Saturday, November 27, 2010

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၈)

 အပိုင်း (၇) မှ အဆက်

`ငါ ကျောင်းဆက်မတက်ချင်တော့ဘူး ဂူဂဲရာ´

`ဘာဆိုင်လဲကွာ မင်းကလည်း အဲလောက်ကြီး မပျော့ညံ့စမ်းပါနဲ့´

`သူငါ့ကို မြင်ရင် စိတ်ဆင်းရဲနေမှာပါ၊ငါ သူ့ကို ငါ့အတွက်နဲ့ စိတ်မညစ်စေချင်ဘူး၊ပြီးတော့ စာတွေကလည်း ပြတ်သလောက်ဖြစ်နေပြီ၊ငါ အဆောင်မှာပဲ စာကြည့်တော့မယ်´

`ညောင်ဦးကမ်းပါး ပြိုတာနဲ့ ကိုသာအေးနွားမကြီး ပေါင်ကျိုးတယ်ဆိုတာလိုပဲ မင်းဟာက ဘာမှမဆိုင်ပါဘူး၊အချစ်နဲ့ ကျောင်းစာကိုခွဲခြားသိစမ်းပါကွာ´

`ငါသိပါတယ် သူငယ်ချင်းရာ ငါ့ရည်မှန်းချက်တွေကို အချစ်အတွက်နဲ့ မပျက်စေရဘူးလို့ မင်းကို ကတိပေးတယ်´

`ဒါဆိုလည်း ပြီးတာပဲ ဒါပေမယ့် ဒီနေ့ကျူတိုရီယယ်ကို တော့ ဖြေရမယ်နော်´

`အေးပါ´

`ဒါဆိုလည်း အတန်းထဲ သွားကြစို့´

တမာပင် အရိပ်မှာ သဲမွန်တို့ ကြီးပေါတို့အဖွဲ့တွေ စကားပြောနေကြသည်။

`ကြီးပေါတို့ ဘာတွေ အူပွနေကြတယ်မသိဘူး လာသွားရအောင်´

`မသွားပါနဲ့ကွာ ဟိုမှာ ဆန်နီရှိတယ်´

`ရှိတော့ ဘာဖြစ်လဲ မနက်ဖြန်က စပြီးသူမင်းကို မမြင်စေရဘူးဆိုတာ သိအောင်ပြောရမှာပေါ့´
`အဲဒီလိုကြီးတော့..`

`လာကွာ လေကိုတော်တော်ရှည်တဲ့ကောင်ပဲ´

ဂူဂဲက စိတ်တိုပြီး ထွက်သွားသည်။

`ဟေး မျောက်နှစ်ကောင် နောက်ကျလှချည်လား´

`ဆရာမ မလာသေးဘူးလား ၀ူးဝါး´

`လာတော့မယ်´

“ကျူတိုရီရယ်က ဘယ်တော့စမှာလဲ”

“နာရီဝက်လိုသေးတယ်”

`မင်းနောက်ကကောင်က လင်းတ ဘာမီတွန် တိုက်ထားတာလား သေတော့မယ့် မျက်နှာနဲ့´

`ဟုတ်ပ ဟဲ့ဒေါင်းကြီး နေမကောင်းဘူးလား´ အိသွယ်က လှမ်းမေးသည်။

“ဟုတ်ပ ဂူဂဲရယ် နင် အဆောင်က ကျောက်ရုပ်များ မလာတာလား”

ဘာလဲ နင့်ကိုစကားပြောရင် လျာဖြတ်ပစ်မယ်လို့ ပြောထားတဲ့သူ ရှိလို့လား”
 သဲမွန်ကလဲ ၀င်ပြောသည်။

သူ ဆန်နီဆီ တချက်ကြည့်လိုက်သည်။

“ မဟုတ်ပါဘူးဟာ အထွေထူး ပြောစရာ မရှိလို့ပါ။ နင်တို့ပြောတာ နားထောင်မှာပေါ့”

`အေးဟာ ခေါင်းလည်း နည်းနည်းကိုက်နေလို့၊နင်တို့က စာမကြည့်ဘဲ ဘာလုပ်နေကြတာလဲ´

`စာကအေးဆေးပါ တို့အာလူးဖုတ်နေကြတာ ဟဲဟဲ`

ဆန်နီကတော့ ခေါင်းငုံ့ပြီး စာပဲလုပ်နေသည်။

“ဆန်နီ ညည်းကလဲ စာပဲ ကြည့်နေတာပဲ ကျူတိုရီရယ်ကို ဘာများမှတ်နေလဲ”

