Monday, August 15, 2011

အဖြူရောင်ညလေး

ညဟာ...
ဘာအရောင်မှ
ဆိုးမထားဘူး...
ညဟာ
လမင်းလေးကို
သူ့ရင်ခွင်ထဲ
ထွေးပွေ့လို့..
ညဟာ
အလွမ်းငွေ့တွေနဲ့
အေးစက် ငြိမ်သက်လို့...
ညဟာ..
ဝင်းဝင်းပပ
ချစ်သူ မျက်နှာကို
ယူဆောင်လာတယ်...။
ညဟာ..
ညင်သာတိုးတိတ်စွာ
မြတ်နိုးဖွယ်
လင်းလက်လို့
ညဟာ..
ကြယ်စင်တွေကို
ရင်ဘတ်နဲ့အပြည့်
ကြဲဖြန့်လို့...
ညဟာ..
ချိုချိုသာသာ
ချစ်သူ စကားသံလေးကို
ယူဆောင်လာတယ်...။
ညဟာ...
လေညင်းလေးတွေနဲ့
ညင်သာစွာ
လှုပ်ခတ်လို့..
ညဟာ..
ငါ့ရင်ခုန်သံတွေကို
အဖော်ပြုလို့...
ညဟာ...
မွှေးမွှေးမြမြ
ချစ်သူ ကိုယ်သင်းရနံ့လေးကို
ယူဆောင်လာတယ်...။
ခင်ဗျားတို့ မသိလိုက်ကြပါဘူး..။
အဲဒီ..
ဖြူဖြူစင်စင်
ညလေးထဲမှာပေါ့
အတောင်ပံမရှိပေမယ့်
တစ်ခုဆီကို
တစ်ခုက ပျံသန်းလို့...
မျက်လုံးတွေ မရှိပေမယ့်
တစ်ခုက တစ်ခုကို
မက်မက်တတ
မြင်ယောင်လို့..
ကြိုးတွေ
မမြင်ရပေမယ့်
တစ်ခုကို တစ်ခု
ခိုင်မြဲစွာ ချည်နှောင်လို့...
အချစ်ရယ်..
အဲဒီညလေးထဲမှာ
လူတွေ သတိမထားလိုက်မိတဲ့
ကိုယ်တို့ရဲ့
နှလုံးသားတွေ
နွေးထွေးနေကြတယ်....။

လင်းဝေ (ရွှေဘို)

No comments:

Post a Comment