Monday, March 14, 2011

ချစ်သူမရှိတဲ့ မနက်ဖြန်....

အမှတ်တမဲ့
သတိရမှုမှာ
ဘာအရောင်မှ
စွန်းထင်းမနေခဲ့ဘူး..
သက်ပြင်းတစ်ခါချတိုင်း
အသက်တိုရမယ်ဆိုရင်
ငါ..
ဒီနေရာမှာပဲ
လဲကျ
သေဆုံးသွားမယ်
ထင်ရဲ့...
ရိုးရိုးသားသား
ဝန်ခံရမယ်ဆိုရင်
အသက်ငင်နေတဲ့
မြက်ပင်ပင် ၀ါဝါတွေရဲ့
မိုးရာသီကို
တမ်းတခြင်းမျိုးနဲ့
ငါ..
မင်းရဲ့...
ရွှန်းရွှန်းလက်လက်
မျက်ဝန်းတွေကို
မက်မောလွမ်းဆွတ်ဆဲပါ...
ဖြစ်နိုင် မဖြစ်နိုင်
ဖြစ်သင့် မဖြစ်သင့်
ငါ့ဦးနှောက်က
အဆင်သင့်
မဖြစ်ခဲ့ဘူး..
လွမ်းမယ် ဆွေးမယ်
အသည်းကွဲမယ် နာကြင်မယ်
ငါ့နှလုံးသားက
ကြိုတင် မကြားနိုင်ခဲ့ဘူး...
အချစ်ဆိုတာ
ရွေးချယ်လို့ မရဘူး
ကန့်သတ်လို့ မရဘူး
ပြင်ဆင်လို့ မရဘူး..
..............
..........မရဘူး.....
သူငယ်ချင်းတစ်ယောက်
ပြောသလို
အချစ်စစ်ဆိုတာ
`ကြယ်တံခွန် တစ်စင်းကို
နှစ်ပေါင်းများစွာမှာ
တကြိမ်ပဲ မြင်တွေ့ခွင့်ရသလိုမျိုး
လူတစ်ယောက်ရဲ့
တစ်သက်မှာ
တစ်ခါပဲ ဖြစ်ပေါ်လာတဲ့
အချစ်မျိုး´
အဲဒီလို
အချစ်မျိုးနဲ့
ငါ
မင်းကို
ချစ်ခဲ့တာပါ....
ဒါပေမယ့်
ဒါပေမယ့်
..
မရေရာသေးတဲ့
ငါ့ရဲ့
မနက်ဖြန်တွေမှာ
မင်း.....
ငါနဲ့အတူ
ရှိမနေတော့ဘူးဆိုတာက
သေချာနေခဲ့တယ်....
ငါကိုင်နေကျ
ဘောပင်လေးက
ငါ့ကို လှောင်ပြောင်..
ငါရေးနေကျ
စာရွက်တွေက
ငါ့ကို ပြက်ရယ်ပြု
တီးနေကျ ဂစ်တာက
အက်ကွဲသံ ထွက်တယ်
ကောင်မလေးရယ်
ငါ သောက်နေကျ
အရက်တွေက
ခါတိုင်းထက်
ပိုမူးနေသလိုပဲ
ဒီညကစပြီး
ကြယ်တွေ
ဘယ်လောက်ကြွေကြွေ
ငါ..
ဆုမတောင်းတော့ဘူး...

သားထက် (မုံရွာ)

2 comments: