ သင်ပေးနေတာလဲ..မိန်းမကလည်းက ရမ်းပြီးစွတ်စွဲနေတော့ပဲ
ခုပဲငါ့ညီနဲ့ စကားအကောင်းပြောနေကြတာပါကွာ..ဟော ကလေးငိုနေပြီ
သွားလိုက်ဦးမယ်တော်ရေ...ခဏကြာတော့
မမယမင်း၏ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ ပါ အစရှိတဲ့ ကလေးချော့သံကလေး လွင့်လာပါသည်။
ငါ့ညီရာ ကိုယ်တိုင်မိဘဖြစ်မှပဲ အကိုလည်းမိဘမေတ္တာကို နားလည်တော့တယ်..ငါ့ညီလို
လူပျိုလူလွတ်မဟုတ်တော့
စိတ်ရှိတိုင်း မဟုတ်တော့ဘူးပေါ့ကွာ..တတ်နိုင်သလောက်တော့ ခဏခဏ သွားပြီးကန်တော့ဖြစ်ပါတယ်...
မိဘမေတ္တာဆိုတာ အင်မတန်ကြီးမားတာကွ ..သူတို့ ကျွေးမွေးပြုစုခဲ့တဲ့ကျေးဇူးမပြောနဲ့
မွေးခဲ့ကျေးဇူးကို
ဆပ်လို့ မကုန်နိုင်ပါဘူး..တို့ဘုရားတောင် နို့တလုံးဖိုးပဲ ကြေတယ်လို့ ဆိုခဲ့ကြတာပဲလေ..
ဟုတ်တယ်ဗျ မိခင်တယောက်အနေနဲ့ ကလေးတစ်ယောက်ကို မွေးဖို့ တကယ်မလွယ်ဘူး
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ သင်္ချိုင်းကိုတစ်ရက် သုံးခါမျက်စောင်းထိုးကြရတယ်လို့ ကျနော့်အဖွား
ပြောတာကြားဖူးတယ်.
ငါ့မောင်ရယ် အဲဒါတင် ဘယ်ကမလဲ ....မမယမင်းလည်း ကလေးပွေ့ရင်း ကျနော်တို့ စကားဝိုင်းထဲ
ရောက်လာသည်။
ပဋိသန္ဓေစတည်ပြီဆိုကတည်းက အထီးလေး အမလေးမှန်းမသိရသေးဘဲ အမတို့မှာချစ်လိုက်ရတာ..
ဗိုက်ထဲကကလေး ဒုက္ခရောက်မှာစိုးလို့ အပူ၊အစပ်၊အအေး..အစားအသောက် အနေအထိုင် ရေချိုးတာကအစ
အစစအရာရာ ဂရုစိုက်ရတာ အရမ်းပဲ..အလေးအပင်လည်းမမရဲဘူး၊ကုံးလိုက်ကွလိုက် မလုပ်ရဲဘူး
အထဲကကလေး ကျန်းမာရေးကောင်းအောင် လမ်းလျှောက်ပေးရတာလည်း ခဏခဏ ..၉လလုံးလုံး
လွယ်ထားရတာတောင်
အမမှာ သားလေးကို ချစ်တဲ့စိတ်နဲ့ လေးတယ်လို့ မထင်မိဘူး..မွေးတော့လည်း သေလောက်အောင် ဝေဒနာတွေ
ခံစားလိုက်ရတာ သားလေးမျက်နှာလေးလဲမြင်ရော မောတာပမ်းတာတွေ အကုန်မေ့ သွားတာပါပဲ..အဲဒီတော့မှ

သြော် အမေ့တုန်းကလည်း ဒီလိုခံစားခဲ့ရမှာပါလားလို့ ပြန်တွေးပြီး မိဘကျေးဇူးကို ပိုပြီးနားလည်ခဲ့ရတယ် ငါ့မောင်ရေ.
မမယမင်း အမေက ခေါင်းလျှော်ရေ၀ယ်ခိုင်းလိုက်လို့..
မိန်းမရေ ပူးစူးဈေးလာဝယ်နေတယ် သွားလိုက်ပါဦးကွာ...မင်းအမကတော့ ကလေးအကြောင်းပြောရရင်တော့
မမောနိုင်ဘူးဟေ့.အေးဗျာ လူသားတစ်ယောက်ဖြစ်လာဖို့ မလွယ်ဘူးနော်...
အေးပေါ့ကွာ အဲဒါကြောင့် မြင့်မိုရ်တောင်ဦး မကကျူးသား ကျေးဇူးကြီးလှ မိနဲ့ဖ ဆိုသလို
မြတ်စွာဘုရားရှင်က
မိဘကျေးဇူးဟာ မြင့်မိုရ်မက ကြီးမားတယ်လို့ ဟောကြားခဲ့တာပေါ့.
မိဘကမွေးပြီး စွန့်ပစ်ခဲ့တယ်ဆိုရင်တောင် တို့အနေနဲ့ မွေးကျေးဇူးကိုဆပ်သင့်တယ်..မကျွေးခဲ့ဘူးဆိုပေမယ့်
အသက်နဲ့ ရင်းပြီးမွေးခဲ့ရရှာတာပါကွာ.....လူလားမြောက်အောင်ပြုစုပျိုးထောင်ပေးတဲ့
မိဘတွေဆိုရင်တော့ ပြောစရာမလိုတော့ဘူးပေါ့ကွာ..
ဟုတ်တယ်ဗျ...တချို့ဆိုရင် မိဘမကောင်းဘူးဆိုပြီး ပစ်ထားကြတယ်...ကျနော်သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့အမေကြောင့်
သူတို့အိမ်စီးပွားပျက်ရတယ်ဆိုပြီး သူ့အမေနဲ့ စကားမပြောဘူးတဲ့ဗျာ..နောက်သူငယ်ချင်းတစ်ယောက်ကတော့ သူ့အမေက
သူ့ကို ငယ်ငယ်လေးတုန်းက ကြိုးနဲ့ တုတ်ပြီးရိုက်လို့ ခုထိစိတ်နာတုန်းပဲတဲ့
..ကြားရတာ စိတ်မကောင်းဘူးဗျာ တကယ်..
မိဘဆိုရင် ပြည့်တန်ဆာမကြီးပဲဖြစ်ဖြစ်၊သူတောင်းစားပဲဖြစ်ဖြစ်၊သူခိုးဓားပြကြီးပဲဖြစ်ဖြစ်မိဘဟာ
မိဘပဲ ငါ့ညီရ
ဟုတ်တယ် အကို အဲဒီလိုသူငယ်ချင်းတွေတွေတွေ့တိုင်း ကျနော့် မှာရှင်းပြရတယ်..သူတို့ကို ငရဲမကြီးစေချင်ဘူးဗျာ...
မိဘလမ်းမှားနေရင်တောင် လမ်းမှန်ရောက်အောင် သတိပေးရမယ်..အတွေးအခေါ်တွေမှားနေရင်လည်း
ပြင်ပေးရမယ်...ဖြစ်နိုင်ရင် နိဗ္ဗာန်ထိ ရောက်အောင် ကျေးဇူးဆပ်သင့်တာကွ..
မိဘကရိုက်နှက်တယ်ဆိုတာကလဲ ကလေးကဆိုးမှ မလုပ်သင့်တာလုပ်မှပါဗျာ..သားသမီးတွေကို ကောင်းစေချင်လွန်းလို့

မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာ၊ဂရုဏာဒေါသောနဲ့ ဆုံးမကြတာပါ..အတွေးအခေါ်ဗဟုသုတအပေါ်မူတည်ပြီး
ဆုံးမပုံ ဆုံးမနည်းချင်းမတူပေကြမယ့် သားသမီးတွေအပေါ်ထားကြတဲ့ မိဘတိုင်းရဲ့
မေတ္တာစေတနာတွေကတော့ ပမာဏ
အတူတူပဲလို့ ကျနော်ကတော့ ယူဆတယ်.
အိုးထိမ်းသည်တွေက အိုးလုပ်တဲ့အခါ အိုးကောင်းရအောင် အိုးလုပ်တဲ့ရွှံ့ကို ပုံသွင်းပြီး
နာနာလေးရိုက်ပေးရသလိုပေါ့ကွာ..
မိဘတွေဟာ လက်ဦးဆရာတွေပဲ..ကလေးတယောက်လမ်းလျှောက်တတ်၊စကားပြောတတ်၊ထမင်းစားတတ်အောင်ကအစ
အန္တဖြစ်မဲ့ကိစ္စတွေ မလုပ်ရအောင် ချော့တခါခြောက်တလှည့် ဆုံးမသွန်သင်ကြရတာ..ပြီးမှ ကျောင်းနေတဲ့
အရွယ်ကျမှ
ဆရာတွေလက်ထဲရောက်ရတာလေ..
မိဘတိုင်းဟာ သားသမီးတွေကို သူ့တို့တော်စေချင်တယ်၊တတ်စေချင်တယ်၊ကြီးပွားစေချင်ကြတယ်
ဆရာတွေနဲ့တောင်စိတ်ချတာ
မဟုတ်ဘူး ဖြစ်နိုင်ရင် သူတို့ကိုယ်တိုင်တာ အကုန်သင်ပေးချင်ကြတာဗျ..
အဲဒါတင်ဘယ်ကမလဲ သားသမီးအတွက်ဆိုရင် သူတို့တတ်နိုင်သမျှ အကောင်းဆုံးတွေ လုပ်ပေးချင်ကြတာ.
ထမင်းစားရင်လည်း သူတို့က အရိုးအရင်းစားပြီး သားကို အသားတုံးကျွေးတယ်..သူတို့ ဖြစ်သလို
ဝတ်ကြပေမယ့်
သားသမီးတွေကို ဈေးကြီးတာတွေဝယ်ပေးချင်ကြတာ...သားသမီးတွေကို မျက်နှာမငယ်စေချင်ဘူး..
ကျောင်းတက်တဲ့ အရွယ်ရောက်တော့ သူများ ကျူရှင်ဆိုကျူရှင်၊သူများစက်ဘီးဆို စက်ဘီး၊ဟောတက္ကသိုလ်ရောက်ပြန်တော့ `
သူများ ဆိုင်ကယ်ဆိုလည်းဆိုင်ကယ်၊ကားဝယ်ပေးနိုင်တဲ့မိဘက ကား မိဘတွေမှာ
ဖတ်ဖတ်ကိုမောနေတာပါပဲ ....
ကျနော်ကတော့ မိဘရဲ့ မေတ္တာတရားကိုလေးစားတယ်..သူတို့ရဲ့ မျှော်လင့်ခြင်းမဲ့ ပေးဆပ်ခြင်းဆိုတဲ့
စိတ်ဓာတ်ဟာလဲ
မိဘတွေဆီမှာပဲတွေ့ နိုင်တယ်..
ဟုတ်တယ်ငါ့ညီရ မိဘမေတ္တာကို အကိုတို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေက ပို
ပြီးနားလည်ကြတယ်...အနောက်နိုင်ငံတွေမှာတော့
၁၈နှစ်ပြည့်ရင် ကလေးတွေက ကိုယ့်တာဝန်ကို ယူ၊ကိုယ့်ဝမ်းကို ကျောင်းကြရတယ်...သားသမီးကလဲ
မိဘကိုလေးစားရမှန်း
ကျေးဇူးဆပ်ရကောင်းမှန်းမသိကြဘူးတဲ့..တစ်ခါတလေ မိဘကဆုံးမတာလွန်သွားရင်တောင် မိဘကို တရားပြန်စွဲကြတယ်
ဆိုပဲ..အိုကြီးအိုမတွေခမျာ သားသမီးက စွန့်ပစ်ထားတဲ့အထဲ စုဆောင်းထားတာလည်းမရှိကြတော့ ကြုံရာ
အမှိုက်လှဲ၊
ပန်းကန်ဆေး လုပ်နေကြရတယ်လို့ ဟိုနေ့က ဂျာနယ်တစ်စောင်ထဲမှာ ဖတ်လိုက်ရတယ်...စိတ်မကောင်း စရာပဲကွာ....
ဗုဒ္ဓဘာနိုင်ငံဖြစ်ရတာလဲ ဂုဏ်ယူစရာကောင်းပါတယ်ဗျာ.ကျနော်တို့နိုင်ငံက ဘိုးဘွားတွေကတော့
အသက်ကြီးလာရင် ဘုရား
သွားကျောင်းတက်လုပ်နိုင်ကြတယ်။သားသမီးတွေကလည်း စောင့်လျှောက်ကြတာကိုတွေ့ရတယ့် အဲင်္ဒီယဉ်ကျေးမှုလေးဟာ
ချစ်စရာကောင်းပါလားလို့ ခံစားရတယ်ငါ့ညီရာ..
ဟုတ်တယ်အကို ဒါပေမယ့် ခုနည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ လူငယ်တွေဟာ
လူကြီးမိဘတွေကို အရှုတ်လို့ထင်
လာကြတာတွေ့ရတယ်.တချို့ခေတ်လူငယ်တွေဟာ
သိပ်မသိတတ်ချင်ကြတော့ဘူး။တချို့ငွေကြေတတ်နိုင်တဲ့သူတွေဆိုရင်
မိဘတွေကို ဘိုးဘွားရိပ်သာ ပို့ပြီး မျက်နှာလွဲခဲပစ် လုပ်လာကြတာကိုလည်း
ကြားနေရတယ်..အနာဂတ် ဘိုးဘွားတွေအတွက်
ရင်လေးစရာပါပဲဗျာသန္ဓေတည်ချိန်ကစပြီး ဘွဲ့ရတဲ့ထိ
ကျွေးမွေးစောင့်လျှောက်ခဲ့တဲ့ မိဘတွေကို ထမင်းတလုပ်တောင် မသထာ
ကြတာ အံသြမိပါရဲ့..
အေးပေါ့ညီရာ ငယ်ငယ်ကချီးမရှောင်သေးမရှောင် ပြုစုခဲ့တဲ့မိဘကို
အိုချိန်နာချိန်ကမှ မစွန့်ပစ်သင့်ပါဘူး..
အကိုရယ် လူသန်းပေါင်းများစွာထဲမှာ
ဒီလိုဆိုးယုတ်တဲ့သူတွေကတော့ရှိနေကြဦးမှာပဲ.အဆိုးနဲ့အကောင်းဟာ
အမြဲဒွန်တွဲနေတယ်
လို့ ကျနော်တို့ ဗုဒ္ဓမြတ်စွာကတောင် ဟောကြားခဲ့သေးတာပဲလေ..၀တ်ကြွေးတွေလို့
ပြောရမလားပဲ..ပြုသူအသစ် ဖြစ်သူအဟောင်း
ပေါ့ဗျာ..ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပီပီ မိဘကျေးဇူးကိုတော့ ဆပ်ရကောင်းမှန်း
သိသင့်ကြတာပေါ့...
မဆပ်နိုင်ဘူးဆိုရင်တောင် ကျေးဇူးတော့ မကန်းသင့်ပါဘူး
လူ့ကျင့်ဝတ်၊ဘာသာရေးယဉ်ကျေးမှု စတဲ့ အသိတရားတွေကြွယ်ဝအောင်
ကလေးတွေရဲ့အသည်းနှလုံးထဲစွဲနေအောင်
ငယ်စဉ်ကတည်းက သင်ကြားဆုံးမထားသင့်တယ်လို့ အကိုထင်တယ်.ခုဟာက စကားတတ်တာနဲ့
ကျောင်းနဲ့ကျူရှင် ပြေးနေရတဲ့
ခေတ်ဆိုတော့ကလေးတွေဟာဘာသာရေးအသိ၊ရိုးရာယဉ်ကျေးမှုလူ့ဝတ္တရားတွေနဲ့အလှမ်းဝေးနေကြတယ်
လူငယ်တွေရဲ့စိတ်ဓာတ်တွေ ပျက်စီးရတာ လူကြီးတွေရဲ့
ဆုံးမမှုညံ့ဖျင်းခဲ့တာတွေကြောင့်လည်း ပါတယ်..
ယနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ဗိသုကာတွေပဲ အကို..သူတို့လေးတွေရဲ့
စိတ်ဓာတ်တွေပျက်ပြားနေရင်
နောက်သူတို့ရဲ့မျိုးဆက်တွေဟာ မတွေးဝံ့စရာပါပဲ..
အင်း...မင်းပြောတာမှန်တယ် အကိုတို့ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ မင်္ဂလာတရား ၃၈
ပါးကို ကလေးတွေကို ငယ်တုန်းမှာသင်ကြားပေး
သင့်တယ်.ဒီတရားတွေဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ တကယ် အကျိုးရှိတဲ့
တရားတွေပဲ
လူဆိုတာပညာတွေ အရမ်းတတ်နေရုံနဲ့ မပြီးဘူး
လူ့ဝတ္တရားတွေကို တတ်သိကျေပွန်ပြီး လူသားဆန်ဖို့လည်းလိုတယ်..
ဒါမှလူတော်လူကောင်းတွေဖြစ်လာကြမယ်.လူတော်တွေတော့ရှိတယ်
လူကောင်းတွေမဟုတ်ကြဘူးဆိုရင် မိသားစုတစ်ခု၊
မြို့ရွာတစ်ခု၊တိုင်းပြည်တစ်ခုဟာ ဘယ်လို အေးချမ်းသာယာပြီး တိုးတက်မှာ မဟုတ်ဘူး
ဟုတ်တယ်အကို လောကကြီးက စုန်ရေလိုစုန်ဆင်းတတ်တဲ့ သဘောရှိတယ်..မိဘရဲ့
ကျေးဇူးသူတပါးရဲ့ကျေးဇူးတွေအတွက် ပြောင်း
ပြန် ပြန်လည်စီးဆင်းပေးဖို့ ခက်ခဲတယ်. အဲဒီလို ပြောင်းပြန်စီးဆင်းပေးမယ့်
မြစ်တွေရဲ့ စီးဆင်းသံဟာ လောကကြီးကို
သာယာလှပစေတယ်ဆိုတာ လူတိုင်းခံစားနားလည်နိုင်ကြဖို့လိုတယ်..
ကဲ...ကိုယ်တော်တို့ ဘာတွေနားလည်ခံစားနေကြတာလည်း..၁၂
နာရီထိုးတော့မယ်..ထမင်းစားကြရအောင် ထက်ခိုက်လဲ တခါတည်း စားသွားနော်..
မရမ်းသီးထောင်း၊ငါးရံ့ခြောက်ကြော်၊ဘူးရွက်ဟင်းရည်နဲ့ မမယမင်းလက်ရာကစားလို့
အင်မတန်ကောင်းလှပါသည်။
ထမင်းဝိုင်းထဲမှာတော့ မြစ်တစ်စင်းရဲ့ ပြောင်းပြန်စီးသံဟာ သဲ့သဲ့လေး
ပြန့်လွင့်နေလေရဲ့...

ရွှင်လန်းချမ်းမြေ့ကြပါစေ..ကြိုးစားပါဦးမည်

သားထက် (မုံရွာနည်း ပညာတက္ကသိုလ်)

အချစ်ဖွဲဖွဲမှာ အလွမ်းတွေဝေတဲ့ည...