“မဟုတ်ပါဘူး မမ အိသွယ်ရယ် သမီးက စာမေးပွဲကြီးကရင် မမေ့သွားအောင် ခုကတည်းက သေချာအောင် ကြည့်နေတာပါ”

“အင်း နောက်နှစ် ဘီအီး ရိုးလ် ၀မ်းက ဆန်နီပဲ ဖြစ်မယ်ထင်တယ်ဟေ့”

ကြီးပေါက ထနောက်လိုက်သည်။

“ဟုတ်တယ် ကြီးပေါပြောတာမှန်တယ်”

“ဟာ ကိုကြာကြီးတို့ ကလဲ မဟုတ်တာ သမီးက အဲလောက် မတော်ပါဘူး”
မျက်နှာလေးရဲကာ ငြင်းဆန်နေသူလေးကို သူ ခိုးကြည့်နေမိသည်။

မနက်ဖြန်က စပြီး ဒီမျက်နှာလေးနဲ့ မဆုံဖြစ်အောင် ကြိုးစားရတော့မှာပါလားဆိုတဲ့ အသိက သူ့ရင်ကို နာကြင်စေသည်။

“ဟုတ်ပါပြီ ရိုးလ်ဝမ်းရရင်တော့ ငါတို့အဖွဲ့ကို ၀မ်းတေဘယ်လ်နော်“

“ဟုတ်ကဲ့ပါ ကိုနီကိုရဲရယ်..”

`ဒေါင်းကြီး မင်းဥစ္စာက ခေါင်းကိုက်တာလား နှလုံးရောဂါလား´

`ဟုတ်တယ် ကြီးပေါရေ ဒီကောင် အသည်းကွဲနေတာ မနက်ဖြန်က စပြီးကျောင်းမတက် တော့ဘူးတဲ့´
“အဆောင်မှာပဲ အခန်းပိတ်စာကြည့်တော့မယ်တဲ့”

အားလုံးရဲ့ အကြည့်တွေက ဆန်နီနဲ့ ဒေါင်းကြီးဆီ ရောက်သွားကြသည်။

“တကယ်လားဒေါင်းကြီး မင်း ဘာထပြီးတော့ ကြောင်နေတာလဲ ခုမှ အစောကြီးပဲ ရှိသေးတယ်”

“နှစ်တိုင်း ကိုယ်ပိုင်စာကြည့်ချိန် မပိတ်မချင်း အတူတက်နေကြပဲကို မင်းက”

“ဟုတ်သားပဲ လေးဖြူပြောတာ မှန်တာပဲ နင်က ဘာထကြောင်တာလဲ ”

သူငယ်ချင်းတွေ ဆူညံပွက်လောရိုက်ကုန်ကြသည်။
သူမကလဲ သူ့ဆီကို တချက် မော့ကြည့်လိုက်သည်။

“ငါ့ အကြောင်းနဲ့ ငါပါကွာ...စာတွေလဲ ပြတ်နေပြီပဲ...ငါ စာမေးပွဲ အောင်အောင် လုပ်မှာပါဟ ...စိတ်မပူကြပါနဲ့”

“ဒေါင်းကြီးရေ မင်းကတော့ မလွယ်ဘူး...နောက်ပိုင်း သင်တာတွေက အရေးကြီးတာတွေ ပြန်သင်နေတာ .. မင်းတက်သင့်တယ်”
ဝူးဝါးကလဲ သူငယ်ချင်းဆိုတော့ ၀င်ပြောသည်။

“မင်းတို့ ပြန်ရှင်းပြကြပေါ့ကွာ ... ငါကတော့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ..”

“မင်းတို့လည်း နားလည်မှာပါ .. ငါကျောင်းဆက်တက်မှ ငါတကယ် စာမေးပွဲကျသွား နိုင်တယ်”

“ဒေါင်းကြီးရယ် နင်ကလဲ အဲဒီလောက် မပျော့ညံ့ စမ်းပါနဲ့ ဟယ်”
ဇာခြည်လဲ စိတ်မကောင်းစွာ ၀င်ပြောရှာသည်။

“နင်ပြောလဲ ခံရမှာပဲ ဇာခြည်ရာ...ထားလိုက်ပါတော့.. မင်းတို့အားလုံး ငါ့အတွက် စိတ်မကောင်းဖြစ်နေကြပြီ.. ငါတောင်းပန်ပါတယ် ...လာကျူတိုရီရယ် သွားဖြေကြရအောင်..”

