Saturday, March 28, 2015

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၉) ဇာတ်သိမ်းပိုင်း

အပိုင်း (၈) မှ အဆက်

“ဟဟ...ကောင်မလေးတယောက် ရှက်သွားပြီဟေ့”

“ကဲပါ...မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးလို့ပဲ မှတ်လိုက်မယ်နော် ဟုတ်ပြီလား..”
မမသဲမွန်က ပြုံးစစနဲ့ စလိုက်တော့ သူမမျက်နှာလေး ရဲနေအောင် ရှက်နေမိပြန်သည်။

“ကဲ စဉ်းစားနေတဲ့ ပုစ္ဆာကို ဆက်ပြီး စဉ်းစားနော် ပြီးရင် တို့ကိုလည်း ရှင်းပြဦး သိလား ဟဲဟဲ”

သူမအကြောင်းကို ရိပ်မိနေကြပြီဆိုတာ သိပေမယ့် ခုလို စတော့လည်း ရှက်နေမိသည်။

“သြော် ခက်ပါလားနော်”

အတွေးတွေနဲ့ ရင်ထဲမှာ ရှုတ်ထွေးနေမိသည်။

၁၃

သူထိုင်နေကျ နေရာမှာလေးမှာ သူ့အရိပ်ကို မတွေ့တော့ စာသင်ရတာလဲ မပျော်တော့ပါဘူး။
“ကိုရယ် ကျမ ဘယ်လိုလုပ်ရမလဲ”

ရှေ့မှာ တီချယ် ဘာတွေရှင်းပြနေသလဲဆိုတာ ကို မသိတော့။ စိတ်ထဲမှာ ဘယ်အရာကိုမှာ အာရုံစိုက်လို့မရဖြစ်နေမိသည်။ အတွေးတွေအားလုံးဟာ သူ့ဆီမှာပဲ ပျလွင့်နေမိသည်။

ဒေါင်းကြီးတယောက်လည်း အဆောင်မှ တယောက်ထဲ အထီးကျန်မှု ဝေဒနာကို ခံစားနေရသည်။
မနက်က အိပ်ယာထပြီး စာကြည့်တော့လည်း စာကကြည့်လို့မရ။ အဆောင်မှ တစ်ယောက်ထဲ ပျင်းခြောက်ခြောက်ကြီး။ ဘာပဲဖြစ်ဖြစ် ကျောင်းသွားတာကမှ ချစ်သူမျက်နှာလေးကို ခိုးကြည့်ခွင့်ရဦးမည်။

“မဖြစ်သေးပါဘူး။ သူမှ ကိုယ့်ကို မမြင်ချင်တာပဲလေ..”

ကိုယ်ကိုမြင်နေရရင် သူစိတ်ဆင်းရဲနေမှာပဲဆိုတဲ့ အတွေးဟာ ရင်ကို ဆို့နင့် နာကြင်စေသည်။
သက်ပြင်းတွေ ခဏခဏ ချနေမိရင်းက စာထဲမှာ ဘယ်လိုမှ အာရုံစိုက်လို့မရ။ အိပ်ယာထကတည်းက ဘာမှ မထည့်ရသေးတဲ့ အစာအိမ်က ဆန္ဒပြလာသည်။ လက္ဖက်ရည်ဆိုင်သွားပြီး ထမင်းကြော်တပွဲလောက် စားရရင် ကောင်းမှာပဲလို့ တွေးမိသည်။

အချစ်နှင့်
ဆာလောင်မှုသည်
မြိုသိပ်ဖို့
ခက်ခဲတဲ့
အရာတွေပါလား..

မကြာခင် ဆောင်းကုန်ပြီး နွေကူးတော့မည်။ ဆောင်းက ကုန်ခါနီးမို့များ အတိုးချပြီး အေးနေစေသလားမသိ ချမ်းနေအောင် အေးလွန်းသည်။ အေးစိမ့်စိမ့်ဖြစ်နေသဖြင့် ဂျာကင်လေးတထည်ကောက်စွတ်ပြီး လက္ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့မိသည်။

သစ်ပင်တို့သည် ရွက်ဟောင်းတို့ဖြင့် ဝေရွဲနေလေသည်။ တချို့သစ်ရွက်တွေကတော့ ကြွေဖို့စောင့်နေကြပြီး တချို့သစ်ရွက်တွေက ကြွေလွင့်။ လမ်းကလေးဟာ သစ်ရွက်ကြွေတွေ ဟိုတစသည်တစနဲ့ နွေကိုသရုပ်ကို စတင်ဖော်ကျူးနေလေသည်။ အဝေးဆီက နွေအကြို ဥသြသံကလေးကိုလည်း ဆွေးမြေ့ဖွယ် ကြားနေရသည်။ 

ကျောင်းဖက်က ဆိုင်တွေဆီ မသွားချင်။ မုံရွာ-ရေဦး လမ်းမကြီးပေါ်က လေထန်ကုန်း လက္ဖက်ရည်ဆိုင်ဆီကိုပဲ သူထွက်ခဲ့သည်။ နံနက်ခင်း နေရောင်ခြည်အောက် မြို့သစ်ဈေးကလေးသည် ဈေးသည်ဈေးဝယ်တွေနဲ့ အသက်ဝင်လှုပ်ရှား နေလေသည်။ ဈေးသေးသေးလေးဆိုပေမယ့် ဟင်းချက်စရာ သားငါး ဟင်းသီးဟင်းရွက် စုံလင်ပါသည်။ ထို့အပြင် စတိုးဆိုင်၊ အပ်ချုပ်ဆိုင်တွေလည်းရှိသဖြင့် မြို့သစ်ဈေးကလေးသည် မြို့သစ်ရပ်ကွက်ရှိ အိမ်ရှင်မတွေနဲ့ မုံရွာနည်းပညာ ကျောင်းသားကျောင်းသူတွေအတွက် ဒီဈေးကလေးက အလွန်အဆင်ပြေပါသည်။ ဈေးအရှေ့ဘက် က ကွင်းလပ်ကလေးမှာတော့ ကလေးတွေ ပျော်ပျော်ပါးပါး ဘောလုံးကန်နေကြသည်။

အင်း..ကိုယ်လည်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ရွာမှာ ဒီလိုပဲ ကစားခဲ့ကြတာပါပဲ။ ခုလည်း ကျောင်းပိတ်ရက်တိုင်း ဘောလုံးကစားတုန်းပါပဲ။ ၀ါသနာဆိုတာ စွန့်လွှတ်နိုင်ခဲတယ်လေ။ ကလေးတွေရဲ့ဘ၀ဟာ အပြစ်ကင်းတယ်၊ အပူပင်ကင်းတယ်၊ ဖြူစင်တယ်၊ ဟန်ဆောင်မှုကင်းတဲ့ ဘ၀လေးတွေပေါ့။ လူတွေဟာ အသက်ကြီးလာလေ ပူပန်စရာတွေ များလာလေလေပါပဲလား။

ပေလမ်းမကြီးမှာ တမာပင်ကြီးတွေက ပင်လုံးကျွတ် ၀ါထိန်လို့။ နွေမရောက်ခင် လေရူးတွေက ရောက်နှင့်နေပါပြီ။ ကတ္တရာလမ်းမကြီးပေါ်မှာ တမာရွက်ကြွေတွေက လေပွေလေရူးတွေနဲ့အတူ ၀ဲလွင့်နေကြရဲ့။

“သြော်..မဝေးမခင်က ဆွေးနှင့်နေရပြီ အချစ်ရယ်..”

စာမေးပွဲတွေကလည်း နီးလာပြီ။ ဒီကြားထဲမှာ ချစ်သူမျက်နှာကိုလည်း မြင်ခွင့်ရမည် မဟုတ်။ စာမေးပွဲ ပြီးလျှင်လည်း ခွဲရဦးမည်။

“ဘယ်တော့မှ မဖြစ်နိုင်တဲ့ ဇာတ်လမ်းတပုဒ်တဲ့လား ချစ်သူရယ်...”

အင်းပေါ့လေ ငါ့လို ရွက်ကြမ်းရေကြို အညတရ တောသားတစ်ယောက်ကို မင်းဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်ချင်မှာလဲလေ...။ အတွေးတွေနဲ့ လျှောက်လာရင်း လေထန်ကုန်း လက္ဖက်ရည်ဆိုင်ကိုရောက်လာသည်။

“အကို ဘာသောက်မှာလဲ”
စားပွဲထိုးလေးက သွက်လက်စွာ လာမေးသည်။

“အေး ကျဆိမ့်တခွက်၊ ထမင်းကြော်တပွဲ၊ နေခြည်ဆေးပေါ့လိပ်တပွဲ ချကွာ”
“ဟုတ် အကို”

စားပွဲထိုးလေးက အော်မည်လုပ်နေတုန်းကျနော် လှမ်းတားလိုက်သည်။
“ညီလေးနေဦး ထမင်းကြော်မစားတော့ဘူးကွာ လိပ်ခုတ်တပွဲပဲ လုပ်ကွာ ဆောရီး”

“ ဟာ ကကိုကလည်း အမျိုးမျိုးပဲ ဒီတခါ အတည်နော် ကျနော်မှာပြီ လိပ်ခုပ် ၀မ်း ကျဆိမ့် ၀မ်း နေခြည်ဝမ်း ဆရာရေ့”

စားပွဲထိုးလေးက သူ့ကို နားမလည်သလို ကြည့်ရင်း ကမန်းကတန်း မှာလိုက်သည်။

လိပ်ခုတ်ဆိုတာ နံပြားပါပဲ။ နံပြားပူပူကို ထောပတ်လေးသုတ်ပြီး စားတော်ပဲပြုတ်နဲ့ သကြားနဲ့ရောထည့်ပြီး လိပ်ထားတာကို ဓားနဲ့ခုတ်ပေးထားတာပါ။ ကျနော်က အချိုကြိုက်တော့ ဒီဆိုင်ထိုင်တိုင်း လိပ်ခုတ် စားဖြစ်သည်။

“သံယောဇဉ်ဆိုတာ သကြားလုံးလိုပဲ အချိုကြိုက်တဲ့ သူဟာ တနေ့တော့ သွားပိုးစားခံရမှာပဲတဲ့” ကျနော် စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်။ ချစ်သူရယ် သွားတင်မဟုတ်ပါဘူး တကိုယ်လုံး ပိုးစားသွားပါစေ ငါဟာ နင့်ရဲ့ အပြုံးချိုချိုလေးတွေကို တသက်လုံးစွဲလန်းသွားမှာပါပဲ။ ချစ်သူအပေါ်မှာထားတဲ့ ကျနော့်ရဲ့ သံယောဇဉ်ဟာ ကျနော့်ရင်ထဲမှာ ခိုင်မြဲစွာ အမြစ်တွယ်နေပါပြီ။

လမ်းမကြီးပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ ၊ လူတွေ ဖြတ်သန်း သွားလာနေကြသည်။ လူ့ဘ၀ဆိုတာ သံသရာကြီးရဲ့ လှေကားထစ်ကလေး တစ်ခုပါပဲ။ နတ်ပြည်ကိုသွားမလား ငရဲပြည်ကိုသွားမလား အတက်အဆင်းတွေများလွန်းတဲ့ ဘ၀တွေပါပဲ။

မင်းနဲ့ငါဟာ အဲဒီ ဘ၀တွေဆိုတဲ့ လှေကားအတက်အဆင်းတွေကြားမှာ မမျှော်လင့်ဘဲ ဆုံခဲ့ကြတယ်။ တွေ့ဆုံကြုံကွဲတဲ့ ဆုံဆည်းခြင်းတွေပြီးရင် ခွဲခွာခြင်းဟာ မလွဲမသွေ ရောက်လာမှာပါပဲ။ ဆင်းတဲ့သူကဆင်း တက်တဲ့သူက တက် ကိုယ့်လမ်းကို သွားကြရမှာပေါ့လေ။ ဒါပေမယ့် ချစ်သူရယ်တို့နှစ်ယောက်ရဲ့ ဆုံဆည်းခွင့်လေးကို ဘ၀တစ်လုံးစာအထိ ဆွဲဆန့်ထားချင်တာကတော့ ငါ့ရဲ့ အတ္တတစ်ခုပဲ ဖြစ်မယ်ထင်ရဲ့။

 ဖြစ်နိုင်မယ်ဆိုရင် သံသရာဆုံးထိ ဆင်းရဲလည်းအတူ ချမ်းသာလည်းအမျှ ဘ၀လှေကားထစ်တွေကို မင်းနဲ့အတူ ဖြတ်သန်းချင်မိတာ ငါစိတ်ကူးယဉ်လွန်းတာများလား။ မင်းဟာ ငါနဲ့အတူ ဘ၀ဆက်တိုင်း ပါရမီ ဖြည့်ပေးမယ့် လက်တွဲဖော်လေးပဲလို့ စိတ်ကူးယဉ်မိတာ ငါမှားနေပြီလား ချစ်သူ။

“ဟင်း..” သက်ပြင်းနဲ့အတူ ဆေးလိပ်မီးခိုးတွေကို လွှင့်ထုတ်လိုက်သည်။ ဆေးလိပ်မီးခိုးပြာပြာတွေကြားမှာ လမ်းမကြီးဟာ မှုန်ဝါးနေရဲ့။ ကျနော့်နှလုံးသားတေကလည်းေ၀၀ါးလမ်းပျောက်နေပါသည်။ အေးစက်နေတဲ့ လက်ကျန်လက္ဖက်ရည်ခွက်လေးကို မော့သောက်ပစ်လိုက်သည်။

ခါးသက်တဲ့ အရသာဟာ လည်ချောင်းကတဆင့် ကျနော့်နှလုံးသားဆီ တိုးယိုပေါက် စီးဆင်းသွားသလားမသိ ရင်ထဲမှာ ခါးသက်ဆူဝေနေလေသည်။ မျက်နှာတည့်တည့်ဆီ ထိုးကျနေတဲ့ နေရောင်ကလည်း တဖြေးဖြေး ပြင်းရှ တောက်လောင်လာပြီ။

ဒါပေမယ့် ခုချိန်မှာတော့ အဲဒီအပူထက် ရင်ထဲက အချစ်ဆိပ်ရဲ့ အပူက ပိုပြီး ပူလောင်စေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လက္ဖက်ရည်ဆိုင်က ထွဏ်းခမ်ရဲ့ နှုတ်ဆက်မျက်ရည် သီးချင်းက ဆို့ဆို့လှိုက်လှိုက် လွင့်လာသည်။

“မင်း လိုအင်တွေ ကိုယ်တတ်စွမ်းသမျှ ဖြည့်ဆည်းကာ...
မင်း အဖော်လိုရင် ကိုယ်ဟာ အနားမှာ ရှိစမြဲပဲ..
အရာရာမင်းအတွက် ပေးဆပ်ကာ ရှုင်သန်လာတာ မင်းအတွက်ပါ..
မင်းကလေးကို ခင်တွယ်လွန်းသူ ပါ.....
မင်း ပျော်မယ်ဆို လိုရာခရီး မင်း သွားလိုက်ပါ..
အထီးကျန်ညများ ကိုယ်ကျေနပ်စွာ ခံယူမယ်..
အိပ်မက်များထဲ မင်း အကြောင်းတွေ
ရှာဖွေနေမယ် မင်းသတင်းတွေ
မသိစိတ်မှာ အစဉ်ထာဝရပါ မေ

ဒါဟာ နှုတ်ဆက်မျက်ရည်
ဒါဟာ လမ်းခွဲ မျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့..”

သီချင်းစာသားတွေ လိုက်ငြီးရင်း မျက်လုံးမှိတ် သံစဉ်တွေနဲ့အတူ စီးမျောနေမိသည်။

အဲဒီအချိန်မှာပဲ
“ဟေ့ကောင် ဒေါင်းကြီး ဘာလဲ မင်းငုတ်တုတ်ကြီး မေ့နေတာလား”

“ဒါမှ မဟုတ် မတ်တပ်ကြီး အသက်ထွက်သွားတာလားကွ ဟေ”
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဂူဂဲ အသံကြောင့် သူလန့်သွားရသည်။ အလွမ်းတွေတောင် ဘယ်ရောက်သွားမှန်း မသိ။
“မဟုတ်ပါဘူး ဂူဂဲရာ ငါ သီချင်းက
ို ခံစားနေတာပါ”

“ဒီလောက် နေပူနေတာကို မင်းက လသာနေတယ်များမှတ်နေလားကွာ အံ့ပါ့ကွာ မင်းကတော့ တကယ်ပဲ”

“မဟုတ်ပါဘူးကွာ ငါစထိုင်တုန်းက မပူသေးဘူးကွ ခုမှပူလာတာ”

“ထားပါတော့ကွာ လာ နေရိပ်တဲ့နေရာ ပြောင်းထိုင်ကြမယ်”
ပြောပြောဆိုတို ဂူဂဲက နေရာပြောင်းထိုင်တယ်။ သူလည်း အတူလိုက်ပြောင်းထိုင် လိုက်သည်။

“မင်းကြည့်ရတာလဲ စိတ်နဲ့လူ ကပ်ပုံမပေါ်ပါဘူး ဒေါင်းကြီးရာ”

“အေးကွာ ငါလည်း လမ်းမကြီးကို ငေးကြည့်နေရင်း အတွေးတွေ များသွားလို့ပါကွာ”

“မင်းလည်းမှာလေ ဘာစားမလဲ ငါကတော့ စားပြီးပြီ”

“အေး ငါဘာမှစားရသေးဘူး အဆောင်ပြန်ရောက်တော့ မင်းမရှိတာနဲ့ ဒီမှာ ရှိမှာပဲဆိုပြီး လိုက်လာတာ”

“အေးကွာ ငါလည်း အစက စာကြည့်နေတာပဲ ဒါပေမယ့် ဘယ်လိုမှ အာရုံသွင်းမရလို့ ဗိုက်ကလဲဆာလာတာနဲ့ ဒီထွက်လာတာ”

“အကို ဂဂူဘာစားမလဲ”
“ဟာ ဒီကောင်လုပ်ပြန်ပြီ ..ငါ့နာမည် ဖြိုးဝေ အကိုဖြိုးဝေလို့ ခေါ်ခိုင်းတာ ဘယ်နှစ်ခါ ရှိပြီလဲကွာ မှတ်မိဘူးလား ငါမင်းကို တင်းလာပြီနော် ဟင်း”

“မဟုတ်ပါဘူး အကိုရ အကိုဂူဂဲလို့ ခေါ်ရတာကောင်းတယ်ဗျ မှတ်ရတာလဲ လွယ်တယ် အဲဒါကြောင့်ပါဗျ ဟဲဟဲ”

“ထားပါတော့ကွာ မင်းဦးနှောက်ကလဲ မကောင်းတာကျ မှတ်မိတယ် ကောင်းတာကျတော့် မမှတ်မိဘူး ကောင်းပါကွာ”

“သွားသွား နန်းကြီးသုတ်တပွဲ ကြက်သားနဲ့ ချဉ်ငန်စပ်ကလေး မြန်မြန်လုပ်ခဲ့ကွာ”

“ဟုတ်ကဲ့ နန်းကြီးသုတ်တပွဲ ချဉ်ငန်စပ်ကလေး တပွဲဗျို့”

“ရော့ ရေနွေးလည်းကုန်နေပြီ ထည့်ပေးဦး”

“ဟုတ်ကဲ့ပါ ကိုကြီးဂူဂဲ”

“ဟာကွာ ဒီကောင်”
စားပွဲထိုးလေးက ဂူဂဲကိုစပြီး ထွက်သွားသည်။ ဂူဂဲက ပျော်ပျော်နေတတ်သည် ။ အဆင့်အတန်းလဲမခွဲတတ် လူတိုင်းကို ချိုချိုသာသာဆက်ဆံသည်။ ရယ်စရာလည်း အမြဲပြောသည်။ ထို့ကြောင့် စားပွဲထိုးလေးတွေက သူ့ဆို ခင်ကြသည်။

“ကဲပါကွာ ထားလိုက်ပါတော့ ဂူဂဲဆိုတာ ကမ္ဘာကျော်ပဲ မင်းမနစ်နာပါဘူး ကလေးနဲ့ ရန်ဖြစ်မနေပါနဲ့”

“ဒါတော့ ဒါပေါ့ကွာ ကလေးဆိုတာ နေရာတိုင်း အလိုမလိုက်ရဘူးကွ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုတာ မင်းကြားဖူးတယ်မို့လား။ မျက်နှာသာပေး ခွေးလေး ပါးယက်နားယက်ဆိုသလိုပေါ့ကွာ။ ခုခေတ်ကလေးတွေကို လျော့မတွက်နဲ့ မင်းခေါင်းပေါ်အီးတက်ပါသွားမယ် ဘာမှတ်လဲ”
ဂူဂဲက တခါတခါ ဒီလိုပဲ သူ့ဒဿနတွေကို ပြောတတ်သည်။

“အဲလောက်ကြီးလည်း မဟုတ်ပါဘူးကွာ။ ကလေးတွေက ဖြူစင်ပါတယ်၊ အပြစ်ကင်းတယ်၊ ဟန်မဆောင်တတ်ဘူး၊ ရိုးရိုးလေးပဲ တွေးတတ်ကြတယ်။ သူတို့စိတ်ထဲမှာ သဘောကျရင် ကျတယ် သဘောမကျရင် မကျဘူး။ ဒါပဲ သူတို့တွေးတာ။”

ပြောရင်းရေနွေး တခွက် မော့လိုက်သည်။ ဂူဂဲကလည်း ရောက်လာတဲ့ နန်းကြီးသုတ်ကို စားရင်း နားထောင်နေသည်။

“ကလေးတွေကို ခြောက်လန့်ပြီး အမြဲရိုက်နှက်နေလို့လဲ မဖြစ်ဘူး။ ချော့တန်ချော့ ခြောက်တန်ခြောက် ဆုပေးဒဏ်ပေးပေါ့ကွာ။
ငယ်ရွယ်နုညံ့တဲ့ ကလေးတယောက်ရဲ့ စိတ်ထဲမှာ အားငယ်ကြောက်ရွံ့မှုတွေ မရှိအောင်၊ ကိုယ်ကိုယ်ကို ယုံကြည်တဲ့ အားမာန်တွေ ကိန်းအောင်းလာအောင် ၊ ကိုယ်တိုင်တွေးခေါ် ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်လေးတွေ လုပ်ပေးရမှာကွ၊ တခုခု အမှားလုပ်ရင် အရင်ဆုံးမရိုက်ဘဲ ပါးစပ်နဲ့ နားဝင်အောင် ဆုံးမနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ”

မရည်ရွယ်ပါဘဲ သူငယ်ချင်းနှစ် ဒဿနတွေ ဖလှယ်နေမိကြသည်။

“ ဟ ဒေါင်းကြီးရ မင်းက သိလှချည်လားကွာ၊ ကလေးဆယ်ယောက် အဖေတောင် မင်းလောက်သိမယ် မထင်ဘူး ဟဟား”

“ မဟုတ်ပါဘူးကွာ ငါတွေးမိတာလေးတွေပါ၊ မင်းအတွေးလဲမမှားပါဘူး ငါက မင်းမတွေးတဲ့ တခြားတဖက်ကတွေးကြည့်တာပါ”

“ဟုတ်တယ်ကွ  လူဆိုတာ ရှုထောင့်ပေါင်းစုံက တွေးကြည့်ရမှာ ဒါမှ တကယ်အမှန်တရားကို ချဉ်းကပ်နိုင်မှာပေါ့ကွာ။ ဒီနေ့မင်းနဲ့ပြောရတာ အရသာရှိတယ် ဒေါင်းကြီးရေ”

“လုပ်ပြီ မင်းကတော့ ပြောရင်း ဖောက်လာပြီ”

“တကယ်ပြောတာဟ ငါမိန်းမယူပြီးရင် မင်းဆီ သင်တန်းလာတက်ရမယ် ဟဲဟဲ”

“ဟဟ အသာလုပ်ပါကွာ”

သူငယ်ချင်းနဲ့ ခုလို ပြောလိုက်တော့လည်း ရင်ထဲက ဝေဒနာတွေ ခဏတော့ မေ့ပျောက်သွားတာပေါ့လေ။

“တချို့ကလေးတွေက လူကြီးကို လူကြီးမသိ မလေးစားကြဘူး ဒေါင်းကြီးရ”

“တချို့လူကြီးတွေကလည်း ကလေးကို ကလေးဆို သနားကြင်နာစွာ ဆက်ဆံရမှန်း မသိပါဘူး ဂူဂဲရာ”

“မင်းပြောတာလည်း ဟုတ်တာပဲ”

“အေးပေါ့ ဥပမာကွာ မင်းက လေးစားအောင်နေရင် ကလေးတွေက လေးစားမှာပေါ့။ ခုတော့ မင်းပုံစံက စပ်ဖြီးဖြီး ကိုးယိုးကားယားနဲ့ ဘယ်ကလေးကလေးစားမှာလဲ ဟုတ်ဘူးလား ဟားဟား”
အကွက်ဝင်တုန်း ဂူဂဲကို တွယ်လိုက်ရတာ အရသာရှိသည်။

“မင်းပြောမှ ငါက ငပေါကြီးဖြစ်နေပြီ”

“မဟုတ်ဘူးလား ၊ ဒါပေမယ့် ကလေးတွေက မင်းကိုတော့ ချစ်ကြပါတယ်ဟ”

“တော်ပီကွာ ထားလိုက်တော့ ငါနန်းကြီးသုတ်လေး အရသာခံစားပါရစေဦး”

ပြောပြီး ဂူဂဲက နန်းကြီးသုတ်ကို ခေါင်းမဖော်ဘဲ အားရပါးရစားနေတော့သည်။

တရှူးရှူးတရှဲရှဲနဲ့ ရထားကြီးမောင်းနေသလို ဟင်းချိုသောက်လိုက်စားလိုက် တွယ်နေတဲ့ သူ့ကိုကြည့်ရတာ ဘေးလူပင် သွားရည်ကျချင်ချင်ပါပဲ။ နန်းကြီးသုတ် တပန်းကန်က ခဏချင်း ပြိုက်ခနဲ ကုန်သွားလေသည်။

“မင်းဟာက ဝေသာလီပြည် ဘီလူးဝင်စီးနေတာကျနေတာပဲကွာ ဖြေးဖြေးစားလဲ ရပါတယ် ဂဂူရယ်”
“ဆာတကိုးကွ”

“စားပိုးနင့်ပြီး သေနေဦးမယ်၊ ဘေးလူတွေမြင်ရင် အီသီယိုးပီးယားက လာတဲ့သူလို့ ထင်နေလောက်ြပီ”

“ထင်လည်း မတတ်နိုင်ဘူး ငါ့လူရေ စားနိုင်မှ အားရှိမှာ၊ အားရှိမှ ကျန်းမာမယ်၊ ကျန်းမာမှ စာကောင်းကောင်းကြည့်နိုင်မယ်၊ စာကောင်းကောင်းကြည့်နိုင်မှ စာမေးပွဲအောင်မယ်၊ စာမေးပွဲ အောင်မှ ကျောင်းမြန်မြန် ပြီးမယ်၊ ကျောင်းမြန်မြန်ပြီးမှ အလုပ်မြန်မြန်ရမယ် မိန်းမမြန်မြန်ရမယ် ဟုတ်တယ်ဟုတ် ဟဲဟဲ”

ဂူဂဲက ရီစရာတော့ အမြဲပြောတတ်သည်။ သူအမြဲပြောသလိုပေါ့ ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ ဆိုသလိုထင်ပါသည်။ တခါတလေတော့လဲ သူ့လို အပူပင်ကင်းစွာ နေချင်မိသည်။

“ရော့ မင်းလည်း ပြောရစားရတာ မောသွားပြီ ရေနွေးသောက်ပါဦး”

“မင်းရဲ့ ကြီးကျယ် ခမ်းနားတဲ့ စကားတွေကြားပြီး ဘေးလူတွေက တို့ကို အဆောင်မှာ စာအတွေ အသေအလဲ ကြည့်တယ်လို့ ထင်ကုန်တော့မှာပဲကွာ ဟားဟား”

“အင်း ကောင်းလိုက်တဲ့ သားသမီး မိဘလုပ်ကျွေးဖို့တော့ မစဉ်းစားဘူးမိန်းမယူဖို့ပဲ ကျောင်းပြီးချင်တဲ့ မင်းကတော့ မနိုင်ဘူး ဂဂူရေ”

သူငယ်ချင်းအရင်းပြောမနာဆိုမနာတွေဆိုတော့ တယောက်တယောက် ဘာပြောပြော စိတ်မဆိုးကြပါ၊ တခါတရံ ကိုယ်ယုံကြည်ရာကို ငြင်းကြရင် ဘေးလူတွေက ရန်ဖြစ်တယ်ထင်ရတဲ့အထိ။

“ဒါက ဒီလိုရှိတယ်လေ ဒေါင်းကြီး က ဟိုဟာက ဟိုလိုရှိတယ် ဘယ်လိုပြောရမလဲ ဆိုတော့ ဒီလိုပေါ့ကွာ ဟုတ်တယ်မို့လား”

“မင်းပြောတာရှင်းတာကွာ မင်းကတော့ ဟုတ်နေပြီ”

“မဟုတ်ဘူးလေကွာ ငါပြောချင်တာက...”

“လိုရင်းပြောကွာ ငါ ထထိုးမိတော့မှာနော် အသည်းကွဲနေတာ မင်းတရားခံဖြစ်သွားမယ်”

“ဟဲ ဟဲ မင်းကလည်းစိတ်ကြီးပဲ ငါက မိဘကိုလဲ ကျေးဇူးဆပ်မှာပါ  ဒီကိစ္စက အော်တိုတာဝန်ရှိပြီးသားဆိုပြီး မပြောတာပါလို့ ဟုတ်ဘူးလား။”

“အဲဒီလို ပေါ့ပေါ့လေး ပြောလို့မရဘူး ဂူဂဲ မိဘတွေရဲ့ မေတ္တာတရား၊ စွန့်လွှတ်အနစ်နာခံမှု၊ ငါတို့အတွက် ရုန်းကန်ကြိုးစားရမှုတွေ စသဖြင့် ဒါတွေကို နားလည်ခံစားပေးနိုင်မှ တကယ် ကျေးဇူးဆပ်နိုင်မှာကွ ၊ အဲဒါကြောင့် ငါဒီစကားကို လေးလေးနက်နက်ပြောတာ ”

“အေးပါကွာ ငါနားလည်ပါတယ် ငါလည်း စကားကို ပေါ့ပေါ့လေးပြောတဲ့ အကျင့်ကို ပြင်ရဦးမယ်။”

“ဟုတ်တယ် စကားတခွန်းတိုင်း တခွန်းတိုင်းက အရေးကြီးတယ်၊ ဘယ်စကားပဲ ပြောပြော လေးလေးနက်နက် စဉ်းစားပြီး ပြောပေါ့ကွာ၊ ငါတို့ဟာ အမှန်တရားကို မြတ်နိုးတတ်ဖို့ ရိုးသားဖြောင့်မတ်ဖို့လဲ ကြိုးစားရမယ်”

“ဟုတ်တယ် ဒေါင်းကြီး တို့ ဘုရားဟောထားသလိုပေါ့ စကားတခွန်းဟာ သူတပါး နားဝင်ချိုရဲ့လား၊ ကောင်းကျိုးရှိရဲ့လား၊ မှန်ရဲ့လား၊ ပြောရမယ့် အချိန်အခါရော ဟုတ်ရဲ့လားဆိုတာ စဉ်းစားရမယ်ကွ”

“အေးမင်းပြောတာ မှန်တယ် ဒါပေမယ့် အရမ်းစဉ်းစားလွန်းတော့ လဲ ပြောစရာစကားမရှိတော့ဘူး ဒီလိုပဲ အလိုက်အထိုက်ပြောရမှာပေါ့ကွာ တို့က သူတော်စင်တွေမှ မဟုတ်ကြသေးတာ”

“အင်းအဲဒါကလည်း အကျင့်ပါပဲ ပထမတော့ တကူးတက စဉ်းစားရတာပေါ့ ဒါပေမယ့် အကျင့်ရသွားတဲ့ အခါ သူ့အလိုလို စဉ်းစားပြီး ပြောတတ်သွားတာပေါ့”

“အေးပါ ငါလည်း စာအုပ်ထဲက ဖတ်မိတာလေးတွေ ပြောတာပါ ငါလဲ ခုထိ စကားကို ပေါ့ပေါ့တန်တန် ပြောနေမိတုန်းပါပဲ”

တယောက်ဒဿန တယောက် ပြောကြရင်း စကားတွေ ဖောင်ဖွဲ့နေမိကြသည်။ ဒီလိုပါပဲ ကျနော်တို့နှစ်ယောက်က အကြောင်းအရာ တစ်ခုကို အာရုံစိုက်ပြောမိပြီဆို တော်တော်နဲ့ စကားမပြတ်တော့ပေ။

“အင်း ဟုတ်တယ် ဂူဂဲ လူ့ဘ၀ဆို တာ တိုတိုလေးပါကွာ၊ ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ကောင်းကောင်းမွန်မွန် ကြိုးစားပြီး အကျိုးရှိရှိ ပြောဆိုပြုမူ လုပ်ကိုင်ကြဖို့ အရေးကြီးတာပါပဲ”

“ဘာလဲ မင်းက ကောင်မလေးနဲ့ အဆင်ပြေတာနဲ့ တရားပေါက်တော့မှာလား ဒေါင်းကြီး”
သူပြောမှပဲ ကျနော့်ရဲ့ သံယောဇဉ်မလေးကို သတိရသွားသည်။

“တရားမပေါက်လို့ပဲ သူ့ကိုငါ  အရူးအမူးစွဲလန်းနေတာပေါ့၊ ဘယ်တတ်နိုင်မလဲကွာ မေတ္တာတရားမှာ အသွား အပြန်ရှိပေမယ့် အချစ်မှာ အသွားအပြန် မရှိဘူး ထင်တယ်ကွာ”

သူဆွေးမြေ့နာကြင်စွာ ပြောမိသည်။

“အေးပေါ့ကွာ ချစ်သူတိုင်းသာ သူတို့ ချစ်သူတိုင်းကို ပိုင်ဆိုင်ခွင့်ရနေရင် ကမ္ဘာမှာ အသည်းကွဲတဲ့ သူတွေ မရှိနိုင်သလို အသည်းကွဲကဗျာတွေ အသည်းကွဲသီချင်းတွေလည်း ဘယ်ရှိပါတော့မလဲ ”

ဂူဂဲပြောတာလည်း မှန်ပါသည်။ တကယ်တော့ ချစ်သူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ တွေ့ဆုံရခြင်းတွေဟာလည်း လူသားတိုင်း ကြုံတွေ့နေရတဲ့လောကဓံတရားတွေပဲ မဟုတ်လား။

“အေးကွာ ငါကလည်း အဲဒီ ဒုက္ခတွေကိုမှာ ချိုမြိန် ဒုက္ခတွေလို့ ထင်နေမိတာပါ ဂူဂဲရာ”

“မင်း သိပ်လဲ ဆွေးမနေပါနဲ့ကွာ ငါ့အထင်မမှားဘူးဆို သူလည်းမင်းအပေါ်သံယောဇဉ်ရှိသလိုပါပဲ၊ သူမင်းကို ခုလောက်ကြီး အတင်းငြင်းနေတာ တခုခု တော့ အကြောင်းရှိမယ်ထင်တယ်၊ အိသွယ်တို့သဲမွန်တို့ အဖွဲ့တွေတော့ သိမယ်ထင်တယ်ကွာ”
ဂူဂဲက သူစိတ်သက်သာအောင် ဖေးဖေးမမ ပြောရှာသည်။ သူလည်း ဒီလို မျှော်လင့်နေမိတာပါပဲလေ။

“သူငယ်ချင်းပဲ သံယောဇဉ်တော့ ရှိမှာပေါ့ကွာ၊ အိမ်မှာမွေးထားတဲ့ ခွေးလေးကြောင်လေးတွေတောင် သံယောဇဉ် ဖြစ်ကြသေားတာပဲ သူငယ်ချင်းရာ”
သူ့အသံတွေက ခံစားချက်တို့ဖြင့် တုန်ရင် ဆို့နင့်နေသည်။ ဂဲဂူလဲ သူ့အတွက် စိတ်မကောင်းဖြစ်နေပုံရသည်။

“မဟုတ်ဘူးကွ ဒီနေ့မင်းမလာတော့ ဒီကလေးမ တော်တော် မှိုင်နေတာ မင်းထိုင်နေကျနေရာကို လှမ်းလှမ်းကြည့်ပြီး ဆွေးနေတာ ငါတွေ့တယ်။ သေချာတယ်ကွာ သူလဲ မင်းကို ချစ်နေလိမ့်မယ် ငါတကယ်ပြောတာ”
ဂူဂဲစကားတွေကြားတော့ သူကြည်နူးအားတက်မိပါသည်။ဒါပေမယ့် ရင်ထဲမှာ မယုံရဲဘူး။

“မဖြစ်နိုင်ပါဘူးကွာ..ကဲ ဒါတွေ ထားလိုက်ပါတော့ စကားကောင်းနေတာနဲ့ ဒီမှာ တော်တော်ကြာနေပြီ တော်ကြာ ဆိုင်ရှင်က ရိုက်လွှတ်လိမ့်မယ် ငါတို့ အဆောင်ပြန်ကြစို့”

အဆောင်ပြန်ရောက်တော့ ကြီးပေါတို့ အုပ်စုက အဆောင်မှာ ရောက်နှင့်နေကြပြီ။

“မင်းတို့နှစ်ကောင်ရောက်လာတာနဲ့ အတော်ပဲ။ ငါတို့တောင် လေထန်ကုန်းဘက် လိုက်လာခဲ့ကြတော့မလို့”
လင်းထင်က စပြောပါသည်။

“နေပါဦး မင်းတို့က ဘာလုပ်မလို့တုန်း ဘာအရေးကြီးကိစ္စ ရှိလို့တုန်းဟ”

“ဟ ငါတို့က ကိစ္စရှိမှ လာရမှာလား ဂူဂဲ မင်းတော့ နာချင်ပုံရပြီ”
တေဇက ဒေါသထွက်ပြီး ဂူဂဲကို ငေါက်လိုက်သည်။

“အေးလေ တေဇပြောတာ ဟုတ်တာပဲ မင်းမကြီးကျယ်နဲ့ ချီးထုပ်ဂူဂဲ ငါတို့က ပိုက်ကျော်ခြင်းလေးခတ်ရင်း မင်းတို့အဆောင်မှာ နှပ်ကြမလို့ဟ” နိုင်လင်းကပါ ၀င်ပြောသည်။

“ဘယ်လိုလဲ အသည်းကွဲဆရာကြီး ကောင်မလေးနဲ့ အဆင်မပြေတာနဲ့ မင်းက တို့သူငယ်ချင်းတွေကို စိမ်းကားသွားပြီလာကွ မင်းတော့ နာမယ်နော်”

“မဟုတ်ပါဘူး လေးဖြူရာ မင်းတို့အားလုံးက ငါ့အချစ်ဆုံးသူငယ်ချင်းတွေပဲ ဘာစိမ်းကားစရာရှိလဲ ငါ့ဒုက္ခနဲ့ ငါမို့ပါကွာ ငါ့ကို နားလည်ပေးကြပါ”

“ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေနဲ့ ရွံစရာကြီး ကွာ လခွီးပဲ”

ကြီးပေါစကားကြောင့် ဒေါင်းကြီး အမြီးကုတ်သွားသည်။

“ကဲ တော်ကြပါတော့ ကွာ ကျနော်မောင်ဂူဂဲကပဲ အားလုံးကို တောင်းပန်ပါတယ်၊ သိဘူးလေကွာ မင်းတို့က အဖွဲ့လိုက်ချီတက်လာကြတာဆိုတော့ ငါက တခြား အရေးကြီးကိစ္စများရှိသေးသလားဆိုပြီး မေးမိပါတာ မင်းတို့ကလဲ ငေါက်မယ်ဆိုတာချည်းပဲ ဟဲဟဲ”

“အရေးကြီးတာဆိုလို့ စာမေးပွဲ နီးပြီး စာမရသေးတာပဲ ရှိတာ၊ ဂူဂဲ မင်းဂစ်တာ သွားယူကွာ မင်းတို့က ခြင်းခတ် ငါတို့က ဂစ်တာတီးမယ်”
“ငါ့ကောင်ကြီးအတွက် အသည်းကွဲ သီးချင်း ဆိုပေးရမယ်”
လေးဖြူစကားကြောင့် ဂူဂက အဆောင်ထဲ ၀င်ကာ ဂစ်တာသွားယူသည်။

“မင်းတို့ကလည်းကွာ ဒေါင်းကြီးကို ၀ိုင်းစမနေကြပါနဲ့ ဒီကောင် တကယ် အသည်းကွဲနေပုံရပါတယ်”
ဝူးဝါးက ဒေါင်းကြီးကို စာနာစွာ ပြောသည်။

“ မင်းတို့ ပြောသလောက်လဲ မဟုတ်ပါဘူးကွာ”
ရင်ထဲမှာ ကြေကွဲနေပေမယ့် သူငယ်ချင်းတွေကိုတော့ ၀မ်းနည်းမှုကို မမြင်စေချင်ပါ။

“အေး ဒါဆို ငါတို့ ခြင်းခတ်ကြမယ် မင်းရော ခတ်မှာမို့လား”
 “ငါမခတ်တော့ဘူး တေဇရာ မင်းတို့ပဲ ခတ်ကြတော့၊ ငါစာနည်းနည်းကြည့်လိုက်ဦးမယ်၊ ဒါနဲ့ ဆရာမက ဘာပြောသေးလဲ”

“ဘာမှတော့ မပြောပါဘူး အရေးကြီးတဲ့ အခန်းတွေကို revision ပြန်နေတာဆိုတော့ လာနားထောင်ရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား မင်းကလည်း အသည်းကိုနုလွန်းတယ်”
ဝူးဝါးက ကရုဏာဒေါသောဖြစ်ကာ စေတနာနဲ့ ပြောရှာသည်။

တယောက်ထဲ အဆောင်ထဲသို့ ၀င်ခဲ့သည်။ အခန်းထဲဝင်ဝင်းပြီး စာကြည့်စားပွဲထိုင်ကာ တွက်စရာ ရှိတာတွေ တွက်နေမိသည်။ ဘ၀အတွက် စာကြည့်ရမည်မဟုတ်ပါလား။ စာမေးပွဲကျလို့တော့ မဖြစ်ပေ။ အသည်းကွဲပြီး စာမေးပွဲကျသည်ဆိုလျှင် လူကြားလို့လဲမကောင်း မိအေးနှစ်ခါနာဖြစ်ဦးမည်။
အောင်စရင်းထွက်ရင်လည်း အဆင့်တစ် မဟုတ်တောင် ခုံနံပါတ်ရှေ့နားမှာ ရှိချင်သည်။

