Saturday, August 30, 2014

အလွမ်း မှတ်တမ်း



 ငါ့ ရင်ဘတ်ထဲက
ကန္တာရ နွေဦးမှာ
သံယောဇဉ်တွေက
စိမ်းစိမ်း မြမြ
ရှင်သန် ဖူးပွင့်နေကြတုန်းပဲ...။

ချစ်သူ..
မင်း အကြင်နာရပ်ဝန်းနဲ့...
ဝေးနေတဲ့ အရပ်မှာ
ငါ့ ရှင်သန်ခြင်းဟာ
အက်ကွဲ ခြောက်ကပ်လို့...။

နွေရာသီ၊ ကန္တာရနဲ့ ငါ
အီကွေတာမျဉ်း တစ်ကြောင်းထဲပေါ်
အတူ ရပ်နေမိကြသလိုမျိုး..
ရင်ထဲမှာ
နေ ဆယ်စင်း ထွန်းထားတာထက်
ပူတယ်...။

ရင်ကွဲ ပက်လက်
ငါ့ရဲ့...
ဒီ အလွမ်းရာသီမှာ
ဥသြတွေတောင်
ငိုနေကြပြီ...။

ချစ်သူ..
မင်းနဲ့ ဝေးနေရတဲ့ ညတွေမှာ
ငါ့ကောင်းကင် သစ်ပင်ထက်
ကြယ်တွေ မဖူးပွင့်တော့သလို
လေပြေ လေညင်းတွေ ပျောက်ဆုံးခဲ့တာလဲ
ကြာပြီ...။

ညဟာ
ကုလားမ ဆံပင်တွေလို
အနက်ရောင်တွေ
မှောင်နေအောင်
ဖားလျားချ
ငှက်ဆိုးတွေက
ငါ့နှလုံးသားပေါ်
အလိုက် ကန်းဆိုးမသိ
တက်တက် အော်ကြရဲ့...။

အလွမ်း ညနက်ကြီးထဲမှာ
အိပ်မက်ဆိုးတွေ
ခဏခဏ မက်တယ်
ငါ ခြောက်ခြားလိုက်တာ
အလွမ်းနဲ့ ဖျားနာနေတဲ့
ငါ့ကို
အကြင်နာတွေနဲ့
ထွေးပွေ့လှည့်ပါ
ချစ်သူ..။

တကယ်ပါ အချစ်ရယ်...
ငါ့ အတွက်တော့
မင်းမရှိတဲ့ ဘ၀ဆိုတာ
လကွယ်ညတွေချည်းပါပဲ...။

လင်းဝေ

No comments:

Post a Comment