`ည` သည် လက်ရှနက်တောက်ပနေ၏....။မခို့တယို့ လင်းပြနေတဲ့ ကြယ်တွေနဲ့
အစွမ်းကုန် လှပနေရဲ့....
နှင်းစက်တွေကလည်း ဖျိုးဖျိုးဖျောက်ဖျောက်..မြောက်ပြန်လေသည် အအေးဓာတ်ကိုသယ်ဆောင်လာပြီး
ကမ္ဘာကြီးရဲ့ရင်ခွင်ဆီ တိုးဝင်ဖြတ်သန်းလို့.....ခြံထောင့်
စံပယ်ရုံကလေးဆီမှ မွှေးပြန့်သောရနံ့တို့သည် လေပြေနဲ့အတူ လွင့်ဝဲနေလေသည်။
ကျွမ်းကျင်စွာတီးခတ်လိုက်သော ဂစ်တာသံလေးသည်
ညယံကိုဖောက်၍ ထွက်ပေါ်လာသည်။intro တေးသွားလေး အဆုံး၌
ကိုညီထွဋ်ရဲ့ အနှိုင်းမဲ့ သီချင်းကို အက်ရှရှလေးဆိုညီးလိုက်တဲ့ လူငယ်တစ်ယောက်ရဲ့ အသံကို
ထပ်မံကြားရသည်။
သွေးသစ် တစ်ယောက် အေးစက်တဲ့ ဆောင်းရာသီရဲ့ ဆီးနှင်းတွေအောက် ခံစားချက်အပြည့်နဲ့ မျက်စိစုံမှိတ် သီဆိုနေခြင်းဖြစ်၏။
အဲဒီအချိန်မှာပဲ သွေးသစ်အနီးသို့
အဖြူရောင် အရိပ်ကလေးတစ်ခု ရွေ့လျားလာနေလေသည်။
ကောင်မလေးတစ်ယောက်ပါ ပုခုံးပေါ်ညီညာစွာ ၀ဲကျနေတဲ့ ဆံနွယ်တွေကို ဖားလျားချလျှက် နတ်သမီးတပါးလို
ရွေ့လာနေခြင်းဖြစ်သည်။ည၀တ်ဂါဝန် အင်္ကျီရှည်အဖြူလေးနှင့် ဘာမှခြယ်သမထားသော
မျက်နှာလေးက နုဖတ်သန့်စင်နေပြီး
နီရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးက မီးရောင်အောက်တွင်း တောက်ရွှန်းလှပလှ၏။
ကော်ပတ်ရုပ်ကလေးလို ချစ်စရာကောင်မလေးသည် သွေးသစ်နံဘေးတွေ အသာအယာလေး ၀င်ထိုင်ပြီး
မျက်လုံးကလေးပိတ်
ခြေတောက်ကလေးရမ်းပြီး နားထောင်နေတော့သည်။
သွေးသစ်ကတော့ ကိုယ့်ဖီးလ်နဲ့ကိုယ်
ကုန်းအော်နေမိသည်..မျက်ဝန်းထဲတွင်
ချစ်သူပုံရိပ်တို့ကို မြင်ယောင်လျှက်ပေါ့..
အနားမှာချစ်သူလေးထိုင်နေသလိုလည်း ခံစားနေရသည်။
သီချင်းလေးဆုံးသွားပြီ ...မျက်လုံးကိုဖွင့်လိုက်ရင်း
နံဘေးကိုကြည့်လိုက်တော့....မြတ်စွာဘုရား...
ဟာ..နွေနှောင်း နင်ဘယ်တုန်းကရောက်နေတာလဲ?
ဒုတိယပိဒ် စဆိုတုန်းကရောက်တာ....
နင်ကလည်း အသံလေးဘာလေး ပေးပါဦးဟာ ငါလန့်လို့သေတော့မယ်။
အောင်မယ် သူကများလန့်ရတယ်ရှိသေး ဘီလူးသရဲကများ..သူများသားသမီး ချစ်စရာလေးကို..
နင်ဆိုတာနားထောင်ကောင်းလို့ နားထောင်နေတာ..ငါအသံပေးလိုက်ရင်
နင်အာရုံနောက်သွားမှာ စိုးလို့ပါ..
ဟာ ..ရှက်လိုက်တာကွာ ငါကဘယ်သူမှမရှိဘူးဆိုပြီး အာဖြဲအော်နေတာ..
နေစမ်းပါဦး နင်ကဘယ်သူအတွက်ခံစားပြီး ဒီလောက်ပေါက်ကွဲနေတာလည်း..သွေးသစ်ငါ့ကို
ပြောပြနော်..
မျက်ဝန်းတွေထဲမှာ ကရုဏာအရိပ်တွေတွေ့နေရသည်ထင့်..ပါးဖောင်းဖောင်းလေးနဲ့ နှုတ်ခမ်းဖူးဖူးလေးက
ချစ်စရာ..
မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ သူမမျက်နှာပေါ်မှ အလှဆုံးလင်းလက်နေရဲ့..မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်စလေးတွေက
ရင်ခုန်ချင်စရာကောင်းလှသည်။ပြင်ဆင်ခြယ်သမထားတဲ့ ကပိုကယို
မျက်နှာလေးကိုကမီးရောင်အောက်မှာ စွဲမက်ဖွယ်ကောင်းလွန်းလှရဲ့..
နွေနှောင်းရယ် နင့်ကိုငါ
သိပ်ချစ်တာပဲ..ငါအချစ်တွေကို နင်ရိပ်မိနေပြီလားဟင်..
သွေးသစ်..မေးနေတာမဖြေဘဲနဲ့ လူကိုဘာလို့
အဲလောက် စိုက်ကြည့်နေရတာလဲ..မမြင်ဖူးတဲ့လူကျနေတာပဲ
ကြာတော့ငါရှက်လာပြီ..ဘာမှန်းကိုမသိဘူးတော့..
နှုတ်ခမ်းလေးပွစိပွစိနဲ့ ရန်ထောင်နေပုံကလေးက
နှလုံးသားတစ်ခုလုံးကို ဆွဲကိုင်ပြီး
ယမ်းနေသလိုပါပဲ..ငါရူးနေပြီဟာ..
နင်ရဲ့ခုပုံစံလေးက အရမ်းချစ်စရာကောင်းတာပဲ နွေနှောင်းရယ်..
နင်ပြောလေဆိုးလေပါလား သွေးသစ်ရယ်..ငါမေးတာဖြေစမ်းပါဆိုနေဟာ..
နင်မေးတာငါမဖြေခင် ငါမေးတာ နင်အရင်ဖြေရမယ်..နင့်ကိုလိုက်နေတဲ့ကောင်တွေထဲက နင်ဘယ်သူကို စိတ်ဝင်စားလဲ..
အောင်မယ် သူများမေးတာဖြင့်
မဖြေသေးဘဲနဲ့တော့... ကြားဖူးပေါင် ဒီလိုလူမျိုး..
နင်တစ်ခွန်းထဲဘဲ ဖြေပါဟာ ငါက အရှည်ကြီး ရင်ဖွင့်မယ်..လိမ္မာပါတယ်ကွာ ပြော..
သြော် ..သမီးလေးလည်း ရောက်နေတာကိုး...အပြင်မှာ အရမ်းအေးတယ် အထဲဝင်ကြလေကွယ်
သားဂစ်တာတီးတာနဲ့ သမီးစာကြည့်ပျက်သွားပြီ
ထင်ရဲ့.
မဟုတ်ပါဘူးမေမြ သမီးလည်း ဒီနေ့ကြည့်ရမယ့် သင်ခန်းစာတွေ ပြီးသလောက်ဖြစ်နေပါပြီ
..ခုလည်းငြီးငွေ့လာတာနဲ့
ဦးနှောက်ဆေးရင်းပေါ့ ..အေးအဲဒါဆိုလဲ စကားပြောနေကြဦး မေမြ လက်ဖက်သုတ်လိုက်ဦးမယ် ရေနွေးနဲ့ မြည်းဖို့
ရာသီဥတုကအေးတယ် အနွေးအင်္ကျ
ီဝတ်ထားကြနော်..ဟုတ်ကဲ့ပါ မေမြ..
ကဲပြော နင်ဘယ်ကောင်ကိုကြွေနေတာလဲ...ငါလား...
ငါဘယ်လိုပြောရမှာလဲ သွေးသစ်ရယ်..ငါကမိန်းကလေးပါ..နင်ငါ့အပေါ်မှာ ဒီလောက်လေးမှ
နားမလည်သေးဘူးလား..
ပြောလေဟာ....ငါလား..ဟဲ..ဟဲ..မပြောချင်ဘူးဟာ ..ဘယ်သူကြွေကြွေ နင်မပူပါနဲ့ ငါစဉ်းစားတတ်ပါတယ်..
..နင်လည်းမဖြေနဲ့တော့..ကဲ ငါစာသွားကြည့်တော့မယ်ဟာ...
နွေနှောင်း....နူးညံ့တဲ့လက်ကလေး လှမ်းပြီးဆွဲထားလိုက်မိသည်..နွေနှောင်းရယ် နင်ဘယ်သူကို ကြိုက်နေတာလဲ...
ရင်ထဲမှာလောင်မြိုက်နေသည်...ဟန်ဆောင်မြိုသိပ်မထားနိုင်တော့...ချစ်သူရဲ့ နူးညံ့တဲ့ခန္ဓာကိုယ်လေးကို
ရင်ခွင်ထဲဆွဲသွင်းထားလိုက်မိသည်..ချစ်တယ်
နွေနှောင်းရယ်..ငါသိပ်ချစ်တာပဲ..နင်တခြားကောင်တစ်ယောက်နဲ့
ဖြစ်သွားမှာကို ငါတကယ်
မခံစားနိုင်ဘူး..နင်စိတ်ဆိုးမှာ
စိုးလို့မြိုသိပ်ထားခဲ့ရတာပါ..နွေနှောင်းရယ်..ငါကိုမမုန်းပါနဲ့နော်..
လူတစ်ကိုယ်လုံးသူ့ ရင်ခွင်ကြီးထဲမှာ
မွန်းကြပ်နေပြီ ...ရှက်လိုက်တာလဲ
မျက်နှာဘယ်မှာထားရမှန်းမသိ..သူကတော့
သူပြောချင်တာတွေပဲ စွတ်ပြောနေတော့တာပဲ..သွေးသစ်ရယ် ငါလည်းနင့်ကိုချစ်တာပါပဲ
ငယ်ငယ်လေးတဲ့ကသံယောဇဉ်တွယ်
ခဲ့ရတဲ့ကောင်လေးရယ် ငါ့အချစ်တွေက နင့်ထက်ပိုပါသေးတယ်..
သွေးသစ်ရယ် လွှတ်ပါဦး ငါအရမ်းမောလှပြီ..မေမြမြင်သွားရင် မကောင်းဘူး..
မျက်နှာလေးရဲတွတ်နေအောင်ရှက်နေရှာသည့် ချစ်သူလေးကို
သနားသွားရသည်..သူမရှက်နေပုံကလေးက
ချစ်စရာကောင်းလွန်းနေပြန်သည်။
ငါ့ကို ပြန်ချစ်ပါနွေနှောင်းရယ် ငါနင်ကိုပဲချစ်တယ်.နင့်ကိုပဲ လက်ထပ်ချင်တယ်..နင်က ငါ့ဘ၀ပါ နွေနှောင်းရယ်.
ကဲ..သားနဲ့သမီးတို့စားကြဦး..စားပြီးရင် စာပြန်ကြည့်ကြဦးနော်..သမီးသူငယ်ချင်းက စာကြည့်တာကနည်းနည်း
ဦးနှောက်ဆေးတာက များများရယ်..သူက
ဥာဏ်ကောင်းတယ် မေမြရဲ့ ...ကဲကဲ စားကြ
မေမြဘုရားရှိခိုးလိုက်ဦးမယ်
နင်ငါ့ကိုမုန်းသွားပြီလား နွေနှောင်းရယ် ..ငါချစ်လွန်းလို့ စိတ်မထိန်းနိုင်ဖြစ်သွားရတာပါ..
နင့်ကို ဘယ်သူကမုန်းတယ် ပြောနေလို့လဲ.....ဟွန်း.....တော်တော်ဆိုးတဲ့လူ အိမ်လာလည်တဲ့
ဧည့်သည်ကို..
မမုန်းဘူးဆို ချစ်တယ်ပေါ့နော်..သိဘူး မပြောတတ်တော့ဘူး...ပြန်မယ်..
ဝမ်းသာလိုက်တာ ချစ်ရယ်..ဟာ သွေးသစ် တော်တော့လေကွာ မေမြမြင်သွားလိမ့်မယ်..မမြင်ပါဘူးကွာ
မြင်လည်း မေမေက သဘောတူပြီးသား..ချွေးမလေး ချွေးမလေးနဲ့ မောင့်ကိုခဏခဏ စနေတာ..
မောင့်ကို မောင်လို့ပဲခေါ်တော့နော် မောင်လည်း
ချစ်ကိုချစ်လို့ပဲခေါ်တော့မယ်..ပါးပြင်နုနုပေါ်အနမ်းတွေ ခြွေမိသည်
မောင်ရယ်တော်တော့နော် ချစ်မနေတတ်တော့ဘူး..ချစ်ကိုတန်ဖိုးထားပြီးချစ်ရမယ်နော်..
ပြီးတော့ဘယ်တော့မှ ပြစ်မသွားရဘူး...မောင့်ကို
ဟိုးငယ်ငယ်လေးကတည်းက ချစ်ခဲ့ရတာပါ မောင်ရယ်..
ချစ်ရယ်မောင်ဒီစကားလေးကိုကြားရတော့ ကြည်နူးလိုက်တာကွာ..ရှက်ရှာလွန်းလို့ထင်ရဲ့
ခေါင်းလေးက ကျနော်ရင်ခွင်
ကြားသို့ အတင်းတိုးဝှေ့ နေသည်။
ကျောင်းပြီးရင်လက်ထပ်ကြရအောင်နော်ချစ်..မောင်လည်း ကြိုးစားမယ် ချစ်ကို တင့်တင့်တယ်တယ် ထားနိုင်အောင်
ကြိုးစားပါ့မယ်..ပြီးရင် မောင်တို့
ကလေးတွေ အများကြီး မွေးကြမယ်..
မောင်ရာ..ဘာတွေပြောနေမှန်းမသိဘူးတော့ ရှက်စရာတွေ..အေးပါကွာ မောင်ကစိတ်ကူးယဉ်ကြည့်တာပါ..
အရမ်းအေးတယ်မဟုတ်လား..မောင့်ရင်ခွင်ထဲ ခဏမှေးနေနော်...ညကတဖြည်းဖြည်းနက်လာသလို
နှုင်းတွေကပိုပြီးသည်းလာသည်
ချမ်းလွန်းလို့ထင်ရဲ့ ချစ်သူလေးက ကျနော့်ရင်ခွင်ဆီ ပို၍တိုးကပါလာပါသည်..
မောင်..ချစ်ကို တစ်သက်လုံးချစ်ပါနော်..မျှော်လင့်တကြီးမော့ကြည့်ပြီး မေးနေပုံလေးက
အသည်းယားစရာ..
ချစ်၇ယ်..တစ်သက်မကဘူး ဆယ်သက်ချစ်ပါ့မယ်ကွာ..
ကျနော်အသက်ရှူတိုင်းလှုပ်ရှားသွားသည့် ဆံနွယ်စကလေးတွေကအစ
ချစ်သူရဲ့ ခြေသည်းလှလှလေးတွေထိ ကျနော်ချစ်မိပါသည်
....အဝေးဆီက နာရီတီးသံ ၁၁ ချက်ချက်တိတိကို ကြားရသည်..ချစ်သူကို ကျနော်
ချစ်လို့အားမရသလို နမ်းလို့လဲမ၀ပေ..
ချစ်သူရဲ့ နူးညံ့တဲ့ ပါးပြင်လေးဟာ ကျနော်အတွက် အနမ်းတွေ အကြိမ်ကြိမ် ခတ်၍မကုန်နိုင်သော ပင်လယ်ပြာပြာလေး
ဖြစ်ပါစေ..အနမ်းသည် အချစ်၏သင်္ကေတဆိုလျှင်
ချစ်သူတစ်ကိုယ်လုံး အနမ်းတွေနဲ့
တံဆိပ်ခတ်နှိပ်ထားပါမည်......
မည်သူမျှ မထိရ၊မဖျက်ရ၊ကြည့်ပင်မကြည့်ရ ထိုမျှထိ သ၀န်တိုစွာ ချစ်နေမိပါသည်။
မောင် ..ချစ်ပြန်တော့မယ် မေမေတို့ရိပ်မိသွားလိမ့်မယ်....ခဏလေး ၃ မိနစ်လောက်ပဲနေပေးပါဦး ချစ်ရယ်..
ကြယ်ကလေးတွေ ကောင်းကင်မှာ
လင်းလက်နေကြဆဲ..ကျနော်တို့နှစ်ဦး၏ ရင်ခုန်သံကို
သူတို့ကြားလိမ့်မည်ထင်ပါသည်။
လေပြေထဲကစံပယ်ရနံ့တွေသည် ခါတိုင်းထက်ပို၍ မွှေးပြန့်နေသည်ထင်ရဲ့....ရင်ထဲကကြည်နူးမှုကြောင့် ပုရစ်သံကလေးတွေ
တောင် ချစ်စရာကောင်းနေသည်..မနက်ဖြန်ဆိုတာတွေအားလုံးကို အချစ်နဲ့ပဲ
တွေးနေမိသည်...လမ်းနံဘေးက တမာပင်ကြီးကလည်း ဒီညအဖို့
ကဗျာဆန်လွန်းလှရဲ့...သြော် ..အချစ်သည် လောကကို လှပစေတတ်သလား..
အချစ်သည် ဘ၀ကို ချိုမြိန်စေသလားမသိ...ချစ်သူနှစ်ဦး၏ ရင်ခုန်သံမှအပ ညကတိတ်ဆိတ်
ငြိမ်သက်လျှက်...
သူတို့ရဲ့ရင်ထဲ၌ အနာဂတ်သည် ချစ်ခြင်း၏ရောင်နီတို့ဖြင့် လှပနေပေလိမ့်မည်...

ဘ၀နဲ့ဆန္ဒတစ်ထပ်တည်း ဖြစ်ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

မြန်မာတို့လူမျိုးတို့ရဲ့ လူမှုကျင့်ဝတ်များ

၁။ မင်းကျင့်တရား (၁၀) ပါး
(၁) အလှူပေးခြင်း
(၂) ငါးပါး/ဆယ်ပါးသောသီလတို့ကို ဆောက်တည်ခြင်း
(၃) ပေးကမ်းစွန့်ကြဲခြင်း
(၄) ဖြောင့်မတ်တည်ခြင်း
(၅) နူးညံ့ခြင်း
(၆) ရှစ်ပါးသီလ ဆောက်တည်ခြင်း
(၇) အမျက်မထွက်ခြင်း
(၈) ပြည်သူကို မညှင်းဆဲခြင်း
(၉) သည်းခံခြင်း
(၁၀) ပြည်သူနဲ့ မဆန့်ကျင်ခြင်း
(အသီတိနိပတ်၊ မဟာဟံသဇာတ်)

၂။လင်ကျင့်ဝတ် (၅)ပါး
မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင်လင်ကျင့်ရာ

၃။မယားကျင့်ဝတ် (၅)ပါး
အိမ်တွင်းမှုလုပ်
သိမ်းထုတ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ
အိမ်သူကျင့်အပ်စွာ

၎။မိဘ၀တ် (၅)ပါး
မကောင်းမြစ်ထာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင်
ဖခင်မယ်တို့တာ

၅။ သားသမီးဝတ် (၅)ပါး

ကျွေးမွေးမပြတ်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ

၆။ ဆရာကျင့်ဝတ် (၅)ပါး
အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့
ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ

၇။တပည့်ကျင့်ဝတ် (၅)ပါး
ညီညာထကြွ
ဆုံးမနာယူ
လာမူကြိုဆိး
ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်
တပည့်ဝတ်
မချွတ်ငါးခုသာ

၈။အရှင်သခင်ကျင့်ဝတ် (၅)ပါး
ဝစွာကျွေးမွေး
ပြုရေးစီရင်
နာလျှင်ကုစေ
ငှဝေရသာ
အခါကိုလွှတ်
အရှင့်ဝတ်
ဟောချွတ်ပဉ္စပါ

၉။ ကျွန်ကျင့်ဝတ် (၅)ပါး
အိပ်သော်နောက်ကျ
ထသော်ကားရှေး
ပေးမှယူအပ်
စေ့စပ်ဆောင်ရွက်
ကျေးဇူးမြွက်
ငါးချက်ကျွန်ကျင့်ရာ

၁၀။ရဟန်းကျင့်ဝတ် (၆)ပါး
မကောင်းမြစ်တာ
ကောင်းရာညွှန်လှစ်
အသစ်ဟောကျူး
နာဘူးထပ်မံ
နတ်ထံတင်ရာ
မေတ္တာလည်းပြု
ရဟန်းမှု
ခြောက်ခုလွန်သေချာ

၁၁။ဒကာကျင့်ဝတ် (၅)ရပ်
မေတ္တာစိတ်သက်
ဆောင်ရွက်ချစ်ခင်
ခင်မင်နှုတ်လျှို
လိုလျှင်ဖိတ်ထား
တတ်အားလှူစေ
ငါးခုနေ
ပြုလေ ဒါယကာ

၁၂။မိတ်ဆွေကျင့်ဝတ် (၅)ပါး
ပေးကမ်းချီးမြှင့်
ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်
နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ
ဝတ်ငါးထွေ
ကျင့်လေမိတ်သဟာ

၁၃။နာယကဂုဏ် (၆)ပါး
သည်းခံခြင်း
နိုးကြားခြင်း
ထကြွလုံ့လရှိခြင်း
ဝေဖန်ပိုင်းခြားခြင်း
သနားခြင်း နှင့်
မြောင်မြင်ခြင်း

၁၄။ပညာရှိတို့၏ အရည်အချင်းများ
အကြားအမြင်များခြင်း
သီတင်းသီလရှိခြင်း
ရဲရင့်ခြင်း
လုံ့လ၀ိရိယရှိခြင်း
အမှုကိုပြီးအောင်စီရင်နိုင်ခြင်း
စွမ်းအားသတ္တိရှိခြင်း
လောဘနည်းခြင်း
ချစ်စဖွယ် တင့်တယ်လျောက်ပတ်သော အဆင်းရှိခြင်းတို့ ဖြစ်သည်။

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ခွင့်ပြုချက်

ရထား-ကျနော်ကို၅မိနစ်လောက် နောက်ကျခွင့်ပေးပါ
ဘူတာရုံ-ဘာကြောင့်လဲ
ရထား-ပထမတစ်မိနစ်က အဝေးကြီးကနေ ကျနော့်ကိုတွေ့ဖို့လာနေတဲ့ လူတွေကိုစောင့်ဖို့
ဒုတိယတစ်မိနစ်က အိပ်ပျော်နေတဲ့ လူတချို့ကိုနှိုးဖို့
တတိယတစ်မိနစ်ကလူတချို့ကို သူတို့ရဲ့ ဖိနပ်တွေ စီးခွင့်ပြုဖို့
စတုတ္ထတစ်မိနစ်က လူတချို့ကို တစုံတခု ဆုံးဖြတ်စေဖို့
ပဉ္စမတစ်မိနစ်က လူတချို့ကို သူတို့ရဲ့ နောက်ဆုံးစကားတွေ ပြောခွင့်ပြုဖို့

တာရာမင်းဝေ


ဖတ်ထားမိတာလေးတွေ ကြိုက်လို့
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ချစ်သူမဖတ်တတ်ခဲ့သောကျနော့်အိပ်မက်များ

“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်..
ရာစုတစ်ထောင်နေရစ်ခဲ့..
ထိုသို့ဖြင့် စကားမဲ့စေသတည်း“
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ံငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက် လန့်ပျံသွားတယ်..။
ချို့တဲ့သောကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်းသစ္စာ
သြော်..ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ..။
(တာရာမင်းဝေ)
့ညက..အေးစက်စက်..။ဆောင်းညတညရဲ့ ၁၁ နာရီတိတိ အချိန်..။
လမ်းကလေးသည် တိတ်ဆိတ်စွာ အိပ်မောကျနေသည်။အိပ်မက်ဆိုးတွေဟာ
သူ့ဆီဘယ်တော့မှမလာနိုင်တော့မယ့် ယုံကြည်ခြင်းမျိုးနဲ့ အပူအပင်ကင်းစွာ ပက်လက်လှန်ပြီး လဲလျောင်း
နေ၏။ခရေပင်တွေနဲ့ အုံ့ဆိုင်းနေသောလမ်းကလေးပေါ်လရောင်က ဟိုတကွက်ဒီတကွက် စိုလက်တောက်ပလို့။
ကြယ်တွေက ကောင်းကင်အနှံ့ပြန့်ကြဲနေပြီး နှင်းတွေကတော့ ခတ်ပါးပါးလေးဝေ့ဝဲနေလေရဲ့ ...။
ဖျတ်....ဖျတ်..ဖျတ်....အဲဒီအချိန်မှာ လမ်းကလေးရဲ့ ရင်ဘတ်ပေါ် ခြေလှမ်းတစ်စုံ ဖြတ်သန်းလာတယ်။
ုဟုတ်တယ် လူငယ်လေးတစ်ယောက်သည် နှင်းတွေခွင်းရင်း လရောင်ကိုနင်းရင်း လျှောက်လှမ်းလာနေလေသည်။
အဲဒီလူငယ်လေးကတော့
တခြားသူ မဟုတ်ဘူး..ကျနော်ပါပဲ..။အေးစက်နေတဲ့ လေပြေရဲ့လက်တွေက
ကျနော့်ကိုယ်ပေါ်ကဂျာကင်အင်္ကျီလေးကို ဆွဲခွာချနေ၏။သြော် ..ဆောင်းက
အေးစိမ့်လွန်းလှရဲ့..။
ကျောပေါ်မှာလွယ်ပိုးထားတဲ့ ဂစ်တာက လရောင်အောက် ထိုးထိုးထောင်ထောင်..။တောက်ပနေတဲ့ ကျနော့်
မျက်ဝန်းတွေက မျှော်လင့်ချက်တွေနဲ့ပေါ့..။ကျနော်မျှော်လင့်နေတာက ချစ်သူရဲ့ အရိပ်ကလေး..။ဒီလမ်းကိုဖြတ်ပြီး
ချစ်သူရှိရာအဆောင်ဆီ ဂစ်တာတလက်နဲ့ ရင်ဖွင့်ခဲ့တဲ့ ညတွေ များပြီမို့ဒီလမ်းကလေးနဲ့ ကျနော် ငယ်ပေါင်းကြီးဖော်
ဖြစ်နေလေပြီ။မျက်စိမှိတ်ပြီးလျှောက်မယ်ဆိုရင်တောင် ဘယ်နေရာက ကမူ၊ဘယ်နေရာကကျင်းကျနော် အလွတ်ရနေပါပြီ။
သူမနေတဲ့ အဆောင်က ဒီခရေပင်လမ်းကလေးရဲ့ ဘယ်ဘက်ထောင့်ကလေးမှာရှိသည်။အဆောင်ရဲ့ ဘယ်ဘက်ထောင့်
လေးဆီက အခန်းနံပါတ် ၁၈ မှာသူမရှိသည်။စာတော်သူလေးမို့ ညနက်သည်အထိ သူမအခန်းက မီးရောင်ကလေးလင်း
နေပြီး သူမစာကြည့်နေတာ ကျနော် သိပါသည်။ကျနော်ကလည်းညနက် ၁၁ နာရီကျော် သူများတွေပြန်သွားလောက်တဲ့
အချိန်ကျမှ လာပါသည်။သူမ ကြိုက်မကြိုက်တော့မသိ ရင်ထဲမှာခံစားရသမျှ အကုန်ဖွင့်ဆိုပြီးမှ ကျနော်ပြန်သည်။
သူမကတော့ ကျနော့်ကို ညညဂစ်တာတီးပြီး လာလာနှောက်ယှက်တဲ့ ကောင်လေးတယောက်အဖြစ်ပဲ သိပေလိမ့်မည်။
ကျနော်ဘယ်သူဆိုတာ သူမ မသိနိုင်လောက်ပေ။ကျောင်းမှာဆိုလည်း ကျနော်သူမကို အဝေးကနေပဲ မြတ်နိုးစွာ
ကြည့်နေတတ်ပါသည်။တခါတလေတော့ သူမအတန်းရှေ့ ကော်ရစ်တာသွားကြညမိ၏။သူမမျက်ဝန်းလေးတွေနဲ့
ဆုံခွင့်ရတဲ့နေ့ဟာ ကျနော်အတွက် အပျော်ရွှင်ရဆုံးနေ့ရက်တွေပါပဲ။မျက်ဝန်းချင်းဆုံတိုင်းလည်း သူမရဲ့ နားမလည်
နိုင်တဲ့အရိပ်အယောင်၊ရှက်နေတဲ့ အငွေ့အသက်တွေကို ကျနော်ခံစားမိပါသည်။
သူမပုံစံကလေးက ရိုးရှင်းလှ၏။အပေါင်းအသင်းလည်းများများစားစားမရှိ။စကားလည်း နည်းသည်။လမ်းလျှောက်
တော့လည်းညင်ညင်သာသာလေး..။သူမလမ်းလျှောက်လာလျှင် နတ်သမီးလေးလေထဲလွင့်လာသလိုလို..။
ဖြူဖွေးနူးညံ့လွန်းတဲ့ပါးပြင်ကလေးလေးပေါ်က အကြောစိမ်းစိမ်းလေးတွေကလည်း ကဗျာဆန်လွန်းလှ၏။
လည်တိုင်ကျော့ကျော့ကလေးကလည်းစွဲမက်ဖွယ်ကောင်းပါသည်။လည်တိုင်လှလှလေးပေါ်ဖြာကျနေတဲ့
ဂုတ်ဝဲဆံပင်လေးတွေနဲ့ နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကအစ ကျနော့်အချစ်တွေရဲ့ မြစ်ဖျားခံရာပါ။
သူမဟယကျနော်အိပ်မက်တွေကိုဖမ်းစားထားတဲ့ ကျနော့်ရဲ့ပဉ္စလက်မလေးပါပဲ ။တခါတရံချစ်စရာသွားစွယ်ဖွေးဖွေး
လေးပေါ်အောင် သူမပြုံးလိုက်တိုင်း ကျနော် အသက်ရှူရပ်ရပ်သွားပါသည်။သူမခဏခဏပြုံးရင် ကျနော်
သေသွားနိုင်တယ်ထင်ရဲ့။
ချစ်တယ်..ချစ်သူ..။မင်းရဲ့အနီးမှာနေရဖို့ဆိုရင် မင်းအမြဲသုံးဆောင်နေတဲ့ ထီး၊ဖိနပ်၊ခြုံစောင်၊အိပ်ယာကလေးကအစ
ငါအကုန်ဖြစ်ပေးလို့ မင်းအရိပ်လေးလိုပဲ မင်းအနား အမြဲရှိချင်လိုက်တာ ချစ်သူ..။မင်းကိုပြောမထွက်ခဲ့တဲ့၊မပြောရဲခဲ့တဲ့
ချစ်တယ်ဆိုတဲ့စကားလုံးက ငါ့နှလုံးခုန်သံနဲ့အမျှ ငါ့နှလုံးသားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ် ချစ်သူ..။
ငါ့ကို ယောက်ျားမဟုတ်ဘူး၊ညံ့တယ် ပြောချင်ရာပြော ခံရမှာပါပဲ။မင်းရှေ့မှာ ငါအမြဲ ဆွံ့,အ ခဲ့တယ် ချစ်သူ။
ငါ့လိုကျည်းတန်နုံချာလှတဲ့ လူတစ်ယောက်ဟာ မင်းနဲ့ဘယ်နည်းနဲ့မဆို မလိုက်ဖက်နိုင်ဘူးချစ်သူ..။
ခရောင်းတွေပြည့်နေတဲ့ ငါလျှောက်မဲ့လမ်းမှာ ပန်းလိုနူးညံ့လှပလွန်းတဲ့ ငါ့ချစ်သူလေးကို မနွမ်းစေချင်တာ
၇င်ထဲက ချစ်ခြင်းရဲ့ စေတနာ သက်သက်ပါ ချစ်သူ..။ကျောင်းတွေပိတ်လို့ ဝေးကြတော့လည်း ငါ့တယောက်ထဲပဲ
သက်သေမရှိ တဘက်သတ် လွမ်းရက်တွေ ရှည်ကြာခဲ့ရ..။မင်းဘယ်သိနိုင်မှာလည်းလေ..။အချစ်စိတ်
အရင့်အမာကြီးနဲ့ မြိုသိပ်ထားရတာ လမင်းကိုဆွတ်ယူဖို့ ကြိုးစားရသလိုပါပဲလားကွာ။
ဒီလိုနဲ့ပဲ မင်းနဲ့ငါ ဝေးကွာခဲ့ကြတယ်.။နှစ်တွေကြာလို့ငါ့ဘဝငါလှော်ခတ်နေချိန်တွေမှာ ငါ့ရဲ့နံဘေး
တိုးတိုးဖော်လေးအဖြစ်မင်းရှိနေရင် သိပ်ကောင်းမှာပဲ...။အဲဒီလို တမ်းတမိတာလဲခဏခဏပါ.။လောကရဲ့
ဟင်းလင်းပြင်ကြီးထဲမှာ ငါတစ်ယောက်ထဲ အဖော်မဲ့ ပျံသန်းနေခဲ့တယ်။မင်းရော ဘဝကို ဘယ်လိုဖြတ်သန်းနေလဲ။
ငါ့လို အဖော်မဲ့လား..။ဒါမှမဟုတ် မင်းဟာ မြင့်မြတ်တည်ကြည်ပြီး ခန့်ညားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့
တိုးတိုးဖော်လေး ဖြစ်နေပြီလား။ငါသိချင်စမ်းလှရဲ့...
ချစ်သူရယ် ငါကတော့ အိပ်မက်တွေထဲမှာ အိပ်ပျော်နေဆဲပါ။လန့်မနိုးပါရစေနဲ့..။ငါ့ကို အိပ်မက်တွေ ဆက်မက်ခွင့်
ပြုပါချစ်သူ..ဒီတစ်ခုကပဲ ငါ့ရဲ့ပိုင်ဆိုင်မှုလေးမို့..။မင်းကို ပေးမဖတ်ခဲ့တဲ့ ငါ့နှလုံးသားရဲ့ ဒိုင်ယာရီတွေလေ ..အိပ်မက်ထဲ
မှာပဲ ရေးနေခဲ့တယ်..။အိပ်မက်တွေဟာ ငါ့လိုလူတစ်ယောက်အတွက် ဝင်သက်ထွက်သက်တွေပါပဲ ချစ်သူ။
လန့်မနိုးပါရစေနဲ့ချစ်သူရယ်..ငါ အိပ်မက်တွေ ဆက်မက်နေပါရစေ........။
လှတစ်မျက်နှာအတွက်
ဘဝတစ်သက်စာလွမ်းရဲ့
အိပ်မက်ကိုဖယ်ကြည့်
အတွေးထဲ ငါ့အချစ်တွေရှိတယ်
ရင်ဘတ်ကိုဆုတ်ဖြဲကြည့်
နှလုံးသားထဲ ငါ့အချစ်တွေရှိတယ်
ဝေးလေလေ လွမ်းလေလေ
လွမ်းလေလေ ချစ်လေလေ
ငါသေတဲ့ထိ
မေ့မပစ်ရက်ဘူး
ချစ်သူ.......

သတ္တဝါအားလုံး ကျန်းမာ၊ချမ်းသာ၊ပျော်ရွှင်ကြပါစေ
သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

ကဗျာဆိုတာ

နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။
စကြာဝဠာထဲမှာ(ဒါမှမဟုတ်)လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့
ကဗျာကို
သြော် ......ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။

ဇာတ်မင်းသားကိုသိန်းဇော်ရဲ့ စကားလုံးလေးတွေပါ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

အင်ဂျင်နှီယာ

အင်္ဂလန်နိုင်ငံ အင်ဂျင်နီယာဆိုင်ရာတော်ဝင်အကယ်ဒမီ မှ ၂၀၀၇ ခုနှစ်ထုတ်ဝေခဲ့သော အင်ဂျင်နီယာကျင့်ဝတ် အခြေခံနိယာမများအား ဗဟုသုတ အလို့ငှာ ဘာသာပြန်ဖော်ပြလိုက်ပါသည်။

ဤနေရာ၌ အင်ဂျင်နီယာ ဟူသောစကားရပ်သည် မြို့ပြ၊စက်မှု၊အီလက်ထရောနစ်အင်ဂျင်နီယာများ၊ဗိသုကာများ၊ ကွန်ပြူတာပညာရှင်များ၊ သိပ္ပံပညာရှင်များအားလုံးကို ရည်ညွှန်းပါသည်။

ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများသည် အများသူငါ အကျိုးစီးပွား၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေးဆောင်ရွက်လုပ်ကိုင်ကြစဉ်မှာပင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ရေးကို အလေးဂရုပြု ဆောင်ရွက်ကြရပါသည်။ အသိပညာ၊ဗဟုသုတ တိုးပွားလာစေရေးနှင့်
တီထွင်ဖန်တီးမှု စွမ်းရည်ပြည့်ဝသော အင်ဂျင်နီယာ အသင်းအဖွဲ့များဖြစ်ပေါ်လာအော
င် စီမံအားထုတ်ရေးများကို ကိုယ်အား၊ဉာဏ်အားရှိသမျှ ပရော်ဖက်ရှင်နယ် သစွာလုပ်ဆောင်လျက် လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် လုပ်ဆောင်ကြရပါသည်။

အင်ဂျင်နီယာ တစ်ယောက်အား ပရော်ဖက်ရှင်နယ် ပီသသော ဘ၀ကို အောင်မြင်စွာ
ပုံဖော်နိုင်ရေးအတွက် လမ်းညွှန်ပေးနိုင်သော အခြေခံအချက် (၄) ချက်ရှိပါသည်။
ထိုအခြေခံ အချက်များသည် ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများ၏ ယုံကြည်ချက်
နှင့် တန်ဖိုးများကို ညွှန်းဆိုနေပါသည်။ ထိုအခြေခံအချက်များမှာ -

(၁) Accuracy and Rigour - တိကျမှန်ကန်မှု နှင့် ဖြောင့်မတ်မှု
(၂) Honesty and Intergrity - ရိုးသားမှု နှင့် စောင့်ထိန်းမှု
(၃)Respect for Life, Law - သက်ရှိ၊သက်မဲ့ဘ၀များ၊ ပြဋ္ဌာန်းထားသောဥပဒေများ၊
အများပြည်သူတို့၏ and the Public Good အကျိုးစီးပွားများကို လေးစားမှု
(၄) Responsible Leadership - ခေါင်းဆောင်ပီသမှု (သိမြင်နားထောင်တတ်မှု နှင့် ဖြန့်ဝေနားလည်စေမှု)
(Listening and Informing)


(၁) တိကျမှန်ကန်မှု နှင့် ဖြောင့်မတ်မှု
အခြားသူများအား
ဝန်ဆောင်မှုပေးရာ၌ လိုအပ်သော အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မှုများနှင့်
သင့်လျော်ညီညွတ်သော အသိပညာ၊ဗဟုသုတများအား ပညာဥာဏ်ရှိစွာ၊ သစ္စာရှိစွာ
အသုံးချရန်၊ ရှာဖွေသိုမှီးရန်မှာ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများ၏
တာဝန်ပင်ဖြစ်ပါသည်။ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများသည် -
- အစဉ်သဖြင့် သတိရှိစွာ၊ နားလည်တတ်ကျွမ်းစွာ ပြုမူလုပ်ဆောင်သင့်ပါသည်။
- တတ်ကျွမ်းနားလည်မှု ဘောင်အတွင်းမှ သာ တာဝန်ယူဆောင်ရွက်သင့်ပါသည်။
- မိမိ၏ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုများအား အစဉ်မြှင့်တင်လေ့လာနေသင့်သလို အခြားသူများကိုလည်း အင်ဂျင်နီယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများ တိုးတက်ဖွံ့ဖြိုးလာစေရေး အတွက် ကူညီ၊ ပံပိုးမှုများပြုလုပ်ပေးသင့်ပါသည်။
- အင်ဂျင်နီယာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် သိလျက်နှင့် တမင်တကာ အမှားမကျုးလွန်သင်သလို အခြားသူများအားလည်း အမှားကျုးလွန်ခြင်းကို ခွင့်မပြုသင့်ပါ။
- အင်ဂျင်နီယာဆိုင်ရာ တွေ့ရှိချက်၊ သီအိုရီများအား တင်ပြခြင်း၊ သုံးသပ်ခြင်း၊ ဖော်ထုတ်ဆွေးနွေးခြင်းများကို ရိုးသားစွာ၊ မှန်ကန်စွာ နှင့် ဘက်မလိုက်ဘဲ ဆောင်ရွက်သင့်ပါသည်။
- ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်များကိုလည်းခွဲခြမ်းစိတ်ဖြာခြင်း၊စိစစ်သုံးသပ်ခြင်းများကိုပြုလုပ်သင့်ပါသည်။

(၂) ရိုးသားမှု နှင့် စောင့်ထိန်းမှု
ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများသည် ပရော်ဖက်ရှင်နယ်များ၏ အပြုအမူ၊ ပွင့်လင်းမှု၊ မျှတမှု၊
ရိုးသားမှုများကို အမြင့်ဆုံးစံနှုန်းများနှင်
့ လိုက်နာဆောင်ရွက်သင့်ပါသည်။ ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာများသည် -
- မိမိတို့၏ လုပ်ငန်းဆောင်တာများကြောင့် အခြားသူများအား ထိခိုက်စေနိုင်သောအချက်များအား အမြဲသတိထားနေသင့်ပါသည်။အခြားသော အဖွဲ့အစည်း၊ အခြားသူများ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာ များကို လေးစားတန်ဖိုးထားသင့်ပါသည်။
-
မရိုးသားသောအပြုအမူများကို ရှောင်ရှားသင့်ပါသည်။ အကျင့်ပျက်သော
ဆောင်ရွက်မှုများနှင့် ပရော်ဖက်ရှင်နယ် မပီသမှုများကို တားဆီးသင့်သလို
ပရော်ဖက်ရှင်နယ်တို့၏ အကျိုးတရားများကိုပျက်စီးစေ
သော၊ ဆုတ်ယုတ်စေသော အချက်များကိုလည်း ဖော်ထုတ်သင့်ပါသည်။
- အလွဲသုံးစားမှုနှင့် မလျော်မကန်ပြုမူ ဆောင်ရွက်မှုများကိုလည်း ရှောင်ရှားသင့်ပါသည်။

(၃) - သက်ရှိ၊သက်မဲ့ဘ၀များ၊ ပြဋ္ဌာန်းထားသောဥပဒေများ၊ အများပြည်သူတို့၏ အကျိုးစီးပွားများကို လေးစားမှု
ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာများသည် သက်ဆိုင်ရာ နည်းဥပဒေများ၊ အချက်အလက်များ၊ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို အလေးထားလျက် အများပြည်သူအကျိုးကို
ရှေးရှုသင့်ပါသည်။ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများသည် -
- လုပ်ငန်းတိုင်း ကိုတရားဥပဒေဘောင်အတွင်းမှသာ ဆောင်ရွက်သင့်ပါသည်။
- လူ့မှုအဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင် နှင့် နောင်လာမည့်မျိုးဆက်များ
အပေါ်တွင် ဆိုးရွားသော အကျိုးသက်ရောက်မှု နည်းပါးစေရေးအတွက်
ဆောင်ရွက်သင့်ပါသည်။
- လူသားအရင်းအမြစ် နှင့် သဘာဝအရင်းအမြစ်များ အကန့်အသတ်ဖြင့်သာရရှိနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
- သက်ရှိ၊သက်မဲ့တို့၏ ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးပေးသင့်ပါသည်။
- လုပ်ငန်းများအား ပရော်ဖက်ရှင်နယ်တို့၏ ဂုဏ်သိက္ခာ၊ ရပ်တည်မှု၊
ကျက်သရေရှိမှု တို့ကိုလက်ကိုင်ထားလျက် ဂုဏ်သရေရှိစွာ၊ တာဝန်သိစွာ၊
တရားဥပဒေနှင့်လျော်ညီစွာ ဆောင်ရွက်သင့်ပါသည်။

(၄) ခေါင်းဆောင်ပီသမှု
ပရော်ဖက်ရှင်နယ်များသည် နည်းပညာများအား အသုံးချတတ်မှု၊ စီမံခန့်ခွဲတတ်မှု၊ ဖော်ထုတ်တတ်မှုများနှင့်တကွ ခေါင်းဆောင်မှု အရည်အသွေးကို အမြင့်မားဆုံး ဖြစ်အောင်စွမ်းဆောင်သင့်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း၌ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကိုရရှိထားသူများပီပီ လူ့အဖွဲ့အစည်းသာယာဝပြောရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန် လူအများကမျှော်လင့်ထားကြပါသည်။ ပရော်ဖက်ရှင်နယ်များသည် -
- အင်ဂျင်နီယာဆိုင်ရာအတတ်ပညာများနှင့် နည်းပညာတိုးတက်မှုများကို သတိရှိနေသင့်သလို အခြားသော သူများ၏ တိုးတက်ဖြစ်ထွန်းမှု၊ အလေးဂရုပြုသောအကြောင်းခြင်းရာများကိုလည်း နားထောင်မှတ်သားသင့်ပါသည်။
- အင်ဂျင်နီယာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ အောင်မြင်မှုများ၏
အကျိုးသက်ရောက်မှု နှင့် အကျိုးဆက်များကို ပြည်သူလူထု
နားလည်မှုရှိလာစေရန်၊ သတိပြုမိလာစေရန် တက်ကြွစွာ လှုံ့ဆော်ပေးသင့်ပါသည်။
- ပရော်ဖက်ရှင်နယ်ပီသစွာဖြင့် ထုတ်ဖော်တင်ပြချက်များအား ရည်ရွယ်ချက်ရှိစွာ၊ မှန်ကန်စွာဖြင့်တင်ပြသင့်ပါသည်။

သူငယ်ချင်းတယောက်ဆီက mail ၇လို့ မျှဝေလိုက်တာပါ
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

ကျနော်သိပ်ချစ်မိနေတဲ့ကျနော်

ကျနော်လေ
ပိုင်ဆိုင်ဖို့ဆိုပြီး
ကြိုးစားခဲ့တိုင်းသာ
ရရှိခဲ့မယ်ဆိုရင်
ဘာတွေကိုတောင့်တရမလဲ?
မေ့မေ့ကိုလွမ်းတဲ့အခါ
ဝေ့သီခဲ့တဲ့မျက်ရည်တွေ...
ဖေ့ဖေ့ကိုသတိရတဲ့အခါ
ဝေ့သီခဲ့တဲ့မျက်ရည်တွေ...
ညီလေးညီမလေးတွေကို အောက်မေ့တဲ့အခါ
ဝေ့သီခဲ့တဲ့မျက်ရည်တွေ...
ပြီးတော့ ချစ်သူကို တမ်းတတဲ့အခါ
ဝေ့သီခဲ့တဲ့မျက်ရည်တွေ...
အဲဒီမျက်ရည်တွေကရော
ဘာတွေကိုတောင့်တခဲ့တာလဲ?
ဒီလိုနဲ့ နေ့တွေညတွေ
အာရုဏ်တွေ ဆည်းဆာတွေ
ဖြတ်သန်းသွားကြ
ကျနော်ကတော့
ဘာကိုမှအသေအချာ မသိခဲ့ဘူး
ဒါပေမယ့်တစ်ခုတော့ရှိတယ်
ကျနော်အရမ်းချစ်နေမိတဲ့
လူသားလေးတစ်ယောက်ကတော့
ကျနော်ပေါ့

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ကစားမလားနားမလား

ညအခါ လသာသာ
ကစားမလား နားမလား...ကလေးတယောက်ရဲ့ စာကျက်သံ ကျနော့်နားထဲ ရောက်လာတယ်။
လသာတဲ့ညတွေကတော့ များလှပါသည်။
ဒါပေမယ့် လပြည့်ညကိုတော့ ကျနော်တို့ဟာ တနှစ်မှ ၁၂ ကြိမ်ပဲ မြင်ခွင့်ရပါသည်။အသက် ၆၅နှစ် နေရသောသူကတော့
အကြိမ် 780 ကြည့်ခွင့်ရှိနိုင်ကောင်းရဲ့။ဝိုင်းဝိုင်းစက်စက်ကြီး ပြည့်နေတဲ့ လမင်းကို တကမ္ဘာလုံးကလူတွေ တပြိုင်နက်ထဲ
ကြည့်ချင်ကြည့်နေကြပေလိမ့်။သို့သော် ခံစားချက်တွေ ခြားနားကြလိမ့်မည်။
ညအခါ လသာသာ
ကစားမလား နားမလား...ဒီစာကြောင်းလေးတွေနဲ့ ကျနော် နှစ်ပေါင်းများစွာ ရင်းနှီးနေခဲ့သည်။
ုကြားတိုင်းလဲ လသာသာထဲမှာ ပြေးဆော့နေတဲ့ ကလေးတွေကိုပဲယောင်မြင်မိသည်။ကျနော်တို့
ငယ်ငယ်က ဦးကြီးဝင်းတို့အိမ်ဝိုင်းကျယ်ကြီးထဲမှာ ရွာကသူငယ်ချင်းတွေနဲ့ ဆော့ခဲ့ကြတာကိုပဲ
အမှတ်ရနေမိသည်။အဲဒီစာကြောင်းတွေရဲ့ အဓိပ္ပာယ်ကိုတော့ တခါမှ စဉ်းစားမကြည့်ခဲ့ဖူးပါ။ခုမှ
တွေးကြည့်သည် တွေးလေအဓိပ္ပာယ်ပိုရှိလာလေ ဖြစ်ရသည်။
ညအခါ လသာသာတဲ့ လသာတဲ့ညက မြင်ကွင်းထဲ လှပစွာစီးဆင်းလာသည်။လရောင်သည် အေးမြသည်၊ပြီးတော့
အဲဒီချစ်စရာကောင်းတဲ့လမင်းကိုလဲ တစိမ့်စိမ့် စိုက်ကြည့်၍ ရသေးသည်။လရောင်ကချစ်စရာကောင်းသလို
လသာညတွေက ပန်းချီကားတွေလို နှစ်သက်စရာကောင်းသည်။ကဗျာဆန်သည်။
သို့သော် အဲဒီလရောင်သည်မမြဲပေ။ဆုတ်ယုတ်နေ၏။တရက်ပြီးတရက် စောင့်ကြည့်နေဆဲမှာပဲ လမင်းဝိုင်းဝိုင်းကြီးဟာ
တဖြည်းဖြည်းပိန်ပိန်လာပြီးပျောက်ကွယ်သွားပြန်သည်။
ပြီးတော့ အလင်း...လရဲ့အလင်း...ဘယ်အရာကိုမှ ထင်းထင်းလင်းလင်း မမြင်နိုင်.။လရောင်အောက်တွင်
အရာရာအားလုံးဟာ ဝိုးတဝါးနိုင်လှ၏။တခါတရံ အရိပ်တွေ အမှောက်အတိကျခြင်းတွေနဲ့လည်း ပြည့်နက်နေတတ်၏။
လရောင်ကအေးမြလှတယ၊အလင်းရှိတယ်ဆိုပြီး ကလေးငယ်သည် ချွေးတဒီးဒီးကျအောင် ပြေးလွှားဆော့ကစားလေသည်။
ပျော်ချင်တာပဲသိတဲ့ကလေးငယ်သည် မောပန်းနေပြီ၊ပင်ပန်းနေပြီ ဟူ၍ မတွေးမိပေ။နေရိပ်ကအေးမြပေမယ့် လရိပ်ကကြတော့
ကြောက်မက်ဖွယ်ကောင်းပါသည်။
အပျော်လွန်အပြေးလွန်ပြီး အရိပ်အမှောင်ထဲရောက်မှ ခလုတ်ကိုလဲမမြင်၊ဆူးတွေခြုံတွေကိုလဲမမြင်၊ချောက်ကိုလဲမမြင်
ဒုက္ခရောက်ကြရသည်။ထို့ကြောင့် လရောင်နဲ့ကစားတဲ့ကလေးတွေ သတိထားစေဖို့ နားနားနေနေ ဆော့ဖို့ ကဗျာလေးက
ဆုံးမနေပါသည်။
ကျနော်တို့လူ့ဘဝဆိုတာလဲ ဒီလိုပါပဲ။ဘာမှရေရေရာရာမရှိတဲ့ အနာဂတ်တွေအတွက် စမ်းတဝါးဝါး လျှောက်လှမ်းရင်း
ွှအဲဒီဘဝကြီးကိုပဲ သာယာလှပြီလို့ ထင်မှတ်နေတတ်ကြသည်။အပျော်လွန်နေတဲ့ အချိန်ကျမှ ဘဝရဲ့ အမိုက်မှောင်၊အခက်အခဲ
တွေနဲ့ ကြုံတွေ့ရတတ်သည်။အဲဒီအချိန်ကျမှ ဘာမှပြင်ဆင်မထားခဲ့တဲ့ဘဝမှာ လူကပန်းစိတ်ကပန်း လဲကျသွားတတ်ကျပေ၏။
အဲဒီလို အခက်အခဲတွေကြုံတဲ့အခါ၊ပင်ပန်းတဲ့အခါ လဲကျမသွားအောင် နားနားနေနေနေတတ်ဖို့၊အရာရာမှာကြိုတင်ပြင်ဆင်ဖို့
လိုအပ်လှပါသည်။ဘဝမှာ ငွေရယ်၊ကျန်းမာရေး၇ယ်၊ပျော်ရွှင်မှု၇ယ် ၃မျိုးစလုံးပြည့်စုံမှ တကယ်သာယာပြည့်စုံတဲ့ဘဝတွေကို
ပိုင်ဆိုင်နိုင်ကြမှာဖြစ်လေသည်။
ငွေအတွက ပင်ပင်ပန်းပန်းရှာတဲ့အချိန်၊ကျန်းမာရေးတွက်အားကစားချိန်နဲ့နားချိန်၊သူငယ်ချင်းအပေါင်းအသင်းတွေမိသားစုနဲ့
ပျော်ရွှင်ချိန်စသည်ဖြင့်
မိမိခန္ဓာကိုယ်နဲ့စိတ်ကို သူနေရာနဲ့သူအချိန်ပေးသင့်ပေသည်။ ခန္ဓာအတွက်
အစာစားပေးရသလို စိတ်အစာအတွက် စာများများဖတ်ပေးရပေမည်။
လောကဆိုတဲ့ ကစားကွင်းကြီးထဲမှာကစားတဲ့ခါအောင်မြင်အောင်ကစား နားတဲ့အခါ စိတ်လွှတ်ကိယ်လွှတ်ပျော်ရွှင်စွာ
အနားပေးသင့် သည်။
လမင်းကြီးက ထိန်ထိန်သာဆဲ....
ညအခါလသာသာ
ကစားမလားနားမလား...ကလေးငယ်ရဲ့ စာကျက်သံ ကျနော်နားထဲ ပျံ့လွင့်ဆဲ...
သြော်....ယနေ့ညအဖို့ ကျနော်လည်း အနားယူ အိပ်စက်ရဦးမည်။

သတ္တဝါအားလုံးအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေ


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ဥစ္စာရူး

အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့လေးတစ်စေ့အကြောင်း
ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူဖြစ်ကြတယ်။
ကံဆိုးချင်တော့ ကျွန်တော့်မှာတယ်လီဖုန်းလေးတစ်လုံး ရှိမနေခဲ့ဘူး။
ဟုတ်ပါရဲ့။
ကျွန်တော်တို့မိသားစုဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ အိမ်မှာမထားနိုင်ဘူး။
အဖေတို့အမေတို့ကလည်း
တနေ့မှာသူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့။
တကယ်လို့အစောကသိခဲ့ရင်တော့
သားလေးရဲ့ နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပိုရှာခဲ့ကြမှာပေါ့။
ခုတော့ကျွန်နော် ကံဆိုးလိုက်ပုံများ
ကျွန်တော့်မှာတယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး။
ဒါပေမယ့် ကျွန်တော်ကံကောင်းချင်တော့
ကျွန်တော်တို့နိုင်ငံမှာ
ငါးမူးစေ့ထည့်ပြီး အသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေသေးလို့ တော်ပါသေးရဲ့။
ငါးမူးစေ့လေးကိ ကျွန်ုတော်တယ်လီဖုန်းထဲ
ထည့်လိုက်တဲ့အခါ တယ်လီဖုန်းထဲကို ဂျောက်ခနဲကျသွားတဲ့
ငါးမူးစေ့လေးဟာ ကျွန်တော်ဖြစ်ပြီး ကျွန်တော်ရင်ထဲကို
ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ သူမဖြစ်ပါတယ်။
တခြားအချိန်တွေမှာ ကျွန်တော်ဟာ
သာမာန်လူသားလေး တစ်ယောက်ပါပဲ။
ကျွန်တော်ဘဝမှာလဲ စိတ်ကြီးဝင်စရာဆိုလို့
ဘာမှမရှိပါဘူး။
ဒါပေမယ့်သူမရဲ့ အသံလေးကို
နှလုံးသားနဲ့ဆတ်ဆတ်ကြားနေရတဲ့
အခါမျိုးမှာတော့
ကျွန်တော်ဟာဘဝမေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့
တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးတစ်ယောက် မဟုတ်တော့ဘဲ
နတ်သားလေးတစ်ပါးလို့ထင်မိတယ်။
သူမအသံကိုကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့၊
လူ့အဖြစ်ကိုရဖို့မလွယ်ဘူး
လူသားအားလုံး တယ်လီဖုန်းလေးနဲ့
ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တော့်လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီးအရသာထူးကဲမယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီမီးရထားကြီးတွေက တခြားဘူတာရုံတွေရောက်ဖို့
အတွက် အချိန်တွေတော်တော်ကြာကြာ စီးရပေဦးမည်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီခရီးသွားတွေက သူတို့ရဲ့ဘဝရည်မှန်းချက် အသီးသီးကို ရောက်ဖို့
မီးရထားကြီးကို အချိန်တော်တော်ကြာကြာ စီးရပေဦးမည်။
အဲဒီအချိန်မှာ ကျွန်တော်ဟာ သူမနားရွက်လေးထဲကို
ရောက်ရှိနေခဲ့ပြီမို့ ဘဝရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာ ပြီးဆုံးလိုက်နိုင်တယ်။
တူ ဝူ
ဒါကိုမသိတဲ့ ခရီးသွာတွေနဲ့ ကျွန်တော်လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ နေ့စဉ်
မောင်းနှင်ရရှာတယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်ူ
သူမဟာ ဝတ်ဆံကူးနည်းဖြစ်တယ်။
သူမနဲ့စကားပြောရတာ စတုတ္ထတန်းသင်္ချာထက်
ပျော်စရာကောင်းတယ်။
သူမကို အာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပေါ်ပုံကို
မြင်ရတယ်။
သူမရဲ့နာမည်က အရှက်တရားထူထပ်သော ဓာတ်သတ္ထု
အရိုင်းများလို့ခေါ်တယ်။
ဒါဟာလဲ ကျွန်တော့အတွက်တော့ ကမာ့္ဘသမိုင်းပါတယ်။
အဖေတို့အမေတို့လည်း အသိမဟုတ်လား။
ကျွန်တော့်မှာ မျက်ရစ်ကလေးမပါဘူးဆိုတာ။
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥသြသံတွေဟာ
ကျွန်တော်နဲ့တစုံတရာပတ်သက်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တနေ့မှာ ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိမှာမဟုတ်တဲ့
ငါးမူးစေ့လေးတွေ လက်ထဲအပြည့်ထည့်လို့
ဘဏ်တိုက်ကြီါ်တစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံမတင်းဘဲ)ကျောပေးပြီး
အိမ်ကိုပြန်ခဲ့တယ်။
နောက်တစ်နေ့ ငါးမူးစေ့လေးတွေအများကြီးထဲက
ပထမဆုံးငါးမူးစေ့လေးနဲ့ သူမဆီဖုန်းဆက်တော့
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
သူမကျွန်တော့်ကို မုန်းသွားပြီတဲ့။
ဖြစ်ပုံကဒီလိုပါ။ကျြွန်တော့်အတိတ်ဘဝမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်ကလေး သူမက တယ်လီဖုန်ကနေတဆင့်
လှမ်းပေးလိုက်လို့ပါပဲ။
အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့လေးတစ်စေ့အကြောင်း
ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူဖြစ်ကြတယ်။
ကံဆိုးချင်တော့ ကျွန်တော့်မှာတယ်လီဖုန်းလေးတစ်လုံး ရှိမနေခဲ့ဘူး။
ဟုတ်ပါရဲ့။
ကျွန်တော်တို့မိသားစုဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ အိမ်မှာမထားနိုင်ဘူး။
အဖေတို့အမေတို့ကလည်း
တနေ့မှာသူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့။
တကယ်လို့အစောကသိခဲ့ရင်တော့
သားလေးရဲ့ နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပိုရှာခဲ့ကြမှာပေါ့။
ခုတော့ကျွန်နော် ကံဆိုးလိုက်ပုံများ
ကျွန်တော့်မှာတယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး။
ဒါပေမယ့် ကျွန်တော်ကံကောင်းချင်တော့
ကျွန်တော်တို့နိုင်ငံမှာ
ငါးမူးစေ့ထည့်ပြီး အသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေသေးလို့ တော်ပါသေးရဲ့။
ငါးမူးစေ့လေးကိ ကျွန်ုတော်တယ်လီဖုန်းထဲ
ထည့်လိုက်တဲ့အခါ တယ်လီဖုန်းထဲကို ဂျောက်ခနဲကျသွားတဲ့
ငါးမူးစေ့လေးဟာ ကျွန်တော်ဖြစ်ပြီး ကျွန်တော်ရင်ထဲကို
ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ သူမဖြစ်ပါတယ်။
တခြားအချိန်တွေမှာ ကျွန်တော်ဟာ
သာမာန်လူသားလေး တစ်ယောက်ပါပဲ။
ကျွန်တော်ဘဝမှာလဲ စိတ်ကြီးဝင်စရာဆိုလို့
ဘာမှမရှိပါဘူး။
ဒါပေမယ့်သူမရဲ့ အသံလေးကို
နှလုံးသားနဲ့ဆတ်ဆတ်ကြားနေရတဲ့
အခါမျိုးမှာတော့
ကျွန်တော်ဟာဘဝမေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့
တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးတစ်ယောက် မဟုတ်တော့ဘဲ
နတ်သားလေးတစ်ပါးလို့ထင်မိတယ်။
သူမအသံကိုကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့၊
လူ့အဖြစ်ကိုရဖို့မလွယ်ဘူး
လူသားအားလုံး တယ်လီဖုန်းလေးနဲ့
ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တော့်လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီးအရသာထူးကဲမယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီမီးရထားကြီးတွေက တခြားဘူတာရုံတွေရောက်ဖို့
အတွက် အချိန်တွေတော်တော်ကြာကြာ စီးရပေဦးမည်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီခရီးသွားတွေက သူတို့ရဲ့ဘဝရည်မှန်းချက် အသီးသီးကို ရောက်ဖို့
မီးရထားကြီးကို အချိန်တော်တော်ကြာကြာ စီးရပေဦးမည်။
အဲဒီအချိန်မှာ ကျွန်တော်ဟာ သူမနားရွက်လေးထဲကို
ရောက်ရှိနေခဲ့ပြီမို့ ဘဝရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာ ပြီးဆုံးလိုက်နိုင်တယ်။
တူ ဝူ
ဒါကိုမသိတဲ့ ခရီးသွာတွေနဲ့ ကျွန်တော်လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ နေ့စဉ်
မောင်းနှင်ရရှာတယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်ူ
သူမဟာ ဝတ်ဆံကူးနည်းဖြစ်တယ်။
သူမနဲ့စကားပြောရတာ စတုတ္ထတန်းသင်္ချာထက်
ပျော်စရာကောင်းတယ်။
သူမကို အာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပေါ်ပုံကို
မြင်ရတယ်။
သူမရဲ့နာမည်က အရှက်တရားထူထပ်သော ဓာတ်သတ္ထု
အရိုင်းများလို့ခေါ်တယ်။
ဒါဟာလဲ ကျွန်တော့အတွက်တော့ ကမာ့္ဘသမိုင်းပါတယ်။
အဖေတို့အမေတို့လည်း အသိမဟုတ်လား။
ကျွန်တော့်မှာ မျက်ရစ်ကလေးမပါဘူးဆိုတာ။
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥသြသံတွေဟာ
ကျွန်တော်နဲ့တစုံတရာပတ်သက်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တနေ့မှာ ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိမှာမဟုတ်တဲ့
ငါးမူးစေ့လေးတွေ လက်ထဲအပြည့်ထည့်လို့
ဘဏ်တိုက်ကြီါ်တစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံမတင်းဘဲ)ကျောပေးပြီး
အိမ်ကိုပြန်ခဲ့တယ်။
နောက်တစ်နေ့ ငါးမူးစေ့လေးတွေအများကြီးထဲက
ပထမဆုံးငါးမူးစေ့လေးနဲ့ သူမဆီဖုန်းဆက်တော့
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
သူမကျွန်တော့်ကို မုန်းသွားပြီတဲ့။
ဖြစ်ပုံကဒီလိုပါ။ကျြွန်တော့်အတိတ်ဘဝမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်ကလေး သူမက တယ်လီဖုန်ကနေတဆင့်
လှမ်းပေးလိုက်လို့ပါပဲ။

၂ ဆက်ရန်
ဇာတ်မင်းသားကိုသိန်းဇော်ရဲ့ ကဗျာလေးပါ

သတ္တဝါအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)