Friday, December 17, 2010

ဆည်းဆာ တမ်းချင်း

အလင်းတွေနဲ့
လဲ့ပြာစိုစွတ်နေတဲ့
မြတ်နိုးဖွယ်ရာ
ညနေခင်းဟာ
မိုးကုတ်စက်ဝိုင်းတလျှောက်
ကွေးညွတ်လို့
ကဗျာဆရာရဲ့
နူးညံ့ရှတတဲ့
ရင်ခုန်သံနဲ့အတူ
ချစ်ခင်ဖွယ်
ဆည်းဆာဟာ
သာသာယာယာ
တေးသီနေပါတယ်....

လောကကြီးထဲက
အမှတ်တမဲ့
အလှတရားတွေကို
ကဗျာဆရာရဲ့
နှလုံးသားက
ငတ်မွတ်စွာ
စားသုံးနေရဲ့..

အိမ်ပြန်နောက်ကျတဲ့
ငှက်တေလေတွေရဲ့
အတောင်ပံခတ်သံ
ဦးတည်ရာမဲ့နေတဲ့
လမ်းပျော် တိမ်တိုက်တွေရဲ့
ဟားတိုက် ရယ်မောသံတွေကို
နားစွင့်....

`လရထား´ဟာ
ကောင်းကင်ကို
ထွန်းညှိဖို့
လာခဲ့ပြီ..

ငါ..ဟာ...
လောကရဲ့
အိပ်မွေ့ချခံထားရတဲ့
လူသားတစ်ယောက်များလား...


သော့ခတ်ထားတဲ့
တံခါးချပ်တွေလို
ငါ့မျက်လုံးတွေကို
စေ့စေ့စပ်စပ်
မှိတ်ထားလိုက်တယ်....

အဲဒီ ခဏမှာ
ငါ့ရဲ့ ဝေ့ရီနေတဲ့
အာရုံထဲ
အတိတ်တွေ..
အဖြစ်အပျက်တွေ..
တစ်ရွက်ပြီးတစ်ရွက်..
ပွင့်ဝေလာကြရဲ့...

ဥသြသံသဲ့သဲ့နဲ့
ရွက်ဟောင်းတွေ
ကြွေနေတဲ့ `နွေ´
ကြာညိုနံ့ တသင်းသင်းနဲ့
လယ်ကွင်းတွေ
ရေဖွေးနေတဲ့ `မိုး´
နှင်းတွေ တဖွဲဖွဲနဲ့
သဇင်တွေ
ပွင့်ဝေနေတဲ့ `ဆောင်း´
မိုးကုတ်စက်ဝိုင်းကြီးအောက်က
ငြိမ်သက်အေးချမ်းတဲ့
ရွာကလေး..

ကျောင်းတော်က
ခေါင်းလောင်းသံလွင်လွင်
နှလုံးသားမှာ
အရိပ်ထင်နေတဲ့
ငယ်ဘ၀ရဲ့
ပုံပြင်တွေ
အိပ်ယာဝင်တိုင်း
လွမ်းနေမိဆဲပါ
အမေ......

လင်းဝေ

No comments:

Post a Comment