Saturday, March 29, 2014

လူ့ဘ၀....


 လူ့ဘ၀ဆိုတာ

ချားရဟတ်ကြီးလို

နိမ့်ချီ တခါ

မြင့်ချီ တလှည့်

ကိုယ်က သူ့ဘ၀ ကို အားကျလိုက်

သူက ကိုယ့်ဘ၀ကို အားကျလိုက်

မိုက်ဖော် မိုက်ဖက် အချင်းချင်း

ရုပ်ရှင်ရိုက်နေကြတဲ့

ပိတ်ကား ပေါ်က

ခတ်ဖျင်းဖျင်း အရိပ်တွေလိုပါပဲ...

လင်းဝေ (မုံရွာနည်းပညာ)

စက်ရုပ် ....




ကိုယ့် သံပတ်ကို

 ပြန်ပြန် တင်းရင်း

နံနက်ခင်းတိုင်း

စက်ရုပ် တစ်ရုပ်လို

 နိုးထ ရှင်သန်

ငါ့နှလုံးသားတွေ

ယန္တရား ဆန်ဆန်

ခုန်လှုပ်နေခဲ့ရတာ

 ကြာပြီ...



လင်းဝေ (မုံရွာနည်းပညာ)

ရထား..




တပတ်ပြီး တပတ်

 ဖြတ်ခဲ့ပေမယ့်

 လောကဓံမိုးတွေက

 ရွာသွန်းလို့ ကောင်းနေဆဲပဲ....

ရွှဲရွှဲစိုစိုနဲ့

 မြို့ပြရိပ်ကို

နားခိုခဲ့တဲ့

သက္ကရာဇ်တွေမှာ

ဘ၀ရဲ့

အနှစ်သာရ ဆိုတာလဲ

အပြစ်နဲ့ မာယာကြားက

 ဖူးပွင့်နိုင်ခဲတဲ့

 ကျောက်ဆစ် နှင်းဆီ


တစ်ပွင့်လိုပါပဲ..

လင်းဝေ (မုံရွာနည်းပညာ)

ဖြူစင်ဘ၀တွေ....




ညတွေ... ညတွေ... ဆို

လကက္ဖက်ရည်ဆိုင် ထိုင်ရင်း

 ငြင်းကြ ခုန်ကြ

လွတ်လပ် ပျော်ရွှင်တဲ့

ငယ်ရွယ် ပျိုမြ

 ကျောင်းသား တစ်ယောက်ရဲ့

 ဖြူစင်ဘ၀တွေ

လွမ်းတယ် ..

အဲဒီတုန်းက

 ဖြူစင်ခဲ့တဲ့

ငါတို့အပြုံးတွေ

 ပြန်မရနိုင်တော့တာကိုလဲ

လွမ်းတယ်..


လင်းဝေ (မုံရွာနည်းပညာ)

တန်ဖိုး



အာရုံရဲ့

ဆာလောင်မှုမှာ

ငါတို့ဟာ

ဘယ်တုန်းကမှ

မရောင့်ရဲနိုင်ခဲ့ကြဘူး... 

မပြီးဆုံးနိုင်တဲ့

အိပ်မက်တွေနဲ့

ဟိုး

ခရီးအဆုံးထိ

မာယာတောမှာ

 မောတခါ ပျော်တလှည့်

 နေ့ ဖြစ်လိုက် ည ဖြစ်လိုက်

လူတွေရဲ့ လူ့ အဖြစ်ဟာ

အရင်နှစ်တွေကထက်

တန်ဖိုးမဲ့လာတယ် 


လင်းဝေ (မုံရွာနည်းပညာ)

ရယ်မော ဖြတ်သန်း ပစ်လိုက်ဖို့ဆိုတာ

ခတ်ညံ့ညံ့

အပေါစား ပြက်လုံးတွေနဲ့

ဘ၀ကို

ရယ်မော ဖြတ်သန်း ပစ်လိုက်ဖို့ဆိုတာ

တကယ်တော့ မလွယ်လှပါဘူး  

ဒါဟာ 

မိမိကိုယ် မိမိ

လိမ်ညာတာဖြစ်သလို

ဘ၀ကို

လွဲမှားစွာ ချဉ်းကပ်တာလဲြ

ဖစ်တယ်


 နေနော်

မတရားမှု

မတရားတာကို

မတရားမှန်း

သိသိကြီးနဲ့

သည်းခံနေမယ်ဆိုရင်

 ဒီ မတရားတဲ့

လူတွေ လက်ထဲကနေ

မင်း

ဘယ်တော့မှ

ရုန်းထွက်နိုင်မှာ မဟုတ်ဘူး


လင်းဝေ
ဖြစ်နိုင်မယ်ဆိုရင်

 ငွေသံကြေးသံ

 မပါတဲ့ ဂီတသံ စစ်စစ်ကိုပဲ

 ကြားချင်တယ်

မတရားမှုကို

လစ်လျူရှုထားတာလောက်

ဆိုးတဲ့

လူ့အသိုင်းအ၀ိုင်း

 မရှိဘူး

လင်းဝေ

ချစ်သူရဲ့ မသိခြင်းများ



ဘယ်ခေတ်မှာ
မွေးဖွားပြီး
ဘယ်လို ရာသီဥတုမှာ
စိုက်ပျိုးခဲ့ပါသလဲ ...

အေးစက်စက် နှလုံးသားနဲ့
ပူလောင်တဲ့ သောကကို
မြိုသိပ်
.....
ငါက...
......
ရေခဲတစ်ပိုင်း
ချော်ရည်တစ်ပိုင်း
ဖြစ်နေတဲ့

ခတ်ရိုင်းရိုင်း
လူငယ်တစ်ယောက်ပါ
ချစ်သူ....

ချစ်တတ်တဲ့
အသည်းတစ်ခြမ်းနဲ့
မုန်းတတ်တဲ့
အသည်းတစ်ခြမ်း

ခတ်ကြမ်းကြမ်း
ဖမ်းဆုတ်ထားတဲ့
ဟောဒီ
လူရိုင်းကောင်မှာ

သစ္စာတရားထွန်းကားတယ်ဆိုတာ
...
မင်း
......
မမြင်ခဲ့တာလား

ချစ်သူ...

လင်းဝေ (မုံရွာနည်းပညာ)

အတ္တ




တစ်ခုခုကို ရချင်တဲ့အခါ

တစ်ခုခုကို လိုချင်တဲ့အခါ

တစ်ခုခုကို ဖြစ်ချင်တဲ့အခါ

ငါ ဆိုတဲ့ တွယ်တာမှုဟာ

ငါ့ကို အကြိမ်ကြိမ် နာကြင်စေခဲ့....

ငါ ပျော်ရွှင်ခဲ့တယ် ...

ငါ ၀မ်းနည်းခဲ့တယ် ....

ငါ ပိုင်ဆိုင်ခဲ့တယ် ....

ငါ စွန့်လွှတ်ခဲ့တယ် ...

ငါ အနိုင်ရခဲ့တယ် ....

ငါ ကျရှုံးခဲ့တယ် ....

....

ငါ ဆိုတဲ့ အသိစိတ်မှာ

ငါဟာ

အခါခါ မွန်းကြပ် ပိတ်လှောင်ခဲ့ 

တကယ်တော့

ဘ၀ဆိုတဲ့

တဒင်္ဂ ဖြစ်တည်ခွင့်လေးဟာ

ပိန်းကြာရွက်ပေါ်က

နှင်းစက်ပွင့်လေးလိုပါပဲ ...

ငါတို့ဟာ

မကြွေလွင့်ခင်

 မြင့်မြတ် ဖြူစင်နေဖို့ပဲ

မဟုတ်လားကွယ် 


လင်းဝေ (မုံရွာနည်းပညာ)

Friday, March 28, 2014

ကျနော်သိတဲ့ ကျနော်

ကျနော်ဟာ
လူရိုင်းတစ်ယောက်ပါ

ယဉ်ကျေးမှုတွေနဲ့
ဘယ်တုန်းကမှ
အထာမကျဖူးတဲ့
လူပေါ့....

အမှိုက်ပုံတစ်ခုလို
အရည်မရ အဖတ်မရတွေနဲ့
ရှုတ်ပွနေတဲ့
လူလေ....

ထွက်ကျလာသမျှ
စကားလုံးတွေက
ဖရုဿဝါစာမို့
အယုတ်တမာကောင်ဆိုတဲ့
အမည်နာမကို
လက္ဖက်ရည် တစ်ဇွန်းမှ
မတိုက်ရဘဲ
ပိုင်ဆိုင်ခွင့်
ရနေတဲ့ လူပေါ့....

စုတ်ချာနေတဲ့
အိပ်မက်တွေ
ထုတ်မကြည့်ရဲလို့
ကိုယ့်ဘ၀ကို
မျိုချနေရတဲ့
လူလေ...

နေ့နဲ့ ညကြား
ကိုယ့်ကိုယ်ကို
နံပြားလို ရိုက်စားရင်း
ပရုတ်လုံးလို
လုံးပါးပါးနေတဲ့
လူပေါ့...

အူမ မတောင့်ဘူးဆိုပြီး
သီလစောင့်ဖို့
ဖာသိဖာသာ
မေ့ချင်ယောင် ဆောင်နေတတ်တဲ့
လူလေ....

အဆင်မပြေမှုတွေနဲ့
ချွတ်ခြုံကျ
သူတော်ကောင်းတရားနာပြီး
အလှူအိမ်မှာ
အသားဟင်းများများနဲ့
ထမင်းစားဖို့
စိုင်းပြင်းနေတတ်တဲ့
လူပေါ့....

မူးတတ်မှန်း သိသိကြီးနဲ့
အရသာဆိုးတဲ့သေရည်ကိုမှ
ခဏခဏ မျိုချ
ကိုယ့်ဘ၀ကို
မလျှော်ဖွတ် ချင်လို့
လောကထဲ
လုံးထွေးထည့်ထားတဲ့
စိတ်ဓာတ်တွေ
တွန့်ကြေဖုန်တက်နေတဲ့
လူလေ...

အားနာပါးနာ
အပြုံးတွေနဲ့
အားရပါးရ
ကျေနပ်နှစ်သိမ့်နေတတ်တဲ့
လူပေါ့...

ချော်လဲရောထိုင်
စာရိတ္တတွေကြား
အောင်စီဂျင်ကို
အငမ်းမရ
ရှူနေတဲ့
လူလေ..

အရေပြား
တစ်ထောက်စာကို
ဘ၀လုံးမှောက်အောင်
ယောက်ယက်ခတ်
ငတ်ကြီးကျချင်တဲ့
လူပေါ့...
.......
................
................။

ကျနော်သည်
လူသာဖြစ်၍
လူလိုမွေးဖွားကာ
လူလိုရှင်သန်
လူလိုသေတတ်ဖို့
ကြိုးစားရပါဦးမည်....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

လူ ၄ မျိုး

ကျနော် စဉ်းစားမိသလောက် လောကမှာ လူ ၄ မျိုးရှိတယ်

၁။ မိမိကောင်းစားရေးအတွက်ပဲ သိတဲ့လူ

၂။ မိမိနဲ့သူတပါးကောင်းစားရေးအတွက် သိတဲ့လူ

၃။ မိမိ၊သူတပါးနဲ့ ပတ်ဝန်းကျင် ကောင်းစားရေးအတွက် သိတဲ့လူ

၎။ မိမိ၊သူတပါး၊ပတ်ဝန်းကျင်နဲ့ သံသရာကောင်းစားရေးအတွက် သိတဲ့လူ

သင်ရော ဘယ်လို လူထဲမှာ ပါပါသလဲ။

နံပါတ် ၃ နှင့် ၄ မဖြစ်နိုင်ရင်တောင် နံပါတ် ၂ လို လူမျိုးတော့ ဖြစ်အောင် ကြိုးစားပါ။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Sunday, March 23, 2014

သင်းကွဲငှက်ငယ်..


မေမေ...

ဘ၀ရဲ့
အမှောင်ဖုံးနေတဲ့
နေ့ရက်
ဆိုးဆိုးတွေထဲမှာ
သား
ငတ်မွတ်စွာ
တောင့်တမိတာ
မေမေ့ရဲ့
မေတ္တာ အလင်းရောင်တွေပါ...

ဒေါင်ကျကျ
ပြားကျကျ ဆိုပြီး
ယောက်ျား တစ်ယောက်ရဲ့
ရိုးသားတဲ့ မာနတွေနဲ့
သွေ့ခြောက် အက်ရှနေတဲ့
ညဥ့်နက်နက်တွေ
ဖြတ်ကျော်ရတာ
ရှည်ကြာလွန်း နေသလိုပဲ...

သင်းကွဲတဲ့ ငှက်
အဖော်ကွဲတဲ့ နွား
မုဆိုးတွေ
ကျားတွေအလယ်
မျက်နှာ ငယ်ရတဲ့ အဖြစ်မျိုး
သား
ကိုယ်ချင်းစာတတ်ခဲ့ပြီ
မေမေ...


မေမေ ခဏခဏ
ပြောပြောနေသလိုပဲ
လူတွေက သိပ်ခက်တာပဲ ငါ့သားလေးရယ်
ဆိုတဲ့ စကား
သားနားလည်လာပြီ မေမေ...

ဘ၀တခုရဲ့
ခြေလှမ်းတွေဟာ
ဇာတ်လမ်းတွေထဲကလို
မလွယ်ပါဘူး မေမေ...

တခါတခါကျတော့
ဒီလိုကြမ်းတဲ့ လမ်းကို
လူကြမ်းဆန်ဆန်
ဖြတ်သန်း ပစ်လိုက်ချင်ပေမယ့်
မေမေပေးခဲ့တဲ့
သားနှလုံးသားတွေ
သားအသိတရားတွေက
ခွင့် မပြုပါဘူး မေမေ...

လောကဓံတရားတဲ့
မေမေ ပေးခဲ့တဲ့
ရင်ဘတ်ကြီးနဲ့ပဲ
သား
အားလုံးကို တောင့်ခံထားတယ် မေမေ..

မေမေ ခဏခဏ
ဆုံးမခဲ့သလို
ဘ၀မှာ ပေးဆပ်နိုင်သူပဲဖြစ်အောင်
သားကြိုးစားပါ့မယ် မေမေ...

တမာတန်းတွေရဲ့ အဝေး...
ကုက္ကိုရ် တန်းတွေရဲ့ အဝေး....
အိမ်ပြန်ချိန်တွေရဲ့ အဝေး...
နွေးထွေးမှုတွေရဲ့ အဝေး...
မေမေ့ အပြုံးတွေရဲ့ အဝေးမှာပေါ့...

သားလေ
အမှန်တရားကို မြတ်နိုးတတ်ဖို့
လောကဓံတရားကို သည်းခံတတ်ဖို့
လူတွေကို နားလည်တတ်ဖို့
ရိုးသားမှုကို တန်ဖိုးထားတတ်ဖို့
စစ်မှန်တဲ့ အောင်မြင်မှုကို ရဖို့

သားကြိုးစားနေပါတယ်
မေမေ...

လင်းဝေ (မုံရွာနည်းပညာ)

မွေးရပ်မြေသို့ ...



ခါနွေဆို တမာတောမှာ
ဥသြငှက် တွန်သံမြည်
လက်ပံပွင့် နီနီ..

ရွှေဘို အနောက်နားဆီက
မူးမြစ်ရယ် ရေကြည်
ဖြတ်စီးတဲ့ ရွာလေး...

နွေဦးမှာ လေရူးခြွေ
ကုကိုရ်တွေ မြေမှာခ
လွမ်းစရာ့ဌာနီ...

မရောက်တာကြာပြီ
လွမ်းမိသည်
ဒီရွာလေး..

ထနောင်းငယ် နုနု
ထန်းရွက်တွေက
တဝေေ၀...

ဒီအချိန်ဆို
တမာကြွေလမ်းမှာ
ဆွတ်ပျံ့ကာ
ပိတောက်ပန်းတွေနဲ့
မွှေးရော့မယ်လေး.....

လင်းဝေ (မုံရွာနည်းပညာ)

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။



၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။
သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

Ref: 10 Things You Must Give Up To Move Forward by Stephen Covey

" ဘဝမှာ အောင်မြင်ချင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်သူများ ... "

" ဘဝမှာ အောင်မြင်ချင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်သူများ ... "

၁။ မိမိရဲ့ အတွေးအခေါ်ကို ... Be Positive ဖြစ်အောင်နေပါ။

၂။ မိမိရဲ့ အဝတ်အစား အပြင်အဆင် အပြောအဆိုဟာ .. လူအထင်ကြီး လေးစားဖွယ်ဖြစ်အောင် နေပါ။

၃။ မိမိကိုယ်မိမိ ... မိမိရဲ့ လုပ်ငန်းအပေါ် Confidence ရှိပါ။

၎။ မိမိနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ Organization , Team , Coworkers တွေအပေါ်မှာ ယုံကြည်မှု ရှိပါ။

၅။ မိမိဘာကို လုပ်ဆောင်မယ် .. ဘာကို ရည်ရွယ်တယ် ဆိုတာ "Goals to be Clear" ဖြစ်နေရမယ်။

၆။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းအပေါ်မှာ Professional ကျကျ ကျွမ်းကျင်အောင် ကြိုးစားနေရမယ်။

၇။ အလုပ်ကို ကြိုးစားချင်စိတ် အမြဲရှိနေရမယ်။ (Wiling to work hard)

၈။ ကိုယ်စတင်လုပ်ကိုင်တဲ့ အလုပ်အပေါ်မှာ ဇွဲရှိရမယ်။ သစ္စာရှိရမယ်။

၉။ လူတွေကို ဆက်ဆံတဲ့အခါမှာ ... အထက်အောက် အကြီးအငယ် မခွဲခြားဘဲ မည်သူ့ဆီမှ အသိပညာ အတတ်ပညာကို မဆိုသင်ယူချင်စိတ်ထားပါ။

၁၀။ ငါသိ ငါတတ်ဆိုတဲ့ ဝါးလုံးခေါင်းထဲမှာ လသာနေတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပါ။ ( Think outside the box ) !!!
(Knowledge sharing from my job conference experience in Ontario, California, convention center)

Credit>>> Min Aung Hein(Myanmar Market .com.mm)

လက်ဆောင်



ချစ်သူရယ်

ည က သိပ်လှတာပဲ

ဖြစ်နိုင်မယ်ဆို

ငါ့ရင်ထဲက

ချစ်ခြင်းတွေနဲ့

ကောင်ကင်တစ်ခင်းလုံး

ကြယ်တွေ

အစင်းထောင်သောင်းပျိုး

ငါ့မြတ်နိုးတဲ့နင့်ကို

ငါ့အချစ်တွေနဲ့

ထာဝရ

လင်းပစေချင်ရဲ့...

လင်းဝေ

တာဝန်

တာဝန် သိမှ တာဝန် ရှိမယ်..
တာဝန်ရှိမှ တာဝန် ပိမယ်...
တာဝန် ယူရဲတာက ရဲရင့်မှု..
တာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်တာက စွမ်းရည်...

မင်းနဲ့ငါ လက်ဆွဲ နှုတ်ဆက်ဖို့ဆိုရင်..


မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
မေတ္တာတရားတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ရိုးသားမှုတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ကိုယ်ချင်းစာတရားတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
တာဝန်ယူမှုတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
သစ္စာတရားတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ဟန်ဆောင်ခြင်းမဲ့ အပြုံးတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ရဲဘော်ရဲဘက်စိတ်တစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
နားလည်မှုတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
.....
အနည်းဆုံး
.....
နွေးထွေးတဲ့
လက်တစ်စုံ
လိုတယ်....
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Sunday, March 2, 2014

အလွမ်း



တကယ်လို့များ
ငါ့နှလုံးသားက
သစ်ပင် တစ်ပင်
ဖြစ်ခဲ့ရင်...

 လေတိုက်တိုင်း
ရမ်းခါနာကြင်နေတဲ့
ငါ့အလွမ်း
သစ်ရွက်တွေကို

မင်း...

မြင်ရက်မယ်
မထင်ဘူး
ချစ်သူ ...

လင်းဝေ

ဗိုလ်ချုပ်အောင်ဆန်းပဲ

လူတိုင်းမြတ်နိုးလောက်တဲ့
ရိုးသားမှုမျိုးနဲ့
လူတိုင်းငေးယူရလောက်တဲ့
 ပေးဆပ်မှုမျိုးနဲ့
 မြင့်မြတ်တဲ့
လူသားတစ်ယောက်ကို
 ပြစမ်းပါလို့
 မေးလိုက်တိုင်း
ကျနော့် နှလုံးသားထဲ
သူ့အလိုလို မြည်ဟိန်းနေတဲ့
နာမည်တစ်ခု ရှိတယ်
အဲဒါ
ဗိုလ်ချုပ်အောင်ဆန်းပဲ..
လင်းဝေ

အချိန်

အချိန်ဆိုတဲ့
ယန္တရားအိုကြီးက
ငါ့ကိုဝါးမြို
နုပျိုမှုဟာ
 မြစ်တစ်ခုလို
 စီးဆင်းသွားတာ
 မြန်တယ်...

လင်းဝေ

လှေငယ်လေးသို့ ..



ကိုယ့်ရွက်ကိုဖွင့်
ကိုယ့်တက်ကို ခတ်
”ဘ၀” ဆိုတဲ့
 မြစ်တစ်စင်း
 ပျော်ရွှင်စွာ
 ဖြတ်သန်းပစ်လိုက်စမ်းပါ...

 “အောင်မြင်ခြင်း” ဆိုတဲ့
 ပင်လယ်တစ်စင်းဟာ
မင်းနဲ့
မဝေးတော့ဘူးဆိုတဲ့
ယုံကြည်မှုတစ်ခုနဲ့ပေါ့...

လင်းဝေ (မုံရွာနည်းပညာ)

အားနာတတ်သဖြင့်

အားနာတတ်သဖြင့်
 မညိတ်ချင်ဘဲ
 ခေါင်းညိတ်နေရခြင်းသည်
 သဘာဝမကျလှပါ
အင်မတန်ပင်ပန်းလှပါသည်

တာရာမင်းဝေ

အောင်မြင်မှု

အောင်မြင်မှုဆိုတဲ့ လမ်းဟာ
အခက်အခဲတွေနဲ့ ထုဆစ်ထားတာပါ...
မင်းကသာ
အခက်အခဲတွေကို ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်..
အခက်အခဲတွေကို မကျော်လွှားနိုင်ဘူးဆိုရင် ...
အောင်မြင်ခြင်းဟာ
မင်းဆီ
ဝမ်းပမ်းတသာ
ခုန်ဆင်းလာမှာ မဟုတ်ဘူးလေ..

လင်းဝေ

သခင်

အလုပ်လုပ်တဲ့ နေရာမှာ
ကိုယ်ဝါသနာပါတဲ့
ကိုယ်လုပ်ချင်တဲ့
ရိုးသားတဲ့ အလုပ်ကို
လုပ်နေရတဲ့သူက
သခင်ပဲ
ငွေရဖို့တစ်ခုထဲအတွက်
ကိုယ်မလုပ်ချင်ဘဲ
လုပ်နေရတယ်ဆိုရင်တော့
ငွေရဲ့ကျေးကျွန်ပဲ..

လင်းဝေ

အောင်မြင်ချင်တဲ့လူ

တချို့လူတွေက အတွေးအခေါ်ရှိတယ် ဒါပေမယ့် သတ္တိမရှိကြဘူး..
တချို့လူတွေက သတ္တိရှိတယ် ဒါပေမယ့် အတွေးအခေါ် မရှိကြဘူး..
တချို့လူတွေက အတွေးအခေါ်ရှိတယ် သတ္တိရှိတယ် ဒါပေမယ့် အခက်အခဲတွေကို သည်းခံနိုင်တဲ့ ဇွဲ မရှိကြဘူး..
အောင်မြင်ချင်တဲ့လူက အတွေးအခေါ်ကောင်းရှိရမယ်..သတ္တိရှိရမယ့် ဇွဲရှိရမယ်

လင်းဝေ

ဆုလဒ်

ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့
လောကကြီးထဲမှာ
ဘယ်အရာကမှ
မင်းအတွက်
မကြီးကျယ်မခမ်းနားလှပါဘူး...
အောင်မြင်မှုပဲဖြစ်ဖြစ်
ကျရှုံးမှုပဲဖြစ်ဖြစ်
အရာတိုင်းဟာ
အခိုက်တန့်လေးတွေပါပဲ
ဘာပဲဖြစ်ဖြစ်
မင်းရဲ့ ကြိုးစားမှု
မင်းရဲ့ စေတနာနဲ့
ထိုက်တန်တဲ့
ဆုလဒ်တစ်ခုတော့
လောကကြီးက
မင်းကို
ပေးဖို့
သေချာပြီးသားပါ..

လင်းဝေ

Saturday, March 1, 2014

ဘောလုံးသမားတစ်ယောက်ရဲ့ နိုင်ငံရေးအမြင်

“နိုင်ငံရေးအမြင်ရှိမှ ၊ စစ်ရေးအမြင်ရှိမှ ၊ အမျိုးချစ်စိတ်ရှိမှ သမ္မတ ဖြစ်မယ်ဆိုရင် တို့နိုင်ငံမှာ တယောက်ပဲရှိတယ် အဲဒီလူကတော့ သီဟတင်စိုး ” လို့ ဦးဇာဂနာတို့က ပြက်လိုက်တော့ အောက်က ပရိတ်သတ်က လဲ တသောသော ရယ်မောကြတာပေါလေ။

ကျနော်တို့နိုင်ငံမှာလဲ လူရွှင်တော်တွေက အစိုးရပိုင်းက အမှားတွေကို ပြက်လိုက် အောက်က ပရိတ်သတ်က ရယ်လိုက်ကြ ၊ စာရေးဆရာတွေ အစိုးရပိုင်းက လူတွေရဲ့ အဆီငေါ် မတည့်တာတွေ ဖဲ့လိုက် အောက်က ပရိတ်သတ်က လက်ခုတ်တီးလိုက်ကြနဲ့ပဲ ပြီးနေတော့တာပါပဲ။

အစိုးရပိုင်းက လုပ်ပုံမဟုတ်တာတွေကို ပြည်သူလူထုကို သိအောင်ပြောရမှာ၊ အစိုးရပိုင်းကလူတွေ သိအောင် ထောက်ပြရမှာလဲ မှန်ပါတယ်။

 ဒါပေမယ့် ပြက်လုံးထုတ်နေရုံ ၊ အပြစ်ပြောနေရုံနဲ့လဲ မပြီးသေးပါဘူး။ အပြုသဘောနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ်ယူရမယ့် တာဝန်တွေကို မမေ့ကြဖို့လိုပါတယ်။

လောကမှာ အရာရာ ပြီးပြည့်စုံတဲ့ လူဆိုတာ မရှိနိုင်ပါဘူး။

မိသားစုတစ်ခု ၊ ကုမ္ပဏီတစ်ခု ၊ အဖွဲ့အစည်းတစ်ခု ၊ ရပ်ကွက်တစ်ခု ၊ မြို့နယ်တစ်ခု ၊ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုရင် သက်ဆိုင်တဲ့ သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။

မိသားစု တစ်ခု တိုးတက်ဖို့ မိဘကအစ အဲဒီ မိသားစုဝင်တွေ အားလုံးမှာ တာဝနှ်ရှိတယ်။
ကုမ္ပဏီတစ်ခု တိုးတက်ဖို့ သူဌေးကအစ ၀န်ထမ်းအားလုံးမှာ တာဝန်ရှိတယ်။
အဲဒီလို အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံ အစိုးရက အစ ပြည်သူတွေ အားလုံး တစ်ဦးချင်းဆီမှာ တာဝန်ရှိတယ်။

ကျနော်တို့ ဘောလုံးကန်သလိုပေါ့။ ကျနော်တို့ ဘောလုံးအသင်းတသင်း ကစားတဲ့ ကစားသမား ၁၁ ယောက်လိုတယ်။ တယောက်ယောက် ထိခိုက်လျှင် ပင်ပမ်းလျှင် လူစားလဲဖို့ အရံကစားသမားတွေလည်း ထားရပါတယ်။

ဘောလုံးကန်တော့မယ်ဆိုရင် ကိုယ့်နေရာနဲ့ကိုယ် တာဝန်ယူပြီး အကောင်းဆုံးကစားကြရပါတယ်။
ဂိုးသမား ၊ နောက်တန်း ၊အလယ်တန်း ၊ ရှေ့တန်း  စသည် ဖြင့်ပေါ့လေ။

ဘောလုံးအသင်းတစ်သင်း အောင်မြင်ဖို့ ကစားသမားတယောက်ချင်းစီမှာ တာဝန်ရှိတယ်။
ဂိုး သမားကလဲ ဂိုးသမား တာဝန် ကျေရပါမယ်။ ဂိုးသမားမကောင်းရင်လဲ အသင်းသားတွေ သွင်းသမျှဂိုးတွေက အိတ်ပေါက်နဲ့ ဖားကောက်ရသလို အလကားဖြစ်ပါတယ်။

နောက်တန်းမကောင်းပြန်တော့ ဘောလုံးက အလယ်မရောက်သလို ဂိုးသမားခင်မျှာလဲ မသက်သာရှာပါဘူး။ ရှေ့တန်းက တိုက်စစ်မှူးတွေ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်တာပါပဲ။

အလယ်တန်း မကောင်းကောင်းတော့ နောက်တန်းသမား မသက်သာသလို ဘောလုံးရှေ့ မရောက်တော့ ရှေ့တန်းသမားတွေ ဂိုးသွင်းခွင့် မရနိုင်ပါဘူး။ ခါးပြတ်နေတဲ့ အတွက် ကစားကွက် ကောင်းကောင်းမဖန်တီးနိုင်သလို တသင်းလုံး ဇကောထဲ ဇီးဖြူသီးလှိမ့်သလို့ ဖရိုဖရဲ ဖြစ်ရတာပေါ့ဗျာ။

ရှေ့တန်းသမားတွေ မကောင်းတော့ နောက်တန်းနဲ့ အလယ်တန်းက ကစားသမားတွေ ကြိုးစားမျှ အဟောသိကံ ဖြစ်ကုန်ကြပါရော။ ဘယ်လောက်ကစားကွက်လှလှ တိုက်စစ်စွမ်းရည်မရှိတော့ ဂိုးမရနိုင်တာကြောင့် သင်္ကြန်အမြောက်နဲ့ ပစ်ရသလို အသံသာရှိ အဆံမရှိဆိုသလို ဖြစ်နေတတ်ပါတယ်။

အဲဒီတော့ အားလုံးဟာ သူ့နေရာနဲ့သူ တာဝန်ကျေဖို့လိုပါတယ်။ ကစားသမားတိုင်းဟာ နေရာတိုင်းမှာ မတော်နိုင်ပါဘူး ။ သူနေရာနဲ့သူ တော်တဲ့ လူတွေရှိပါတယ်။ အဲဒါကို လူမှန်နေရာမှန်လဲ ရွေးတတ်ဖို့လဲ လိုပါတယ် ။ ရှေ့တန်းကန်တတ်တဲ့ကစားသမားကို နောက်တန်းမှာ ကန်ခိုင်းသလိုမျိုး ဂိုးသမားကို ရှေ့တန်းတက် ကန်ခိုင်းသလိုမျိုး ပေါက်ကရ လုပ်လို့မရပါဘူး ။

 ပြီးတော့ မှန်ကန်တဲ့ ကစားနည်း စနစ်လည်း လိုပါတယ်။
ကစားသမားတိုင်းကလဲ ရေစာမခိုဘဲ ရေကုန်ရေခမ်း ကြိုးစားကြဖို့ လိုပါသေးတယ်။
တစ်ဦးကိုတစ်ဦး ယုံကြည်မှုအပြည့်၊ နားလည်မှုအပြည့်နဲ့ အပေးအယူမျှနေဖို့လိုပါတယ်။
အားလုံးဟာ ကိုယ်ကျရာနေရာမှာ တာဝန်ကျေအောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
ဒါမှသာ အောင်မြင်တဲ့ ဘောလုံးအသင်းတသင်း ဖြစ်မှာပါ။

နိုင်ငံတစ်နိုင်ငံမှာလဲ အဲဒီလိုပါပဲ။ အစိုးရ ၊ အစိုးရ၀န်ထမ်း ၊ ပြည်သူ အားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးပါတယ် ။ လူတိုင်းဟာ နေရာတိုင်းမှာ တော့ မတော်နိုင်ပါဘူး ။
စစ်သားက စစ်ရေးမှာ ကျွမ်းကျင်ပါတယ် ၊ နိုင်ငံရေးသမားက နိုင်ငံရေးမှာ ကျွမ်းကျင်ပါတယ် ၊ ပညာတတ်တွေက ပညာရေးမှာ တော်ပါတယ် ၊ ၀န်ထမ်းတွေကို တိုင်းပြည်စီမံခန့်ခွဲရေးမှာ တော်ပါတယ် ၊ စီးပွားရေးပညာ ရှင်တွေ စီးပွားရေး ပညာရပ်တွေမှာ တော်ပါတယ် ၊ ဘုန်းတော်ကြီးတွေက သာသနာရေးဘက်မှာ တော်ပါတယ် ၊ ဆရာဝန်တွေက ဆေးပညာမှာ တော်ပါတယ်၊ အင်ဂျင်နီယာတွေက နိုင်ငံတည်ဆောက်ရေးမှာ တော်ပါတယ်၊ ဥပဒေပညာရှင်တွေက ဥပဒေပြုရေးမှာ တော်ပါတယ် အစရှိသဖြင့်ပေါ့လေ လူတိုင်းဟာ သူ့နေရာနဲ့သူ တော်ကြပါတယ်။

ဒီလူတွေဟာ တိုင်းပြည်တပြည်တိုးတက် ရေးအတွက် ကိုယ်တော်တဲ့ အနေရာက နေ အစွမ်းကုန်ကြိုးစားကြရပါမယ်။
ပြည်သူလူထုကလဲ ကြိုးစားရပါမယ် ၊ စိတ်ဓာတ်ကောင်းရပါမယ် ၊ စည်းကမ်းရှိရပါမယ်၊ ပညာမြင့်ရပါမယ်။
ဘောလုံး အသင်းတသင်းရဲ့ ဂိုးသမား၊ ရှေ့တန်း နောက်တန်း၊ အလယ်တန်း နေရာမှန်မှန်မှန်နဲ့ ကြိုးစားရမလို နိုင်ငံတနိုင်ငံရဲ့ အစိုးရ၊အစိုးရ၀န်းထမ်း ၊ ပညာရှင်တွေနဲ့ ပြည်သူတွေကလဲ ကိုယ်အတော်ဆုံးနေရာ ကိုကျရာနေရာကနေ လူမှန်နေရာမှန်နဲ့ ကြိုးစားကြိဖို့လိုပါတယ်။

ကာကွယ်ရေးကို ကျွမ်းကျင်သူတွေက ကာကွယ်ရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်၊ စစ်လက်နက်တွေ ထုပ်လုပ်နိုင်အောင် ကြိုးစားရမယ်၊ စစ်ဗျူဟာတွေ တိုက်ခိုက်ရေးစွမ်းရည်တွေ မြင့်မားအာင် လုပ်ရပါမယ်။
ပညာရေးကို ကျွမ်းကျင်သူတွေက ပညာရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်၊ ပညာရေးကိုကမ္ဘာ့အဆင့်မှီအောင် လုပ်ရပါမယ်။

စီးပွားရေး ပညာကို ကျွမ်းကျင်သူတွေက နိုင်ငံစီးပွားရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ရမယ်။
ကျန်းမာရေးကို ကျွမ်းကျင်သူတွေက နိုင်ငံကျန်းမာရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်။
ဥပဒေပညာ  ကျွမ်းကျင်သူတွေက တရားဥပဒေ စိုးမိုးအောင် ဥပဒေကို တိုးတက်ကောင်းမွန်အောင် လုပ်ရမယ်။

အစရှိသဖြင့် လူမှန်နေရာမှန် တာဝန်ယူပြီး စနစ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်း၊ လုံ့လအပြည့်နဲ့ ကြိုးစားကြမှသာ နိင်ငံတစ်နိုင်ငံဟာ အမြန်တိုးတက်မှာပါ။

ဒီလိုမှ မဟုတ်ဘဲ ဂိုးသမားက ရှေ့တန်းတက်ကန်၊ နောက်တန်းက အလယ်မှာကစား၊ ရှေ့တန်းက နောက်မှာနေ ပရိတ်သတ်က ဆိုလိုက်ဆဲလိုက် ဟားလိုက် လုပ်နေလို့ကတော့ အောင်မြင်မှုတွေနဲ့ ဝေးနေကြဦးမှာပါပဲ။

အရေးကြီးတာက ကိုယ်မကျွမ်းကျင်တဲ့ နေရာကို ၀င်ပြီး ဆရာကြီးမလုပ်ဘဲ ကိုယ်ကျွမ်းကျင်တဲ့ နေရာကနေ အကောင်းဆုံး ကစားကြဖို့ပါပဲ။

