Sunday, March 23, 2014

သင်းကွဲငှက်ငယ်..


မေမေ...

ဘ၀ရဲ့
အမှောင်ဖုံးနေတဲ့
နေ့ရက်
ဆိုးဆိုးတွေထဲမှာ
သား
ငတ်မွတ်စွာ
တောင့်တမိတာ
မေမေ့ရဲ့
မေတ္တာ အလင်းရောင်တွေပါ...

ဒေါင်ကျကျ
ပြားကျကျ ဆိုပြီး
ယောက်ျား တစ်ယောက်ရဲ့
ရိုးသားတဲ့ မာနတွေနဲ့
သွေ့ခြောက် အက်ရှနေတဲ့
ညဥ့်နက်နက်တွေ
ဖြတ်ကျော်ရတာ
ရှည်ကြာလွန်း နေသလိုပဲ...

သင်းကွဲတဲ့ ငှက်
အဖော်ကွဲတဲ့ နွား
မုဆိုးတွေ
ကျားတွေအလယ်
မျက်နှာ ငယ်ရတဲ့ အဖြစ်မျိုး
သား
ကိုယ်ချင်းစာတတ်ခဲ့ပြီ
မေမေ...


မေမေ ခဏခဏ
ပြောပြောနေသလိုပဲ
လူတွေက သိပ်ခက်တာပဲ ငါ့သားလေးရယ်
ဆိုတဲ့ စကား
သားနားလည်လာပြီ မေမေ...

ဘ၀တခုရဲ့
ခြေလှမ်းတွေဟာ
ဇာတ်လမ်းတွေထဲကလို
မလွယ်ပါဘူး မေမေ...

တခါတခါကျတော့
ဒီလိုကြမ်းတဲ့ လမ်းကို
လူကြမ်းဆန်ဆန်
ဖြတ်သန်း ပစ်လိုက်ချင်ပေမယ့်
မေမေပေးခဲ့တဲ့
သားနှလုံးသားတွေ
သားအသိတရားတွေက
ခွင့် မပြုပါဘူး မေမေ...

လောကဓံတရားတဲ့
မေမေ ပေးခဲ့တဲ့
ရင်ဘတ်ကြီးနဲ့ပဲ
သား
အားလုံးကို တောင့်ခံထားတယ် မေမေ..

မေမေ ခဏခဏ
ဆုံးမခဲ့သလို
ဘ၀မှာ ပေးဆပ်နိုင်သူပဲဖြစ်အောင်
သားကြိုးစားပါ့မယ် မေမေ...

တမာတန်းတွေရဲ့ အဝေး...
ကုက္ကိုရ် တန်းတွေရဲ့ အဝေး....
အိမ်ပြန်ချိန်တွေရဲ့ အဝေး...
နွေးထွေးမှုတွေရဲ့ အဝေး...
မေမေ့ အပြုံးတွေရဲ့ အဝေးမှာပေါ့...

သားလေ
အမှန်တရားကို မြတ်နိုးတတ်ဖို့
လောကဓံတရားကို သည်းခံတတ်ဖို့
လူတွေကို နားလည်တတ်ဖို့
ရိုးသားမှုကို တန်ဖိုးထားတတ်ဖို့
စစ်မှန်တဲ့ အောင်မြင်မှုကို ရဖို့

သားကြိုးစားနေပါတယ်
မေမေ...

လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment