တာဝန်သိတဲ့သူမှာ တာဝန်ရှိတယ်
တာဝန်ကိုယူရဲတာက သတ္တိ
တာဝန်ကိုကြေပွန်အောင် ထမ်းဆောင်နိုင်တာက စွမ်းရည်..
အကိုတစ်ယောက်ပြောပြောနေတဲ့ စကားလေး ကြိုက်လွန်းလို့ရင်ထဲစွဲနေမိတဲ့ စကားလေးတခွန်းပါ။
လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးဆိုတဲ့ တာဝန်သုံးခုကတော့ မွေးရာပါတာဝန်အဖြစ်ပါလာခဲ့ ကြတာပါ။ဒီတာဝန်လေးလောက်ပဲ ကြေတယ်ဆိုရုံနဲ့ သေဆုံးသွားကြမယ်ဆိုရင် ကျနော်တို့ ဒီလောကကြီးမှာ လူလာဖြစ်ရတာ အမြတ်မရှိဘူးလို့ပြောချင်ပါတယ်။
မိမိရဲ့ ကိုယ်ကိုနဲ့ မိမိ မိသားစု လေး အပြင်ဘက်က ဒုက္ခရောက်နေတဲ့ တခြားသူတွေအတွက် ဘာတွေပေးဆပ်ပြီးပြီလဲ။
လူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးကြရမှာပါ။
ကိုယ်လုပ်ခဲ့တဲ့ ကိုယ်၊နှုတ်၊စိတ် သုံးပါးသာလျှင် သံသရာအတွက် သမိုင်းအတွက် ကျန်ခဲ့နိုင်မှာပါ။
အဲဒီတော့ မိမိရှင်သန်နေရတဲ့ အချိန်လေးအတွင်းမှာ လောကအကျိုး ၊အများကောင်းကျိုးအတွက်
တတ်နိုင်သမျှပေးဆပ် ရင်း မြင့်မြတ်တဲ့ သမိုင်းမှတ်တိုင်လေးတွေ စိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်၊။
အများကြီးမဟုတ်ပါဘူး မိမိပိုင်ဆိုင်တဲ့ အချိန်၊ငွေ၊ကာယထဲက ရာခိုင်နှုန်းနဲနဲလေးပဲဖြစ်ဖြစ်ပေါ့။
ငါဒီလောက်ကလေး လုပ်ပေးလိုက်ရုံနဲ့ ဘာမှဖြစ်မလာနိုင်ပါဘူးကွာ ဆိုပြီး တွေးမိလိမ့်မယ်။
မဟုတ်ပါဘူး သေးသေးလေး ဆိုပေမယ့် မိမိပြုလုပ်လိုက်တဲ့ ကောင်းမှုတခုဟာ မိမိအတွက်ရော တပါးသူအတွက်ပါ အုတ်တချပ်သဲတပွင့် အဖြစ် တန်ဖိုးရှိသွားမှာပါ။
အုတ်တချပ်သဲတပွင့်နဲ့ဘာမှဖြစ်မလာနိုင်ပေမယ့် အဲဒီတချပ်ချင်းတပွင့်ချင်းအများကြီး စုလိုက်တဲ့အခါ ဒါဟာ ဘုရားစေတီတစ်ဆူဆိုလဲ ဖြစ်တယ်၊
တိုက်တာအဆောက်အအုံ လမ်းတံတားဆိုလဲ ဖြစ်လာမှာပါပဲ။
ဖတ်ဖူးတဲ့ စာကလေးတပုဒ်ကို သတိရမိတယ်။
တခါက ပင်လယ် ကမ်းခြေတခုမှာ ကြယ်ငါးလေးတွေဟာ သောင်တင်ပြီး သေဆုံးကြရတယ်။လူငယ်လေးတယောက်ဟာ ကမ်းခြေမှာ လျှောက်သွားရင်း ကြယ်ငါးလေးတွေကို ပင်လယ်ထဲပစ်ချနေတယ်။အဲဒါကို လူတစ်ယောက်က မြင်တော့ 'ကမ်းခြေမှာ ကြယ်ငါးတွေကအများကြီး မင်းက ဘယ်လောက်ကယ်နိုင်မှာမို့လဲ' လို့ မေးလိုက်တယ်။
အဲဒီတော့ လူငယ်လေးက 'တခြားကြယ်ငါးလေးတွေအတွက်မထူးခြားပေမယ့် ကျနော့်ကယ်တင် လိုက်တဲ့ ကြယ်ငါးလေးဘ၀အတွက်တော့ ရှင်သန်ခွင့်ရသွားတာပေါ့' လို့ပြန်ဖြေလိုက်တယ်။
အဲဒီလိုပဲ ကျနော်တို့ စဉ်းစားကြည့်ကြရအောင်။
အခန်းကျယ်ကြီးတခုထဲမှာ အမှောင်တိကျနေတယ်၊အဲဒီအခန်းကြီးထဲမှာ ကလေးငယ်တွေ အလင်းရောင်ငတ်နေကြတယ်။
ကျနော်တို့ဘာလုပ်ပေးမလဲ။ကျနော်တို့ဖယောင်းတိုင်ကလေးတစ်တိုင် ထွန်းပေးနိုင်မလား။
ဒီဖယောင်းတိုင်တတိုင်ထဲနဲ့တော့ ဒီအခန်းကျယ်ကြီးကို အကုန်မလင်းစေနိုင်ပါဘူး။
ဒါပေမယ့် ကျနော်တို့ထွန်းလိုက်တဲ့ ဖယောာင်းတိုင်လေးဘေးက ကလေးတွေအတွက်တော့ လင်းလက်စေနိုင်ပါတယ်။ကျနော်တို့တတွေ အတူတူ ပေါင်းပြီး ဖယောင်းတိုင်လေးတွေအများကြီး ၀ိုင်းပီး ထွန်းညှိပေးနိုင်မယ်ဆို အဲဒီအခန်းကျယ်ကြီးဟာ လင်းထိန်လှပပြီး ကျက်သရေရှိသွားမယ်။
ကလေးငယ်တွေလဲ အလင်းရောင်ကိုခံစားရမယ်ပေါ့့။
ကျနော်တို့မိသားစုလေးဟာလဲ
အဲဒီကြယ်ငါးလေးတွေကို ကယ်တင်နေတဲ့လူငယ်လေးလို
အမှောင်တိကျ ကလေးငယ်တို့အတွက် အလင်းရောင်ကို ထွန်းညှိပေးမယ့် လူသားတွေအဖြစ်
တာဝန်သိသော၊တာဝန်ကိုယူရဲသော၊ တာဝန်ကိုကြေပွန်အောင် ထမ်းဆောင်နိုင်သော
မြင့်မြတ်သောသားကောင်းများအဖြစ် ထာဝရရှင်သန်နိုင်ကြပါစေ။
အားလုံး အေးချမ်းသာယာကြပါစေ
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment