Monday, April 8, 2013

နှစ်သစ်မှာ....



နှစ်သစ်မှာ

ကချင်ပြည်နယ်က

စစ်ပွဲတွေ

မမြင်ချင်ဘူး..

နှစ်သစ်မှာ

ရခိုင်ပြည်နယ်က

ရက်စက်မှုတွေ

မမြင်ချင်ဘူး

နှစ်သစ်မှာ

ကရင်ပြည်နယ်က

တိုက်ပွဲခေါ်သံ

မကြားချင်ဘူး...

နှစ်သစ်မှာ

လက်ပန်းတောင်းတောင်က

ငိုကြွေးသံ

မကြားချင်ဘူး..

နှစ်သစ်မှာ

ရှမ်းပြည်နယ်က

သေနပ်ပစ်သံ

မကြားချင်ဘူး.....

နှစ်သစ်မှာ

မိထ္ထီလာက

အဖြစ်ဆိုးမျိုးတွေ

မကြားချင်ဘူး...။

နှစ်သစ်မှာ

အစုတ်ကတစ်ရာ

အဖာက ဗရပွ

ရေသည်မ

မျက်နှာလေးလောက်တောင်မှ

မလှနိုင်ရှာတော့တဲ့

ငါတို့တိုင်းပြည်ငယ်ငယ်လေး

ဘေးရန်တွေခနေတာ

မမြင်ချင်ဘူး...

နှစ်သစ်မှာ

အိပ်မက်ဆိုးကနေ

ငါတို့

နိုးထလိုက်ရအောင်....။

နှစ်သစ်ဟာ

ရိုးသားမှုနဲ့

ဖန်တီးထားတဲ့

ချစ်ခြင်းတရား ဖြစ်ပါစေ...။

နှစ်သစ်ဟာ

ကရုဏာတရားနဲ့

ခင်းကျင်းထားတဲ့

ပန်းတခင်းဖြစ်ပါစေ...။

နှစ်သစ်ဟာ

သစ္စာတရားနဲ့

လက်တောက်နေမယ့်

ပိတောက်တစ်ခက် ဖြစ်ပါစေ

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment