Saturday, March 1, 2014

ဘောလုံးသမားတစ်ယောက်ရဲ့ နိုင်ငံရေးအမြင်

“နိုင်ငံရေးအမြင်ရှိမှ ၊ စစ်ရေးအမြင်ရှိမှ ၊ အမျိုးချစ်စိတ်ရှိမှ သမ္မတ ဖြစ်မယ်ဆိုရင် တို့နိုင်ငံမှာ တယောက်ပဲရှိတယ် အဲဒီလူကတော့ သီဟတင်စိုး ” လို့ ဦးဇာဂနာတို့က ပြက်လိုက်တော့ အောက်က ပရိတ်သတ်က လဲ တသောသော ရယ်မောကြတာပေါလေ။

ကျနော်တို့နိုင်ငံမှာလဲ လူရွှင်တော်တွေက အစိုးရပိုင်းက အမှားတွေကို ပြက်လိုက် အောက်က ပရိတ်သတ်က ရယ်လိုက်ကြ ၊ စာရေးဆရာတွေ အစိုးရပိုင်းက လူတွေရဲ့ အဆီငေါ် မတည့်တာတွေ ဖဲ့လိုက် အောက်က ပရိတ်သတ်က လက်ခုတ်တီးလိုက်ကြနဲ့ပဲ ပြီးနေတော့တာပါပဲ။

အစိုးရပိုင်းက လုပ်ပုံမဟုတ်တာတွေကို ပြည်သူလူထုကို သိအောင်ပြောရမှာ၊ အစိုးရပိုင်းကလူတွေ သိအောင် ထောက်ပြရမှာလဲ မှန်ပါတယ်။

 ဒါပေမယ့် ပြက်လုံးထုတ်နေရုံ ၊ အပြစ်ပြောနေရုံနဲ့လဲ မပြီးသေးပါဘူး။ အပြုသဘောနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ်ယူရမယ့် တာဝန်တွေကို မမေ့ကြဖို့လိုပါတယ်။

လောကမှာ အရာရာ ပြီးပြည့်စုံတဲ့ လူဆိုတာ မရှိနိုင်ပါဘူး။

မိသားစုတစ်ခု ၊ ကုမ္ပဏီတစ်ခု ၊ အဖွဲ့အစည်းတစ်ခု ၊ ရပ်ကွက်တစ်ခု ၊ မြို့နယ်တစ်ခု ၊ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုရင် သက်ဆိုင်တဲ့ သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။

မိသားစု တစ်ခု တိုးတက်ဖို့ မိဘကအစ အဲဒီ မိသားစုဝင်တွေ အားလုံးမှာ တာဝနှ်ရှိတယ်။
ကုမ္ပဏီတစ်ခု တိုးတက်ဖို့ သူဌေးကအစ ၀န်ထမ်းအားလုံးမှာ တာဝန်ရှိတယ်။
အဲဒီလို အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံ အစိုးရက အစ ပြည်သူတွေ အားလုံး တစ်ဦးချင်းဆီမှာ တာဝန်ရှိတယ်။

ကျနော်တို့ ဘောလုံးကန်သလိုပေါ့။ ကျနော်တို့ ဘောလုံးအသင်းတသင်း ကစားတဲ့ ကစားသမား ၁၁ ယောက်လိုတယ်။ တယောက်ယောက် ထိခိုက်လျှင် ပင်ပမ်းလျှင် လူစားလဲဖို့ အရံကစားသမားတွေလည်း ထားရပါတယ်။

ဘောလုံးကန်တော့မယ်ဆိုရင် ကိုယ့်နေရာနဲ့ကိုယ် တာဝန်ယူပြီး အကောင်းဆုံးကစားကြရပါတယ်။
ဂိုးသမား ၊ နောက်တန်း ၊အလယ်တန်း ၊ ရှေ့တန်း  စသည် ဖြင့်ပေါ့လေ။

ဘောလုံးအသင်းတစ်သင်း အောင်မြင်ဖို့ ကစားသမားတယောက်ချင်းစီမှာ တာဝန်ရှိတယ်။
ဂိုး သမားကလဲ ဂိုးသမား တာဝန် ကျေရပါမယ်။ ဂိုးသမားမကောင်းရင်လဲ အသင်းသားတွေ သွင်းသမျှဂိုးတွေက အိတ်ပေါက်နဲ့ ဖားကောက်ရသလို အလကားဖြစ်ပါတယ်။

နောက်တန်းမကောင်းပြန်တော့ ဘောလုံးက အလယ်မရောက်သလို ဂိုးသမားခင်မျှာလဲ မသက်သာရှာပါဘူး။ ရှေ့တန်းက တိုက်စစ်မှူးတွေ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်တာပါပဲ။

အလယ်တန်း မကောင်းကောင်းတော့ နောက်တန်းသမား မသက်သာသလို ဘောလုံးရှေ့ မရောက်တော့ ရှေ့တန်းသမားတွေ ဂိုးသွင်းခွင့် မရနိုင်ပါဘူး။ ခါးပြတ်နေတဲ့ အတွက် ကစားကွက် ကောင်းကောင်းမဖန်တီးနိုင်သလို တသင်းလုံး ဇကောထဲ ဇီးဖြူသီးလှိမ့်သလို့ ဖရိုဖရဲ ဖြစ်ရတာပေါ့ဗျာ။

ရှေ့တန်းသမားတွေ မကောင်းတော့ နောက်တန်းနဲ့ အလယ်တန်းက ကစားသမားတွေ ကြိုးစားမျှ အဟောသိကံ ဖြစ်ကုန်ကြပါရော။ ဘယ်လောက်ကစားကွက်လှလှ တိုက်စစ်စွမ်းရည်မရှိတော့ ဂိုးမရနိုင်တာကြောင့် သင်္ကြန်အမြောက်နဲ့ ပစ်ရသလို အသံသာရှိ အဆံမရှိဆိုသလို ဖြစ်နေတတ်ပါတယ်။

အဲဒီတော့ အားလုံးဟာ သူ့နေရာနဲ့သူ တာဝန်ကျေဖို့လိုပါတယ်။ ကစားသမားတိုင်းဟာ နေရာတိုင်းမှာ မတော်နိုင်ပါဘူး ။ သူနေရာနဲ့သူ တော်တဲ့ လူတွေရှိပါတယ်။ အဲဒါကို လူမှန်နေရာမှန်လဲ ရွေးတတ်ဖို့လဲ လိုပါတယ် ။ ရှေ့တန်းကန်တတ်တဲ့ကစားသမားကို နောက်တန်းမှာ ကန်ခိုင်းသလိုမျိုး ဂိုးသမားကို ရှေ့တန်းတက် ကန်ခိုင်းသလိုမျိုး ပေါက်ကရ လုပ်လို့မရပါဘူး ။

 ပြီးတော့ မှန်ကန်တဲ့ ကစားနည်း စနစ်လည်း လိုပါတယ်။
ကစားသမားတိုင်းကလဲ ရေစာမခိုဘဲ ရေကုန်ရေခမ်း ကြိုးစားကြဖို့ လိုပါသေးတယ်။
တစ်ဦးကိုတစ်ဦး ယုံကြည်မှုအပြည့်၊ နားလည်မှုအပြည့်နဲ့ အပေးအယူမျှနေဖို့လိုပါတယ်။
အားလုံးဟာ ကိုယ်ကျရာနေရာမှာ တာဝန်ကျေအောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
ဒါမှသာ အောင်မြင်တဲ့ ဘောလုံးအသင်းတသင်း ဖြစ်မှာပါ။

နိုင်ငံတစ်နိုင်ငံမှာလဲ အဲဒီလိုပါပဲ။ အစိုးရ ၊ အစိုးရ၀န်ထမ်း ၊ ပြည်သူ အားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးပါတယ် ။ လူတိုင်းဟာ နေရာတိုင်းမှာ တော့ မတော်နိုင်ပါဘူး ။
စစ်သားက စစ်ရေးမှာ ကျွမ်းကျင်ပါတယ် ၊ နိုင်ငံရေးသမားက နိုင်ငံရေးမှာ ကျွမ်းကျင်ပါတယ် ၊ ပညာတတ်တွေက ပညာရေးမှာ တော်ပါတယ် ၊ ၀န်ထမ်းတွေကို တိုင်းပြည်စီမံခန့်ခွဲရေးမှာ တော်ပါတယ် ၊ စီးပွားရေးပညာ ရှင်တွေ စီးပွားရေး ပညာရပ်တွေမှာ တော်ပါတယ် ၊ ဘုန်းတော်ကြီးတွေက သာသနာရေးဘက်မှာ တော်ပါတယ် ၊ ဆရာဝန်တွေက ဆေးပညာမှာ တော်ပါတယ်၊ အင်ဂျင်နီယာတွေက နိုင်ငံတည်ဆောက်ရေးမှာ တော်ပါတယ်၊ ဥပဒေပညာရှင်တွေက ဥပဒေပြုရေးမှာ တော်ပါတယ် အစရှိသဖြင့်ပေါ့လေ လူတိုင်းဟာ သူ့နေရာနဲ့သူ တော်ကြပါတယ်။

ဒီလူတွေဟာ တိုင်းပြည်တပြည်တိုးတက် ရေးအတွက် ကိုယ်တော်တဲ့ အနေရာက နေ အစွမ်းကုန်ကြိုးစားကြရပါမယ်။
ပြည်သူလူထုကလဲ ကြိုးစားရပါမယ် ၊ စိတ်ဓာတ်ကောင်းရပါမယ် ၊ စည်းကမ်းရှိရပါမယ်၊ ပညာမြင့်ရပါမယ်။
ဘောလုံး အသင်းတသင်းရဲ့ ဂိုးသမား၊ ရှေ့တန်း နောက်တန်း၊ အလယ်တန်း နေရာမှန်မှန်မှန်နဲ့ ကြိုးစားရမလို နိုင်ငံတနိုင်ငံရဲ့ အစိုးရ၊အစိုးရ၀န်းထမ်း ၊ ပညာရှင်တွေနဲ့ ပြည်သူတွေကလဲ ကိုယ်အတော်ဆုံးနေရာ ကိုကျရာနေရာကနေ လူမှန်နေရာမှန်နဲ့ ကြိုးစားကြိဖို့လိုပါတယ်။

ကာကွယ်ရေးကို ကျွမ်းကျင်သူတွေက ကာကွယ်ရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်၊ စစ်လက်နက်တွေ ထုပ်လုပ်နိုင်အောင် ကြိုးစားရမယ်၊ စစ်ဗျူဟာတွေ တိုက်ခိုက်ရေးစွမ်းရည်တွေ မြင့်မားအာင် လုပ်ရပါမယ်။
ပညာရေးကို ကျွမ်းကျင်သူတွေက ပညာရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်၊ ပညာရေးကိုကမ္ဘာ့အဆင့်မှီအောင် လုပ်ရပါမယ်။

စီးပွားရေး ပညာကို ကျွမ်းကျင်သူတွေက နိုင်ငံစီးပွားရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ရမယ်။
ကျန်းမာရေးကို ကျွမ်းကျင်သူတွေက နိုင်ငံကျန်းမာရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်။
ဥပဒေပညာ  ကျွမ်းကျင်သူတွေက တရားဥပဒေ စိုးမိုးအောင် ဥပဒေကို တိုးတက်ကောင်းမွန်အောင် လုပ်ရမယ်။

အစရှိသဖြင့် လူမှန်နေရာမှန် တာဝန်ယူပြီး စနစ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်း၊ လုံ့လအပြည့်နဲ့ ကြိုးစားကြမှသာ နိင်ငံတစ်နိုင်ငံဟာ အမြန်တိုးတက်မှာပါ။

ဒီလိုမှ မဟုတ်ဘဲ ဂိုးသမားက ရှေ့တန်းတက်ကန်၊ နောက်တန်းက အလယ်မှာကစား၊ ရှေ့တန်းက နောက်မှာနေ ပရိတ်သတ်က ဆိုလိုက်ဆဲလိုက် ဟားလိုက် လုပ်နေလို့ကတော့ အောင်မြင်မှုတွေနဲ့ ဝေးနေကြဦးမှာပါပဲ။

အရေးကြီးတာက ကိုယ်မကျွမ်းကျင်တဲ့ နေရာကို ၀င်ပြီး ဆရာကြီးမလုပ်ဘဲ ကိုယ်ကျွမ်းကျင်တဲ့ နေရာကနေ အကောင်းဆုံး ကစားကြဖို့ပါပဲ။

အဲဒီလိုပဲ ကျနော်တို့နိုင်ငံလဲ လူမှန်နေရာမှန်တွေကို တာဝန်ပေးပြီး နားလည်မှုအပြည့် နဲ့ အပေးအယူမျှစွာ
ကိုယ်အကျွမ်းကျင်ဆုံးနေရာကနေ အရိုးသားဆုံး အကောင်းဆုံးတာဝန်ကျေကြမယ်ဆိုရင်၊ ပညာရေးကောင်းကောင်း ၊ စိတ်ဓာတ်ကောင်းကောင်း၊ ဥပဒေကောင်းကောင်းနဲ့ တယောက်ချင်းစီက ကြိုးစားကြမယ်၊တာဝန်ကျေကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်လဲ အောင်မြင်တဲ့ တိုင်းပြည်တစ်ခု မနှေးဧကန်အမြန်ဖြစ်မည်မှာ မလွယ်ပါလို့ ဘောလုံးသမားတယောက် အမြင်နဲ့ သုံးသပ်လိုက်ရပါတယ်ခင်ဗျား။

 ပြည်သူကောင်းကျိုး တိုင်းပြည်ကောင်းကျိုးအတွက် နိုင်ငံသား တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်ဆိုတာ အထူးသတိပေးလိုက်ပါတယ်။ သူများကိုချည်း လက်ညှိုးထိုးမနေကြဖို့ ကိုယ်ကိုယ်တိုင်လဲ တာဝန်ကျေဖို့လိုပါတယ်။ နိုင်ငံသားတိုင်း ကောင်းမှ တိုင်းပြည်ကောင်းမှာပါ။

အမှားများပါပါက ကျနော့်ရဲ့ မပြည့်ဝမှုများ ကျနော်ရဲ့ ခံစားချက်များသာ ဖြစ်ပါသည်ခင်ဗျား။

လင်းဝေ








No comments:

Post a Comment