တနေ့နေ့ကျရင် အဖက်ဖက်က နိမ့်ကျနေတဲ့ မြန်မာနိုင်ငံကြီးအတွက် တထောင့်တနေရာကနေ အကျိုးပြုနိုင်မယ် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ရမည်ဟု ကျနော်ဆုံးဖြတ်ထားသည်။ အချစ်အတွက် ရည်မှန်းချက်ပျက်သွားတယ်ဆိုတဲ့ သူတွေကိုတော့ ကျနော့်  ရှုတ်ချပါသည်။

တကယ်တော့ အချစ်ဆိုတာ ဖန်တီးလို့လဲမရ ဖျက်ဆီးလို့လဲ မရနိုင်တဲ့ အချစ်အဖြစ်ပဲ သန့်ရှင်းစွာ ဖြစ်တည်နေသင့်တဲ့ အရာလို့ တွေးမိသည်။

အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုအတွက် အချစ်ကို တရားခံရှာခြင်းလို့လဲ တွေးမိသည်။

“၀ူးဝါး အဲဒါ ဖောင်းဘောကွ မင်းခေါင်းက ပိုက်ထိသွားတာ ငါမြင်တယ် မင်းမငြင်းနဲ့”

“ဟေ့ကောင် ကြီးပေါ ငါဒီနားမှာ ရပ်နေတာလေ ပိုက်နဲ့အဝေးကြီး မင်း လျှောက်မပြောနဲ့”

“မင်းခုတ်ချတဲ့ ခြင်းလုံးကလဲ စည်းအပြင်မှာကွာ မယုံရင်လာကြည့် ဒီမှာ ခြင်းလုံးရာ“

“ကဲကွာ အဲဒါဆို အစက ပြန်ပေး ဒါပဲ ဘာကောင်တွေမှန်းမသိဘူး”

အပြင်မှာ တော့ သူငယ်ချင်းတွေ ခြင်းခတ်ရင်း ငြင်းကြ ခုန်ကြနဲ့ ဆူညံနေသည်။
လေးဖြူဆိုတဲ့ ကောင်ကလည်း အိပ်မက်ကဗျာသီချင်းကို အဆောင်ရှေ့မှာ အာဖြဲအော်နေလေသည်။

ဆန်နီ့ရဲ့ ပုံရိပ်တွေက နှလုံးသားထဲ အာရုံထဲ ခဏခဏ ၀င်လာသည်။ စာထဲကို မနည်းအာရုံစိုက်နေရတဲ့ အဖြစ်ပါလား။

၁၄

ကျေးငှက်ကလေးတွေရဲ့ တေးသံနဲ့အတူ နေရောင်ခြည်နွေးနွေးဟာ ပြူတင်းပေါက်မှတဆင့် အခန်းထဲကို လင်းပြစွာ ဖြာကျနေလေသည်။ မနေ့ညက တညလုံးစဉ်းစားပြီး သေချာတဲ့ အဖြေတခုကို ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။ သူမအတွက် ယနေ့သည် ရင်ခုန်စရာကောင်းသော နေ့တနေ့ဖြစ်သည်။တွေးရင်း သူမမျက်နှာလေးတွေ ရဲနေအောင် ရင်ခုန်ရှက်နွေးနေမိရသည်။

နာရီကြည့်တော့ ၈ နာရီထိုးခါနီးပြီ။

အင်း လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေအရင်ချိုးတာ ကောင်းတယ်။ သီချင်းလေးတအေးအေး နဲ့ ရေချိုးရင်း သူမ ပျော်ရွှင်ကြည်နူးနေမိသည်။ ရေစက်တို့သည် သူမရဲ့ လှပတ့ ကိုယ်လုံးလေးပေါ်တွဲခိုလို့ သူမဟာ ခါတိုင်းထက် အေးမြလန်းဆန်းမှုကို ခံစားနေရသည်။ အချစ်သည် တခါတရံ လူကို အေးမြလန်းဆန်းမှုကိုလည်း ပေးတတ်ပါလားလို့ သူမတွေးနေမိသည်။

ရေချိုးပြီး တော့ မှန်တင်ခုံရှေ့ထိုင်ပြီး သူမကိုယ်သူမ ကြည့်နေမိသည်။ သူမဒီနေ့ အရမ်းလှချင်နေသည်။ အလှဆုံးပြင်ဖို့ ကြိုးစားမည်လို့လဲ တွေးနေမိသည်။ မနက်ခင်းတိုင်းထပြေးပြီး အားကစားလုပ်တဲ့အတွက် သူမကိုယ်လုံးလေးက အချိုးစားကျလှသည်။ အသားရေလေးတွေက ၀င်းမွတ်ဖြူစင်ပြီး ပါးပြင်ပေါ်မှာ သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေသည်။ ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်ရှည်တွေနဲ့ ကာရံထားတဲ့ ၀ိုင်းစက်လှပတဲ့ မျက်ဝန်းနက်နက်ကလေးတို့ အရည်လဲ့ နေသည်။နှာသီးလုံးလုံးလေးနဲ့ စင်းနေတဲ့နှာတံ၊ ပြီးတော့ ကကြီးပုံ နှုတ်ခမ်းဖောင်းဖောင်းလေးတွေက နီရဲနေရဲ့။

တကယ်တော့ သူမ အလှပြင်တာ ၀ါသနာမပါပါဘူး။ ဒါပေမယ့် ဒီနေ့တော့ ဘာမှ မလိမ်းခြယ်ရသေးဘဲ လှပနေတဲ့ သူမမျက်နှာလေးကို သူမ အားမရ ဒီထက် လှချင်နေမိသည်။

မိန်းကလေးတိုင်းဟာ သူမချစ်သူရှေ့မှာ အလှဆုံးဖြစ်ချင်ကြတာပဲလေ။

မသုံးဖြစ်တာကြာပြီဖြစ်တဲ့ SK2 မိတ်ကပ်ဗူးလေးကို ဖွင့်ပြီး ပါးပါးလေးလိမ်းလိုက်သည်။ ပြီးတော့ လော်ရယ်လ် နှုတ်ခမ်းနီ ပန်းရောင်လေးကို ပါးပါးလေးဆိုးလိုက်သည်။ မျက်ခုံးမွှေးလေးကို အိုင်းရှဲဒိုးလေးနဲ့ ဆွဲလိုက်တဲ့အခါမှာတော့ သူမကိုသူမ တော်တော်လေးလှသွားတယ်လို့ ထင်မိသည်။ သူမ ဒီထက်လဲ ပိုပြီး မပြင်တတ်တော့ပါ။

အ၀တ်အစားကိုတော့ ကျောင်းယူနီဖောင်းပဲ ၀တ်သွားတာကောင်းပါတယ်။ အ၀တ်စားကို သတ်သတ်ရပ်ရပ်ဖြစ်အောင် သေချာဆွဲဆန့်ပြီး မနေ့က ဆရာမ ပြန်လှန်လေ့ကျင်းခန်းလုပ်ပေးထားတဲ့ စာအုပ်လေးကို ယူပြီး အဆောင်အောက် ဆင်းခဲ့သည်။

“အိုး ဆန်နီလေး အရမ်းလှနေပါလား၊ အိသွယ်တို့ ဇာခြည်တို့ ဇင်ကြီးတို့ ဒီမှာလာကြည့်စမ်း ဆန်နီ ဒီနေ့ အရမ်းလှနေတယ်ဟေ့”

“အာ မမသဲမွန်ကတော့ လုပ်ပြီ အဲလောက်မဟုတ်ပါဘူး မမပြောမှ တဆောင်လုံး သိတော့မှာပဲ သမီးရှက်လာပြီ”

“ဟုတ်ပ ငါ့သမီး အရမ်းလှနေတယ်ဟေ့”
အဆောင်ရှင် အန်တီချိုက ထွက်လာပြီး ပြောသည်။

“ငါ့သမီး ဒီနေ့ ကျောင်းမသွားဘူးလား”

“မသွားဘူးအန်တီချို သမီး သူငယ်ချင်းတယောက်ဆီ စာသွားရှင်းမလို့”

“အင်း ဧကန္တ စာသွားရှင်းမယ့် သူက ကောင်လေးချောချောလေး ဖြစ်မယ်ထင်တယ်ဟေ့”

“ဟာ မဟုတ်ပါဘူးအန်တီချိုရယ် တကယ် သူငယ်ချင်းပါ”

“အေးပါအေ မဟုတ်ရင်လည်း ပြီးတာပါပဲ ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားရတယ်၊ ထိမ်းထိမ်းသိမ်းသိမ်း နေကြနော် သမီးတို့”

“ဟုတ်ကဲ့ပါ အန်တီချို ခုလို ဆုံးမတာ ကျေးဇူးပါ၊ သမီးသွားလိုက်ဦးမယ်နော်”

“အေးအေး သွားသမီး”

“မမ သဲမွန်တို့ သမီး ကိုကျော်သူဆီ သွားလိုက်ဦးမယ်နော် ”

“ဟာ တကယ်လား ကောင်းတယ်ဟေ့ ငါတို့သတင်းကောင်းစောင့်နေမယ် ၊ ငါတို့အားလုံးက နင်တို့ ၂ ယောက်ကို အဆင်ပြေစေချင်နေတာ၊ သွားသွား”

အဆောင်က ထွက်လာခဲ့ပြီးမှ စိတ်ထဲမှာ ကြောက်ရွံ့နေမိသည်။ ငါ ယောက်ျားလေးအဆောင်သွားရင် ကိုကျော်သူများ ငါ့ကို အထင်သေးသွားမလား။ လမ်းလျှောက်ရင်း ရင်တွေ အရမ်းခုန်နေမိသည်။ နောက်ဆုံးတော့ နှလုံးသားတစုံးရဲ့ ဆန္ဒကို သူမ မလွန်ဆန်နိုင်တော့ပါဘူးလေ။

ကျော်သူခေါ် ဒေါင်းကြီးတယောက်လဲ တယောက်ထဲ စာကျက်မယ်ဆိုပြီး အဆောင်ရှေ့ ပိတောက်ပင်အောက်မှာ တယောက်ထဲ ထိုင်နေမိတာ ၁၅ မိနစ်လောက်ရှိပြီ။ လက်ထဲ ကိုင်ထားတဲ့ Insatallation စာအုပ်ကို ခုထိ တရွက်မှ မလှန်ရသေး။ ကောင်းကင်ပြာပြာကြီးကို သူ ဆွေးမြေ့စွာ ငေးမောကြည့်နေမိသည်။

ချစ်တတ်သူမို့ လွမ်းတတ်တာ မဆန်းပါဘူး။ ကောင်းကင်ပြာပြာမှာ တိမ်လွှာဖြူဖြူလေးတွေ လွင့်ဝဲနေတာကိုကြည့်ရင်း သူမကို လွမ်းသည်။ လေပြေလေးတွေတိုက်တိုင်း ပိတောက်ရွက်ကလေးတွေ လှုပ်ရှားသွားတာကိုကြည့်ရင်း သူမကို လွမ်းသည်။

အလွမ်းသည် ကျနော့်အတွက်တော့ ချစ်သူပေးသော အိပ်မက်ရှည်တပုဒ်ဟု ကျနော်ထင်သည်။ မေ့ဖို့ကြိုးစားရင် မုန်းဖို့အားထုတ်ရင် ရင်မှာ ပိုပိုသတိရလာတယ်ဆိုတဲ့ ကိုညီထွဋ်ရဲ့ စာသားတွေက ခုအချိန်မှာ ကျနော့်အတွက် ကွက်တိပါပဲ။ မဖြစ်သေးပါဘူး အပြင်ဖက်မှာဆိုတော့ အာရုံတွေက ပိုလွင့်တယ်။ အခန်းထဲ ပြန်ဝင်ပြီး ကြည့်မှဖြစ်မယ်။ အရူးတယောက်လိုပဲ သူတယောက်ထဲ ယောက်ယက်ခတ်နေမိသည်။

အခန်းထဲ ပြန်ဝင်ပြီး အိပ်ယာပေါ်ခဏလှဲကာ မျက်ဝန်းတွေကို ပိတ်ထားလိုက်သည်။ မျက်ဝန်းတွေ မှိတ်ထားလိုက်ပေမယ့်လည်း သူမပုံရိပ်တွေက ကျနော့် မြင်ကွင်းထဲမှ ပျောက်ကွယ်မသွားပါ။ အစကတည်းက မေ့ဖို့ချစ်ခဲ့တာမှ မဟုတ်ဘဲလေ။

“မောင်ကျော်သူ ဟေးမောင်ကျော်သူရေ အိပ်ပျော်နေလား”
အဆောင်ရှင် အသံကြောင့် သူအတွေးပျက်သွားရသည်။

“ဗျာ ဟုတ်ကဲ့ ဂျီးတော် မအိပ်ပါဘူးခင်ဗျ ဘာကိစ္စရှိလို့လဲ”

“ ဒီမှာဟေ့ အဆောင်ရှေ့မှာ ကလေးမလေးတယောက် ရောက်နေတယ် မင်းသူငယ်ချင်းတဲ့”

“ဗျာ ဟုတ်ကဲ့ ဂျီးတော် လာပါပြီ”
မိန်းကလေးဧည့်သည်တဲ့ ဘယ်သူပါလိမ့်။ သဲမွန်တို့ အိသွယ်တို့ဆိုလဲ အဖွဲ့လိုက်လာကြမှာပါ၊
ဘယ်သူဖြစ်နိုင်မလဲ တွေးရင်းနဲ့ပဲ အဆောင်ရှေ့ထွက်ခဲ့လိုက်သည်။

အဆောင်ရှေ့ရောက်တော့ ကိုယ့်မျက်လုံးတွေကိုပင် မယုံချင်။ ဘုရားဘုရား အိပ်မက်များ မက်နေတာလား၊ ကိုယ့်လက်မောင်းကို ဆိပ်ကြည့်မိသည်။ အဆောင်ရှေ့မှာ ကျနော့် အချစ်ဆုံးနတ်သမီးလေး ဆန်နီ မခို့တရို့လေးရပ်နှေရှာသည် ။သူမ အလှပြင်တာ တခါမှ မမြင်ဘူးပါ။ လက်ထဲမှာ စာအုပ်ကလေးကိုပိုက်လို့ မိတ်ကပ်လူးထားတဲ့ မျက်နှာလေးက ဖူးလှဝင်းလဲ့နေလေသည်။

ကျောင်းဝတ်စုံလေး ကျက်သရေရှိစွာ ချစ်စရာကောင်းတဲ့ ချစ်သူလေးကို သူမင်သက်စွာ ငေးကြည့်နေမိသည်။ သူ့အတွက် ကမ္ဘာကြီးသည် အခိုက်အတန့် ရပ်တန့်သွားသလိုပါပဲ။

“ဘာလို့ အဲလောက်ကြီး ရပ်ကြည့်နေရတာလဲ ဧည့်သည်ကို ဘာမှ ဧည့်မခံတော့ဘူးလား”
သူမက မျက်နှာလေးရဲပြီး ပြောရှာသည်။

“ဟာ အဲသလို မဟုတ်ပါဘူး ကိုအရမ်းအံသြနေလို့ပါ”
သူအသံတွေကလည်း ရင်ခုန်တုန်ရီနေပါသည်။

“ဘာလဲ မလာစေချင်းဘူးလား”
သူမက ချစ်စဖွယ် ရန်တွေ့သည်။

“ဟာ မဟုတ်ပါဘူးဆန်နီရဲ့ အဲဒီ ပိတောက်ပင် အောက်က ခုံလေးမှာ ထိုင်နော်”
“ဓာတ်ဗူးထဲမှာ ရေနွေး ရှိသေးတယ် ကျနော်ကော်ဖီ ဖျော်လိုက်မယ်နော် ခဏစောင့်”
ရင်ထဲမှာ အတိုင်းမသိ ကြည်နူးပျော်ရွှင်နေမိသည်။

“ရတယ် ဘာမှမလုပ်နဲ့တော့ ကျမမဆာပါဘူး”

“ကို ဆန်နီကို ဘာမှ ထပ်မနှောင့်ယှက်တော့ပါဘူးနော်”
သူပြာပြာသလဲ တောင်းပန်မိသည်။

“ဘယ်သူက နှောင့်ယှက်တယ်ပြောနေလို့လဲ”
သူမရဲ့ စူဆောင့်ဆောင့်ပြောပုံလေးက ချစ်စဖွယ်ပါပဲ။

“ဒါပေမယ့် ဟိုလေ..ဟို”

“ကဲပါ တော်ပါပီ အဲဒါတွေမပြောပါနဲ့တော့ ဘာလို့အတန်းလာမတက်တာလဲ”

“အဲဒါက ဟိုလေ သင်ခန်းစာတွေကလည်း ပြီးနေပြီဆိုတော့ အိမ်မှာ အေးအေးဆေးဆေး စာကျက်မလို့ပါ ဆန်နီရယ်”

“ကျမလိမ်တာကို အရမ်းမုန်းတာပဲ ဘာလို့အမှန်အတိုင်း မပြောရတာလဲ ကိုကျော်သူ”
တခါတခါကျတော့ အကင်းမပါးသော သူ့ကို ကျမတကယ် အသည်းယားမိသည်။

“ကို အမှန်အတိုင်း ပြောရယ်ပါတယ် ဆန်နီရယ် ဒါပေမယ့် ကိုယ့်စကားတွေကြောင့် ဆန်နီ စိတ်အနှောက်အယှက် ဖြစ်သွားမှာ စိုးလို့ပါ”
သူမကို မြတ်နိုးစွာကြည့်နေမိရင်းက သူပြောနေမိသည်။

“ဘာ ဆိုင်လို့လဲ”
သူမက မျက်လုံးကလေးထောင့်ကပ်ပြီး ပြန်မေးသည်။

“ဆိုင်တာပေါ့ ဆန်နီရယ် ကိုမင်းကို အရမ်းချစ်လွန်းလို့ပေါ့ . ဟုတ်တယ် ဆန်နီ ကို ဆန်နီကို အရမ်းချစ်တယ် တဘ၀လုံးအတွက် ရည်ရွယ်ပြီး ချစ်တာ”
သူမရဲ့ လှပတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သူလေးလေးနက်နက်ပြောလိုက်သည်။

“ အပိုတွေ ပါ”

“ကျေးဇူးပြုပြီး ကိုအချစ်တွေကို ယုံပေးပါ”

“မယုံပါဘူး တကယ်ချစ်ရင် ဘာလို့ ကျောင်းမလာဘဲ ရှောင်နေသေးလဲ”
သူ့မ မျက်နှာလေး ရဲနေပါသည်။

“ဒါဆို အတန်းပြန်တက်ရင် ယုံမှာပေါ့ ဟုတ်လား”

“အင်း”
ခေါင်းငြိမ့်ပြီး နှုတ်ခမ်းလေးကိုက် ခတ်ဖွဖွ ပြောပုံလေးက ချစ်စရာကောင်းလှသည်။ကျနော်ကို ရင်ခုန်ရူးသွပ်စေပါသည်။

“ဒါဆို ဆန်နီ ကိုယ့်အချစ်ကို လက်ခံတယ်ပေါ့နော်”

သူမ ခေါင်းငြိမ့်လိုက်သည်ထင်သည်။

“ဟာ ၀မ်းသာလိုက်တာ ဆန်နီရယ် ကို အရမ်းပျော်တာပဲ ပြီးတော့ ဆန်နီကို အရမ်းကျေးဇူးတင်တယ်”

“လုပ်ပြန်ပြီ ဘာကျေးဇူးတင်တာလဲ အဲလို အူကြောင်ကြောင်လုပ်တာတွေ မုန်းတာ”

“ဆန်နီ ဒီနေ့ အရမ်းလှတာပဲ သိလား  ကိုအရမ်းချစ်တာပဲ ဆန်နီရယ်”

“ဟာ ကိုနော် ဒီစကားပဲ ခဏခဏပြောနေတော့တာပဲ ဆန်နီ ရှက်လာပြီ ပြန်တော့မယ်”

“ ဘယ်လို ကိုယ့်ကို ဘယ်လို ခေါ်လိုက်တာလဲ ပြန်ခေါ်ပါဦး”

“ဟာ မသိတော့ဘူး သွားတော့မယ့်”

“ မသွားပါနဲ့ ဆန်နီရယ်”
နူးညံ့တဲ့ တက်ဖ၀ါးလေးကို လှမ်းဆွဲထားရင်း ချစ်သူရဲ့ ရှက်ဝဲစွာ လှနေတဲ့ မျက်နှာ ၀င်းဝင်းမွတ်မွတ်ကလေးကို မြတ်နိုးစွားကြည့်လိုက်သည်။

“ဟိုးထားဆရာ ဟိုးထား အရင်တခါလို ထပ်လုပ်ရင်တော့ တသက်လုံး မခေါ်တော့ဘူး”

“မလုပ်ရဲတော့ပါဘူး ကိုလေ တခါတည်းနဲ့ကို မှတ်သွားပါပြီ ဟဲဟဲ”

“ဆန်နီ ကိုယ့်ကို ချစ်တယ်လို့ပြောပါလား ကိုယ်အရမ်းကြားချင်တာပဲ”

“မပြောရဲပါဘူး ရှက်စရာကြီး ခေါင်းငြိတ်ပြပြီးပြီပဲ ကျေနပ်တော့ လောဘကို ကြီးတယ် တကယ်ပဲ”

“ပြောပါ ဆန်နီရယ် ကိုယ် အရမ်းကြားချင်လွန်းလို့ပါကွာနော်”

မျက်ဝန်းတွေ လက်တောက်ပြီး ကလေးလေးတယောက်လို ပျော်နေတဲ့ သူ့ကို ငေးကြည့်ရင်း ကျမရင်ထဲမှာ သူ့ပေါ်အရမ်းချစ်မိသွားရသလို ရင်ထဲမှာလည်း အရမ်း ရင်းနှီးသွားမိရပါသည်။
ဒါပေမယ့် ချစ်တယ်လို့ ပြောဖို့ကျတော့လည်း ကျမနှုတ်ခမ်းတွေက ရှက်ရွံ့နေမိပြန်သည်။

“ပြောပါ ဆန်နီရယ် တခွန်းထဲပါနော်”

“ဘယ်လိုလူကြီးလဲ မသိဘူးဇွတ်ကြီးပဲ သူများက ရှက်လို့ပါဆို”

“ဘာရှက်စရာ ရှိလဲ ချစ်လေးရယ်ကိုတို့က ချစ်သူတွေဖြစ်သွားကြပြီပဲ သူစိမ်းတွေမှ မဟုတ်တာပဲ”

“ကိုလည်း ချစ်လေးလို့ခေါ်မယ်နော်”
ကလေးတယောက်လို အတင်းပူဆာနေတဲ့ သူ့ကို မလွန်ဆန်ချင်တော့ သူ့ကို ပျော်ရွှင်စေချင်မိသည်။

“ကဲ ချစ်တယ် ချစ်တယ် ချစ်တယ် ကို့ကို ချစ်တယ် ...ကျေနပ်ပီလားကဲ..ဘာမှန်းကို မသိဘူး”

“ပျော်လိုက်တာ ချစ်လေးရယ် ကျောင်းဖက်သွားရအောင် ဟိုကောင်တွေကို သွားကြွားရမယ်”

“ဟာ မသွားချင်ပါဘူး ဆန်နီ ရှက်တယ်”

“သွားရအောင်ပါကွာ ချစ်လေးလည်း ကိုယ့်ကြောင့် ဒီတမနက်ခင်းလုံး အတန်းတွေ ပျက်သွားပြီ၊ လာပါ နောက်အချိန်တွေ သွားတက်ကြမယ်။ ဒီနှစ်စာမေးပွဲကို ခုံနံပါတ်ကောင်းကောင်းနဲ့အောင်အောင်ကြိုစားကြမယ်နော်”

“ကဲ သွားသွား ..ဟိုရောက်ရင် အတင်းသည်းမပြနဲ့နော်”

“အင်းပါခဏစောင့် ကို ကျောင်းဝတ်စုံလဲပြီး လွယ်အိတ်သွား ယူလိုက်ဦးမယ်”
နှစ်ယောက်လုံး ကြည်နူးပျော်ရွှင်နေမိကြသည်။

မျှော်လင့်မထားဘဲ ပေးလားတဲ့ ချစ်သူရဲ့ လက်ဆောင်ကို ကျနော့်နှလုံးသားထဲမှာ တသက်လုံးပဲ တခမ်းတနား သိမ်းဆည်းထားပါမည်။

“ချစ်လေးရေ လာ သွားမယ်..ကို့လက်ကိုတွဲထား”

“မတွဲပါဘူး”
မျက်စောင်းလှလှလေးက ကျနော့်ဆီ စွေ့ကနဲ လွင့်လာပါသည်။

ကျနော့်ချစ်သူသည် ထိုကဲ့သို့ မျက်စောင်းလှလှလေးတွေလဲ ပိုင်ဆိုင်ထားပါသည်။

“အရမ်းချစ်တယ် ချစ်လေးရယ်”

“သွား အရူး”

“ဟုတ်တယ် ကိုက ရူးနေတာ ..ကမ္ဘာကျော်မယ့် အချစ်ရူးကြီးလေ သိလား”

“သိပါဘူး အရမ်း ပိုတာပဲတော့ ”

“မြန်မြန်သွား သူများတွေ ကြည့်နေကြတယ်”
ရှက်ဝဲ၀ဲ မျက်နှာလေးနဲ့ သူမလေးက ကျနော့် ဘေးကနေ သိမ်မွေ့ညင်သာစွာ လိုက်လာသည်။
ကျနော့် ခြေထောက်တို့သည် ချစ်ခြင်း၏ အဟုန်ဖြင့် မြေကြီးနှင့် မထိချင်တော့။

ချစ်သူနဲ့ တွဲပြီး လမ်းလျှောက်ရခြင်းရဲ့ အရသာကို ခင်ဗျားတို့ခံစားဖူးပါသလား.....

ပြီးပါပြီ
အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ..
လင်းဝေ

No comments:

Post a Comment