အဲဒီလိုပဲ ကျနော်တို့နိုင်ငံလဲ လူမှန်နေရာမှန်တွေကို တာဝန်ပေးပြီး နားလည်မှုအပြည့် နဲ့ အပေးအယူမျှစွာ
ကိုယ်အကျွမ်းကျင်ဆုံးနေရာကနေ အရိုးသားဆုံး အကောင်းဆုံးတာဝန်ကျေကြမယ်ဆိုရင်၊ ပညာရေးကောင်းကောင်း ၊ စိတ်ဓာတ်ကောင်းကောင်း၊ ဥပဒေကောင်းကောင်းနဲ့ တယောက်ချင်းစီက ကြိုးစားကြမယ်၊တာဝန်ကျေကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်လဲ အောင်မြင်တဲ့ တိုင်းပြည်တစ်ခု မနှေးဧကန်အမြန်ဖြစ်မည်မှာ မလွယ်ပါလို့ ဘောလုံးသမားတယောက် အမြင်နဲ့ သုံးသပ်လိုက်ရပါတယ်ခင်ဗျား။

 ပြည်သူကောင်းကျိုး တိုင်းပြည်ကောင်းကျိုးအတွက် နိုင်ငံသား တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်ဆိုတာ အထူးသတိပေးလိုက်ပါတယ်။ သူများကိုချည်း လက်ညှိုးထိုးမနေကြဖို့ ကိုယ်ကိုယ်တိုင်လဲ တာဝန်ကျေဖို့လိုပါတယ်။ နိုင်ငံသားတိုင်း ကောင်းမှ တိုင်းပြည်ကောင်းမှာပါ။

အမှားများပါပါက ကျနော့်ရဲ့ မပြည့်ဝမှုများ ကျနော်ရဲ့ ခံစားချက်များသာ ဖြစ်ပါသည်ခင်ဗျား။

လင်းဝေ








ပိုကြောက်ဖို့ကောင်းတယ်.

လောကကြီးမှာ ကိုယ့်ကိုယ်ကို ရိုးသားတယ်လို့ပြောနေတဲ့သူတွေကို မယုံနဲ့ အေး...အဲလိုပြောနေတဲ့သူတွေထဲမှာ ကျုပ်လဲပါတယ်..အဲ ဒါပေမယ့်....ဘာမှမပြောတဲ့သူတွေက ပိုကြောက်ဖို့ကောင်းတယ်.....

မိန်းမနိုင်နည်း



မိန်းမဆိုတာ
ဒီလို ဗြစ်ဗြစ်မြည်အောင်
ကိုင်ထားနိုင်မှ တော်ယုံကြမယ်

ဟဲ့ကောင်မ အခုချက်ချင်းထ
ငါမပြောချင်လို့ ကြည့်နေတာ
ဘယ်အချိန်ရှိပြီလည်း
ကုလားသေကုလားမောအိပ်နေလိုက်တာ
စောစောစီးစီး ဈေးသွားပြီး
ဟင်းချက်စရာ ၀ယ်ခါနီး ဒေါသမဖြစ်ချင်ဘူး
နင်တိုက်မဲ့ သွားတိုက်တံမှာ သွားတိုက်ဆေး
ညှစ်ထည့်ထားပြီးသား ပြီးမှ မျက်နှာသစ်
မသာမ တခါတည်းမှာထားမယ်
ထမင်းကြော်ပြီးသား စားပွဲပေါ်မှာ
ပန်းကန်ထဲ ခပ်ထားပြီးသားယူစား
ပြီးမှ ဖျော်ထားပြီးသား ကော်ဖီသောက်
ပြန်လာလို့တခုမှ ပြီးမထားရင် ငါ့အဆိုးမဆိုနဲ့

ဈေးအပြန်
ဒီသေနာမ ငါရိုက်ရင် ပတ်ဝန်းကျင်က
ငါ့အပြစ်ပြောဦးမယ်
ငါသွေးပြီးသား သနပ်ခါး လိမ်းမထားဘူး
နင်တော့ ငါ့ လက်နဲ့ မိတော့မယ်
ဈေးပြန်လာ မောရတဲ့အထဲ
မီးဖိုချောင်ထဲ ငါ ထမင်းဟင်းချက်နေတာ
ဝင်ရှုပ်လို့ကတော့ အသေဘဲ
ကိုယ်ဟာကိုယ် ဧည့်ခန်းထဲ
ကိုရီးယား ဇာတ်လမ်းတွဲ အေးအေးကြည့်
စောက်ပြသနာ မရှာနဲ့

ခက်တာဘဲဗျာ ကျုပ်က မိန်းမကို
အဲဒီလို နိုင်တာကို လူတွေက
ဝိုင်းကဲ့ရဲ့ကြတယ် ကိုယ်ချစ်လို့
ယူထားတဲ့ မိန်းမ ဒီလိုမနိုင်စားသင့်ဘူးတဲ့
မခက်ဘူးလားဗျာ.....

လူပျိုကြီး အပျိုကြီးဘဝ

လူပျိုကြီး အပျိုကြီးဘ၀တွင် စွဲလန်းကာ မကျွတ်မလွတ်ကြသေးသော သူငယ်ချင်း လူပျိုကြီး အပျိုကြီးများအတွက် လက်ဆောင်....

“ဥုံ

မြာမြာရှန် မြာမြာရှန်

မရွဲ့နေး မရွဲ့နေး

တူတာရွေ့ တူတာရွေ့

နစ်နှောက် သတွတ်ကျင်း

အမြီးကျွတ်စေသတန်..”

အထက်ပါ မန္တာန်ကို မနက်ကိုးခေါက် ညမအိပ်မီ ကိုးခေါက် မကျွတ်မချင်း ရွတ်ပါလေ...
နောက်နှစ်သီတင်းကျွတ် တကယ်ကျွတ်ပေလိမ့်.....

စေတနာ ဗရပွဖြင့်

မောင်အူဝဲ

“ မှန်ကန်တဲ့ ရွေးချယ်မှု ”



လူတစ်ယောက်မှာ ပညာတတ်ဖို့အရေးကြီးသလို အကြောင်းအမျိုးမျိုးကြောင့် ပညာဆိုတဲ့အရာကို မပိုင်ဆိုင်ကြပေမယ့်လည်း ၀ီရိယဆိုတဲ့ အချက်ကလေးကိုတော့ အတတ်နိုင်ဆုံး လက်ကိုင်ထားပြီး အကောင်းဆုံးကြိုးစားရင်တော့ တစ်နေ့မှာ အောင်မြင်လာမှာပါ။

ကိုယ့်ရဲ့ဘ၀ကို နေပူ၊ မိုးရွာ ရုန်းကန်လှုပ်ရှားနေရရင်လည်း စိတ်ဓာတ်မကျစေချင်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုအကြောင်းအမျိုးမျိုးပဲ ကြုံ ကြုံ နောက်မဆုတ်ပါနဲ့။ ဒီနေရာကနေ ငါရှေ့ကို ဘယ်လိုတက်လှမ်းမယ်၊ ဘယ်လို ရှေ့ဆက်သွားမယ်ဆိုတာကို တွေးထားပါ။

ကိုယ်မှန်ကန်မယ်ထင်လို့ ရွေးချယ်တဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ နောက်မဆုတ်ပါနဲ့။ ဘယ်အရာမဆို လွယ်လွယ်နဲ့အရှုံးပေးတာ မကောင်းပါဘူး။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားကြည့်ပါ။ တစ်ခုတော့ ရှိတယ်။ ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတော့ ဖြစ်ပါစေ။

(ဘ၀ပြဌာန်းချက်များမှ)

စကားလုံးမလိုဘူး



အမေများနေ့ဆိုမှ
အလန့်တကြားထပြီး
သတိရတတ်တဲ့
အချစ်မျိုးနဲ့
အမေ့ကို
ဖေ့စ်ဘုတ်ပေါ်ကနေပဲ
ပေါ့ပေါ့လေးချစ်တဲ့အထဲ
သားမပါချင်ဘူး
အမေ

အမေ့ဆီ
လစဉ်ဖုန်းမှန်မှန်ဆက်ပြီး
အမေစိတ်ချမ်းသာအောင်နေ
အမေ
ကုသိုလ်တွေ
စိတ်အေးလက်အေး
လုပ်နိုင်ဖို့
အမေ့ကို
လုပ်ကျွေးနေတာကိုက
စကားလုံးမလိုတဲ့
အမေကိုချစ်သော
သားရဲ့
အချစ်ပါပဲ
အမေ

လင်းဝေ

He said that...



My new generation must be more clever than me as dutiful persons...

My new generation must be more clever than me in education...

My new generation must be more clever than me in displine ...

My new generation must be more clever than me in morality...

My new generation must be more clever than me in spirit ....

My new generation must be more clever than me in honesty ...

My new generation must be more clever than me in everything....

Who is he?

He is our grandfather Bo Joke Aung San....

Linn wai

သူငယ်ချင်းအတုများ...



တချို့ သူငယ်ချင်းတွေက
သူတို့ အဆင်မပြေချိန်မှာ
အကူညီတောင်းဖို့
ကိုယ့်အနား
အပြေးရောက်လာတတ်ကြပြီး...
သူတို့ အဆင်ပြေချိန်မှာ
က်ုယ့်ကိုရော
ကိုယ့်ရဲ့ကျေးဇူးတရားကိုပါ
မေ့သွားတတ်ကြတယ်...။

တချို့ သူငယ်ချင်းတွေက
ကိုယ် အဆင်ပြေချိန်မှာ
ကိုယ့်ကို
တရင်းတနှီး ဆက်ဆံတတ်ကြပြီး
ကိုယ် အဆင်မပြေချိန်မှာ
ကိုယ့်ကို
မသိသလို ဆက်ဆံတတ်ကြတယ်...။

သူငယ်ချင်းကောင်းဆိုတာ
သူက ကိုယ့်ကို ဘာလုပ်ပေးမလဲ မတွေးဘူး
ကိုယ်က သူတို့ကို ဘာလုပ်ပေးနိုင်မလဲပဲ တွေးတယ်...။

ဘာပဲဖြစ်ဖြစ် ကိုယ်က သူငယ်ချင်းကောင်းတယာက် ဖြစ်အောင် နေရမယ်...

ကိုယ့်ရဲ့ သူငယ်ချင်းကောင်း စိတ်ဓာတ်ကို
မပျက်စီးပါစေနဲ့
မိမိသာလျှင် မိမိတန်ဖိုး ဖြစ်တယ်...

Linn Wai

သူတို့လို မဖြစ်စေနဲ့


သူရဲပေါကြောင်တဲ့
ပညာမဲ့တဲ့
တာဝန်မဲ့တဲ့
စည်းကမ်းမဲ့တဲ့
သတ္တိနည်းတဲ့
ဇွဲမရှိတဲ့
ငါတို့ရှေ့က
လူကြီးတွေကြောင့်
ငါတို့လူငယ်တွေ
အောက်ကျ
နောက်ကျ
ဖြစ်ခဲ့ရပြီးပြီ...

ငါတို့ခေတ်မှာ
ငါတို့လူငယ်တွေ
ငါတို့ရှေ့က
လူကြီးတွေလို

သူရဲပေါ မကြောင်ဖို့
ပညာ မမဲ့ဖို့
တာဝန် မမဲ့ဖို့
စည်းကမ်း မမဲ့ဖို့
သတ္တိ မမဲ့ဖို့
ဇွဲရှိကြဖို့
လိုတယ်....

ငါတို့ခေတ်က
ငါတို့ကိုယ်တိုင်
ဖန်တီးရမယ့်ခေတ်...

ငါတို့ရဲ့
မျိုးဆက်သစ်တွေ
ငါတို့လို
အောက်ကျ
နောက်ကျ
မဖြစ်ဖို့

ငါတို့ခေတ်ကို
ငါတို့
အကောင်းဆုံး
ထားရစ်ခဲ့ရမယ်...

လင်းဝေ (မုံရွာနည်းပညာ)

ဖြတ်သန်းမှု

သေနေတဲ့ ဖဲကို
ပွတ်ပွတ် ဆွဲနေရသလိုမျိုး
တခါတခါကျတော့
ကံတရားဆိုတဲ့ အရာကလဲ
ကျဲတိကျဲသောက်ပါပဲ

ဒီလိုနဲ့
လောကဓံ နွေခေါင်ခေါင်မှာ
ငါ့ အိပ်မက်တွေတောင်
ခြောက်လုခြောက်ခင်

ဘာပဲဖြစ်ဖြစ်
အရာရာ
ရင်ဆိုင်မယ်ဆိုတဲ့
စိတ်တစ်ခုနဲ့ပဲ

ငါ့အိပ်မက်တွေကို
ငါ
တိတ်တိတ်လေး
သိမ်းထားဖြစ်တယ်

အချစ်ရယ်

ဘ၀ဆိုတာ

နေပျော်အောင်နေပြီး
ပေါ့ပေါ့ပါးပါး
ဖြတ်သန်းပစ်လိုက်ဖို့
မဟုတ်လားကွယ်...

လင်းဝေ