Monday, April 27, 2015

သတိထားပါ...



မင်း သတိထားပါ
ဒီလောကမှာ
အဟာရ ၁ ခုသာလျှင်
မှီခိုအားထားရာ ရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါဟူသမျှ
ရုပ်နာမ် ၂ ပါးသာရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သုခ၊ ဒုက္ခ၊ ဥပက္ခာ
ဝေဒနာ ၃ ခုသာရရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ
သစ္စာ တရား ၄ ပါးရှိတယ်
ဒါတွေကို သိမှ
လွတ်မြောက်နိုင်မယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
ခန္ဓာ ၅ ပါးသာရှိတယ်
ဒါလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
သဠာယတန ၆ ပါးက ဖြစ်တဲ့
အာရုံ ၆ ပါးသာရှိတယ်
ဒါဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဗောဇ္ဈင် ၇ ပါးရှိတယ်
ဒါတွေကသာ
သစ္စာ ၄ ပါးကို ထိုးထွင်းသိဖို့ အကြောင်းဖြစ်တယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
မဂ္ဂင် ၈ ပါးရှိတယ်
သံသရာက လွတ်ဖို့
ဒါတွေကို သိဖို့ကျင့်ဖို့ အရေးကြီးတယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဘုံဌာနတွေပေါင်းချုပ်လိုက်ရင်
၉ ဘုံသာရှိတယ်
ဒါတွေဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောက
ရဟန္တာတွေရဲ့ အကျင့် ၁၀ ပါးရှိတယ်
ဒါတွေ ပြည့်စုံမှသာ
လွတ်မြောက်နိုင်မယ်ဆိုတာ..

မင်း သတိထားပါ
ရေမှုတ်ထဲက ရေတဝက်ကို သွန်လိုက်တဲ့အခါ
တဝက်ပဲ ကျန်သလို
တခါလိမ်ညာပြောသူဟာ
ကိုယ်ကျင့်တရား
တဝက်ပဲ ရှိတယ်ဆိုတာ....

မင်း သတိထားပါ
ရေမှုတ်ထဲက ရေအကုန်သွန်လိုက်ရင်
ရေမှုတ်ထဲမှာ ဘာမျှ မကျန်တော့သလို
အမြဲ လိမ်ညာသူဟာ
ကိုယ်ကျင့်တရား လုံးဝမရှိသူပဲ ဆိုတာ...

ဗုဒ္ဓ မြတ်စွာက
သားတော် ရာဟုလာကို
ဟောတော်မူခဲ့တယ်..

လင်းဝေ

မနေ့က အိမ်မှာ ညီမတယောက် မွေးနေ့ပွဲ မွေးနေ့တရား အဖြစ် ဟောကြားပေးတဲ့
ဆရာတော့် တရားလေးကို ပြန်လည် အာရုံပြုရင်း
ဓမ္မကဗျာလေး ရေးစပ်ပြီး ကုသိုလ်ပြုလိုက်ပါတယ်..

သာဓု သာဓု သာဓု

No comments:

Post a Comment