သူငယ်ချင်းတွေ အားလုံး မျက်နှာ မကောင်းကြ။

ကျူတိုရီရယ် ဖြေတော့ အစောဆုံး သူငယ်ချင်းတွေ မပြီးခင် အစောဆုံးထထွက်ပြီး အဆောင်ကို တန်းပြန်ခဲ့သည်။ လောလောဆယ် ဘယ်သူနဲ့မှာလဲ စကားမပြောချင်ပါ။

စာမေးပွဲ နီးပြီဆိုတော့ ကျောင်းကလဲ ခြောက်တောက်တောက်ကြီး ဖြစ်နေလေသည်။ ရေတမာပင် လမ်းကလေးအတိုင်းပဲ လျှောက်ပြန်လာခဲ့သည်။ ရင်ထဲမှာ ဟာပြီး ဆို့နင့်ကြေကွဲနေသည်။

တကယ်ကို ဆုံးရှုံးသွားပြီ ဆိုတဲ့ အသိက နှလုံးသားတစ်ခုလုံးကို တိုက်စားနာကြင်စေသည်။ လျှောက်လာရင်း ဦးကျော် လက်ဖက်ရည်ဆိုင် ရှေ့နားရောက်လာသည်။ သူမနဲ့ စပြီး ဆုံခဲ့တဲ့ နေရာလေးပေါ့။ မတွေးတာပဲ ကောင်းတယ် ချစ်သူရယ်..။

ပျော့ညံ့တယ်ပဲ ပြောပြော ငါ့နှလုံးသားကိုက အချစ်နဲ့ပတ်သက်လာရင် ထိခိုက်ခံစားလွယ်လွန်းပါတယ် ချစ်သူရယ်..။

အဆောင်ပြန်ရောက်တော့ အခန်းထဲဝင်ပြီး အိပ်ယာပေါ် ခဏလှဲနေမိသည်။ နဖူးပေါ်လက်တင် စဉ်းစားကြည့်တော့ သူမနဲ့ ပတ်သက်တဲ့  အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းတပုဒ်လို တကွက်ချင်းပေါ်လာသည်။ တွေးလေလေ သူမကို ပိုပြီး မြတ်နိုးမိလေ ပိုချစ်လာလေလေပါပဲ..။

ချစ်သူရယ် ငါဘယ်လို မေ့ရမလဲ..။ အချစ်ဆိုတာ ကိုယ်ရုတ်သိမ်းချင်တိုင်း ရုတ်သိမ်းလို့ ရရဲ့လား..။
စိတ်တွေက ဂနာမငြိမ်ဖြစ်နေတော့ ဆေးပေါ့လိပ် တစ်လိပ်ကို မီးညှိလိုက်မိသည်။

နောက်ဆုံးတော့ ကိုယ်နဲ့ မတည့်တဲ့ ဆေးပေါ့လိပ်တွေကိုပဲ ရှိုက်ဖွာမိရင်း ကဗျာတပုဒ်ကို နာနာကြင်ကြင် ချရေးလိုက်မိသည်။

အခန်းကျဉ်းကျဉ်းထဲ
သက်ပြင်းတွေ အခါခါချ
ရင်ဘတ်ထဲမှာ
အချစ်တွေပဲ
စီးဆင်းနေရဲ့
မင်းငါ့အတွက်
နှင်းဆက်လိုက်တာက
အမုန်းဆုတဲ့လား...
ငါက
မမှီတဲ့ ပန်းကိုမှ တုံးခုလှမ်းခဲ့
ချစ်သူပေးတဲ့ အရှုံးနဲ့ပဲ
ငါကျေနပ်လိုက်ပါတယ်
ချစ်သူ..

၁၂

“ကို...ရယ်... ကို အရမ်းခံစားနေရလားဟင်..။ကျမလဲ ကိုနဲ့ ထပ်တူပါပဲ..။ကျူတိုရီရယ်ကို ဘယ်လို ဖြေလိုက်မိမှန်း မသိဘူး။ သူ့ကို အဖြေ ပေးလိုက်ရင် ကောင်းမလား။

ဟင်း...မဖြစ်သေးပါဘူး။စိတ်အလိုလိုက်လို့ မဖြစ်သေးပါဘူး။ ကျမ ဘာဆက်လုပ်ရမလဲ။
နွမ်းလျ ဆွေးမြေ့နေတဲ့ ကို့ရဲ့ တောင်းပန်တဲ့ မျက်ဝန်းတွေကို ကျမ တကယ် ရင်မဆိုင်နိုင်ပါဘူး။”
ကျူတိုရီရယ်ကို လက်စသတ်ရင်း သူမတယောက်တည်း တွေးနေမိသည်။

ဟင်.. အတန်းထဲမှာ သူမရှိတော့ပါလား။ဆရာမဆီ အဖြေလွှာစာအုပ်ထပ်ပြီး သူမ အပြင်ကို အမြန်ထွက်လိုက်မိသည်။ ဒါပေမယ့် အပြင်မှာလဲ သူမရှိတော့..။

“သြော် အကိုရယ် ကျမ ကို့ကို မြင်ခွင့်တောင် မရှိတော့ဘူးပေါ့နော်..”
ရင်ထဲမှာ အလိုလို ငိုချင်လာမိရင်း မျက်ဝန်းမှာ မျက်ရည်တွေ ၀ိုင်းလာသည်။

“ဟိတ် ကောင်မလေး ဘာတွေ ရှာနေတာလဲ ..။ ဒေါင်းကြီးကို ရှာနေတာလား..။”
အတန်းထဲက ထွက်လာတဲ့ အိသွယ်က မေးလိုက်သည်။

“ဟုတ်တယ်အမ သူဘယ်ရောက်သွားတာလဲ ဟင်..”

“ဒီကောင် အပြင်ထွက်သွားတာ ကြာပေါ့”

သူမ တကယ်ဝမ်းနည်းမိသည်။

“ဟိုလေ သမီးကြောင့် ကိုကျော်သူ ကျောင်းမတက်တာဆိုရင် သမီး တကယ် စိတ်မကောင်းပါဘူး မမအိသွယ်ရယ်”

“ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ဆန်နီရယ်.. အချစ်ဆိုတာ ဖန်တီးလို့မှ မရတဲ့ အရာပဲလေ”
မမအိသွယ် နားလည်တဲ့အပြုံးနဲ့ နှစ်သိမ့်သည်။

“ဟုတ်တယ် အိသွယ် ပြောတာ မှန်တယ်။ ဒီကောင်က စာတော်ပြီးသားပါ။ ဘာမှ စိတ်မပူနဲ့။ သူခံစားနေရတာတွေကို အချိန်က ကုစားပေးသွားမှာပါ”
ကိုဂူဂဲကလည်း သူမစိတ်သက်သာအောင် ၀င်ပြောပေးရှာပါသည်။

“ဟုတ်တော့ ဟုတ်ပါတယ် ကိုဂူဂဲရယ် ဒါပေမယ့် သမီးစိတ်မကောင်းဘူး။”
သူမ မျက်ရည်အ၀ဲသားနဲ့ ပြန်ပြောမိသည်။

“အောင်မယ် ကောင်မလေးတယောက် မူထားတာ ထင်တယ်..။မှန်မှန်ပြောစမ်း ညည်း ဒေါင်းကြီးကို ကြိုက်နေတယ် မဟုတ်လား”
မသဲမွန်ကလည်း ရယ်ရယ်မောမောနဲ့ စလိုက်သည်။

“ဟာ မမ သဲမွန်တို့ကလဲ သမီးက အဲလို မဟုတ်ပါဘူး..”
ဒီလိုဆိုတော့လဲ သူမတကယ်ရှက်မိသည်။

“မိန်းကလေးချင်းပဲအေ ငါတို့လဲ ရိပ်မိပါတယ်..။ မမတို့ကို အမှန်တိုင်း ပြောပြနော်..”

မမဇာခြည်တို့ တကယ်ပဲ ရိပ်မိနေကြပြီလား.။သူမ မျကိနှာလေး ရဲတွတ်နေမိသည်။

“ငါတို့က ညည်းတို့နှစ်ယောက်ကို ကြည့်ရင်း ရင်မောနေကြတာအေ့”

သူမလဲ မြိုသိပ်ထားရတာ မွန်းကြပ်နေပြီ ..။ တယောက်ယောက်ကို ရင်ဖွင့်ချင်ပါသည်။ နောက်ဆုံး မမအိသွယ်တို့ အဖွဲ့ကိုပဲ ရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။

“မမသဲမွန်တို့ သူ့ကိုတော့ ပြန်မပြောရဘူးနော်”

“အောင်မလေး ဈေးကိုင်လိုက်တာ ဆန်နီရယ် ပြောမယ့်ဟာကို”

“ပြောပါ့မယ် မမတို့ရယ် ..။ တကယ်တော့လေ သမီးသူ့ကို ချစ်ပါတယ်..။သူ့ကို ပေးမယ့် အဖြေကလဲ ရှိပြီးသားပါ။ ဒါပေမယ့် သမီးမှာလဲ အကြောင်းတွေ ရှိသေးတယ်”

အားလုံးက သူမပြေသမျှကို စိတ်ဝင်တစား နားထောင်နေကြပါသည်။

“သမီး မုံရွာကျောင်းကို ပြောင်းလာဖြစ်တဲ့ အကြောင်းက ဒီလိုပါ.....
..........”
သူမအကြောင်းတွေကို သူငယ်ချင်းတဖွဲ့လုံး ကို ရင်ဖွင့်လိုက်မိသည်။

“အင်း... ငါတို့လည်း ထင်တော့ ထင်ပါတယ်။ နင့်ကို ကြည့်ရတာ တမျိုးပဲလို့ပေါ့။
ငါတို့လဲ ဘယ်လို အကြံဥာဏ်တွေ ပေးရမယ်မှန်း မသိတော့ဘူးဟယ်”

အိသွယ်က လဲ စိတ်မကောင်းစွာ ပြောသည်။

“အိသွယ် ပြောတာမှန်တယ် .. ဘ၀ရဲ့ ချမ်းသာမှု မိဘရဲ့ စိတ်ချမ်းသာမှုကို ရွေးမလား၊ ဒါမှမဟုတ် ကိုရဲ့နှလုံးသားအလိုကို လိုက်မလား ဆိုတာ နင်ကိုယ်တိုင် ဆုံးဖြတ်တာ အကောင်းဆုံးပဲ ဆန်နီ”
ဂူဂဲက တွေးဆဆ ပြောသည်။

“ကျော်သူတို့ မိဘတွေကတော့ လူလတ်တန်းစားတွေ။သိပ်အချမ်းသာကြီးတော့ မဟုတ်ကြဘူး။ဘာပဲဖြစ်ဖြစ် ဒေါင်းကြီးလဲ ခေတ်ပညာတတ် တစ်ယောက်ပဲ..။ပြီးတော့ ရိုးသားတယ် ၊ နင့်ကိုလဲ တကယ် ချစ်ရှာပါတယ်”
ကိုလေးဖြူကလဲ သူ့ငယ်ချင်းအတွက် ၀င်ပြောပေးသည်။

“စဉ်းစားပေါ့ဟာ ငါတို့ကတော့ သူငယ်ချင်းဆိုပြီး မျက်နှာမလိုက်ပါဘူး..။ ဆန်နီရဲ့ ဘ၀တစ်ခုလုံးနဲ့ ဆိုင်နေတော့ တို့လဲ ဆုံးဖြတ်မပေးရဲဘူးဟ”

“သမီးလဲ ဘယ်လို ဆုံးဖြတ်ရမှန်းမသိတော့ပါဘူး ကိုကြီးပေါရယ်..ပြီးတော့ ကို.. အဲ ကိုကျော်သူ့ကိုလဲ သနားတယ်”

“ကဲကဲ စဉ်းစားစဉ်းစား စဉ်းစားရုံနဲ့လဲ မပြီးသေးဘူး။စာလဲ ကြည့်ဦး စာမေးပွဲကလဲ နီးနေပြီ..
ငါတို့ ဒေါင်းကြီးကို  ပြန်မပြောပါဘူးဟာ.. နင့်ဘာသာနင် ဆုံးဖြတ်ပါ..”

သူငယ်ချင်းတွေ ဆိုတော့လဲ တခုခုဆို တဦးကိုတဦး ၀ိုင်းဝန်းဖြေရှင်းပေးကြပါသည်။

“ကဲ အားလုံး သွားကြစို့ အတန်းလဲ ပြီးပြီ”
ဝူးဝါး ပြောမှပဲ အားလုံး ကျောင်းကနေ ထပြန်လာခဲ့ကြသည်။

သူမ အဆောင်ပြန်ရောက်တော့ အန်တီလေးတို့ရောက်နေတာ တွေ့လိုက်ရသည်။

“အန်တီလေးတို့ သမီးဆီ အလည်လာကြတာလားဟင်”

“ဟုတ်တယ် သမီးရေ ဒီနေ့ အလုပ်လေး နဲနဲပါးတာနဲ့၊ ပြီးတော့ သမီးမှာ ဟင်းတွေဘာတွေ ကုန်နေလောက်ပြီထင်လို့ ထွက်လာလိုက်တာ”

“အန်တီလေးတို့ ဟိုအရင်ပတ်က ပေးသွားတဲ့ ဟင်းတွေတောင် မကုန်သေးဘူး အန်တီးလေးရဲ့”

“ဟယ် ကြာလှပြီကို သမီးက စားမှပေါ့..။ကြည့်စမ်း စာမေးပွဲနီးလို့ စာတွေ အရမ်းကြိုးစားနေတယ် ထင်တယ်..။ ငါတူမလေးတောင် ပိန်သွားသလိုပဲ..”
အန်တီလေးက စိုးရိမ်စွာ ပြောရှာသည်။

“ကျန်းမာရေး ဂရုစိုက်နော်..။ သမီးရယ် အန်တီလေးနဲ့ အတူနေရင် ပြီးနေတာကို ခုတော့ အန်တီလေး စိတ်ပူနေရတာပေါ့”

“ငါ့တူမလေးက ချစ်စရာလေးဆိုတော့ ကြိုက်တဲ့ လူတွေပေါမှာပဲ အန်တီလေးစိတ်ကို မချဘူး”
အန်တီလေးပုံစံက တကယ် စိတ်ပူနေပုံပါပဲ။

“သမီးရည်းစားမထားပါဘူး အန်တီလေး”
ပြောသာ ပြောလိုက်ရတာ စိတ်ထဲမှာ သိပ်မလုံချင်။

“မနက်ကတောင် သမီးအမေ ဖုန်းဆက်သေးတယ်”

“ဟုတ်လား အန်တီလေး မေမေက ဘာပြောလဲဟင်”

“ထုံးစုံအတိုင်းပေါ့ ညည်းကို သေချာစောင့်ရှောက်ပါတဲ့..အဓိကက ရည်းစားတွေဘာတွေ မထားစေနဲ့တဲ့..သတင်းကြားလို့ကတော့ မလွယ်ဘူးမှတ်တဲ့..”

“သမီးမေမေနဲ့ အန်တီလေးတို့ စကားများရအောင်တော့ မလုပ်ပါနဲ့နော် သမီးလေး”
အန်တီလေးက စိုးရိမ်စွာ ပြောရှာသည်။

“ဟုတ်ကဲ့ပါ အန်တီလေး”
လူကြီး စိတ်ချမ်းသာအောင် ပြောသာပြောလိုက်ရသည် လိမ်မိတဲ့အတွက် စိတ်ထဲမှာ မကောင်း။

“ဟောဒီမှာ ဘာလချောင်ကြော်၊ ဒါက ၀က်အူချောင်းကြော်၊ ဒါကတော့ ဆတ်သားခြောက်ဖုတ်၊ငါးရံ့ခြောက်ဖုတ်နှင့် နှစ်ပြန်ကြော်တွေ။ သရက်သီးသနပ်နဲ့ စာကျက်ရင်းစားဖို့ လက္ဖက်နှပ်၊အချဉ်ထုပ်၊
မုန့်ပုံးနဲ့ အားဆေးတွေ”

“လိုတာရှိရင် ဖုန်းဆက်မှာနော် သမီးလေး”
အန်တီလေးက တကယ့်သမီးလေးအရင်းလို ဂရုစိုက်ရှာသည်။

“အများကြီးပဲ အန်တီလေးရယ် သမီး မကုန်ပါဘူး”

“အောင်မလေး ဒါတောင် ညည်းအဖွားက နဲတယ်ထင်သေးတာတော့”

