Friday, March 15, 2013
..ဆန်ရေ မြစ်တစ်စင်း...
မေမေရယ်...
သူများတွေ ပြောပြောနေတဲ့
“ငွေတွင်းနက်တယ်” ဆိုတဲ့စကား
မယုံလွန်းလို့
သားကိုယ်တိုင် ခုန်ဆင်းကြည့်တာ
...အခုတော့.. သားလေ....
မေမေရှိတဲ့အရပ် ပြန်မတက်နိုင်ခဲ့တာ
နွေ...မိုး...ဆောင်း...
ငါးခုတောင် ပြောင်းသွားပြီ...မေမေ...။
အနှစ်သုံးဆယ်လုံးလုံး
မိသားစုကို လုပ်ကျွေးခဲ့တဲ့
ဖေဖေတစ်ယောက်
ပုခုံးမှာ ဘယ်လောက်အသားမာတွေတက်လို့...
ခြေဖ၀ါးတွေ ဘယ်လောက်များ ကွဲနေရှာမလဲ..?
ကိုယ်တိုင် ချွေးနဲ့ရင်းရမှ..
ကိုယ်တိုင် သွေးနဲ့ခင်းရမှ..
မိဘရဲ့ မေတ္တာ...
မိဘရဲ့ ပေးဆပ်မှုဆိုတာ...တွေကို
သားနှလုံးသားက
ဆတ်ဆတ်ခါအောင်
ခံစားမိရပါတယ်...မေမေ...။
မေမေ့သားလေ
ပုခုံးသားတွေ အသားမာတက်မတတ်
ဘ၀ကို ကြုံးရုန်း လှော်ခတ်ရင်း
မိုးထဲရေထဲမှာ
ခြေဖ၀ါးတွေတောင် အက်ကွဲနေပြီ မေမေ...။
သား ချွေးနဲ့ရင်းသမျှ မိဘကိုကျွေးမွေးဖို့...
သား သွေးနဲ့ခင်းသမျှ မိဘကိုပေးဆပ်ဖို့...ဆိုပြီး...
သား...အားလုံးကို ကျေနပ်လိုက်တယ် မေမေ....။
ဘယ်မြစ်တွေ ဘယ်လိုစုန်စုန်
အရှိန်အဟုန်နဲ့စီးဆင်း
သားကတော့
ဆန်ရေ မြစ်တစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်..။
ငွေတွင်းဘယ်လောက်နက်စမ်းပါစေ
မိဘကို ချစ်တဲ့စိတ်နဲ့
ရေခြားမြေခြားမှာ
သားစိတ်တွေ တင်းထားပါတယ်...
မေမေ....။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment