Monday, August 15, 2011

လေလွင့်ငှက်ရဲ့ အိပ်တန်းပြန်ချိန်..

လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
တမာရနံ့တွေ
တသင်းသင်း
ဆွတ်ပျံ့နေတဲ့
မြေနီလမ်းလေးဆီမှာ....။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
လေညင်းတွေ
တဖြူးဖြူး
တိုက်ခတ်နေတဲ့
ကုက္ကိုရ် တန်းလေးဆီမှာ..။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြကတ္တီပါ
ခင်းထားတဲ့
လယ်ကွင်း စိမ်းစိမ်းတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြေသင်းရနံ့တွေ
ထုံမွှန်းနေတဲ့
ယာခင်း ၀ါဝါတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
သဲသောင်ဖြူလွလွနဲ့
ရွာဘေးက
စမ်းချောင်းလေးဆီမှာ..။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
ဆည်းလည်းသံ
တလွင်လွင်နဲ့
ဖြူဖြူဖွေးဖွေး
ရွာဦး စေတီလေးဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြူခိုးတွေ
တလွင်လွင်
ဝေနေတဲ့
တောင်တန်းပြာပြာတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
လက်မောင်းသားတွေ
ယိုရွဲ
ခေါင်းပေါင်းစမှာ
ချွေးစတွေရှိပေမယ့်
အမြဲနွေးထွေးနေမယ့်
အဘိုးအိုရဲ့
ပုခုံးထက်ဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
ဘာပကာသနမှ
မတောက်ပပေမယ့်
ထာဝရလှပနေမယ့်
အမေအိုရဲ့
တဲကုတ်လေးဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
.....
.....................
..........................
ဆီမှာ....။

လင်းဝေ (ရွှေဘို)




No comments:

Post a Comment