“သူ့မြေးလေး အစားအသောက်ဆင်းရဲမှာ စိုးလို့တဲ့တော်၊ သမီးသူငယ်ချင်းတွေလည်း ကျွေးရတာပေါ့အေ ဟုတ်ဘူးလား”
အန်တီလေးက စေတနာကောင်းသည်။ ဘယ်သူ့အပေါ်မှ နှမြောတွန့်တို တတ်သူမဟုတ်ပေ။

“ကဲ ရောက်နေတာလဲကြာပြီ ဆိုင်ကလဲပစ်ထားခဲ့ရတာဆိုတော့ ပြန်တော့မယ်နော် သမီး”

“ဟုတ်ကဲ့ပါ အန်တီလေး”

“အေးအေး စာကြိုးစား လိမ်လိမ်မာမာနေ၊ လိုအပ်တာရှိရင် ဖုန်းဆက်ဖို့ မမေ့နဲ့နော် သမီး”

“စိတ်ချပါ အန်တီလေး၊ ဘွားဘွားကိုလည်း ပြောလိုက်ပါဦး သမီးက လွမ်းတယ်လို့ စာမေးပွဲပြီးမှ လာတော့မယ်လို့ ပြောလိုက်ပါဦးနော် တာ့တာနော်တီလေး ”

“အေး အေး သွားပြီနော်သမီး”
အန်တီလေးက နှုတ်ဆက်ကာ ပြန်သွားပါသည်။

အန်တီလေးတို့ ပြန်သွားမှ မမသဲမွန်တို့ အဖွဲ့တွေ အနားရောက်လာကြသည်။

“ဆန်နီရယ် ဆန်နီအရမ်းကံကောင်းတာပဲ ဆန်နီအဒေါ်တွေကလည်း အရမ်းချစ်ကြတယ်နော်”

“သူတို့က အပျိုကြီး အမတို့ရ ဒါကြောင့် သူတို့မှာ သမီးပဲ ချစ်စရာရှိတာလေ”
သူမ ကြည်ကြည်နူးနူးလေး ပြောမိသည်။

“ကဲ စားစရာတွေတော့ ရောက်လာပြီ မမတို့ရော ၀ိုင်းစားရမယ်နော် သမီးတယောက်ထဲ ဒါတွေမကုန်ဘူး”

“စိတ်ချ စားရမှာပေါ့ ဒါမျိုးတော့ စိတ်ချ ဟဟ.. ကဲကဲ စာအရင်ကြည့်ကြစို့ စာမေးပွဲ နီးလာပြီ”

တွက်စာတွေများတဲ့ မေဂျာမို့ စာကြည့်ရတာ ဦးနှောက်ခြောက်လှပါသည်။တချက်တချက် အတွေးထဲရောက်ရောက်လာတတ်တဲ့ နွေးထွေးနူးညံ့တဲ့ ကို့ရဲ့ မျက်ဝန်းတွေကလဲ ကျမနှလုံးသားတွေကို
ဆူဝေစေပါသည်။
“ကျမ ဘယ်လိုဆုံးဖြတ်ရမလဲ”

“ဟိတ် ကောင်မလေး ..စာမတွက်ဘဲ ဘာတွေတွေးနေတာလဲ..ဒေါင်းကြီး အကြောင်းမှ ဟုတ်ရဲ့လား”
သဲမွန်ရဲ့ နောက်ပြောင်မှုကြောင့် သူမ မျက်နှာ လှလှလေးဟာ မလုံမလဲ ရှက်သွေးဖြာသွားရသည်။

“ဟာ မမသဲမွန်ကလဲ..မဟုတ်ပါဘူး..သမီး ဘယ်လိုတွက်လို့ တွက်ရမှန်းမသိလို့ စဉ်းစားနေတာ”
ရှက်ရှက်နှင့် ပြောမိပြောရာ ပြောလိုက်မိသည်။

“ဟဟ ဟုတ်ရဲ့လား..တို့ကတော့ မယုံရေးချ မယုံတော် ကိုကိုကျော်သူကို ဘယ်လို အဖြေပေးရင်ကောင်းမလဲလို့ တွေးနေတယ်ဟုတ်”
“ဟာ မမအိသွယ်က တမျိုး မမတို့ဒါပဲလာစနေတယ် တော်ပီ သမီးမခေါ်တော့ဘူး“

“ဟဟ ကောင်မလေးတယောက် မှန်တာပြောလို့ ရှက်သွားပြီဟေ့”

ဇာတ်သိမ်းပိုင်းမျှော်
လင်းဝေ

No comments:

Post a Comment