Saturday, December 11, 2010

နောက်ကြောင်း

လူတကာ
တက်နင်းခံထားရလို့
အရေထူနေတဲ့
လမ်းမကြီး....
ခရီးဆုံးအရောက်
ဦးတည် ပြေးလွှားနေတဲ့
မော်တော်ယာဉ်များ...
သတိအနေအထားနဲ့
စန့်စန့်ကြီး
ရပ်နေကြတဲ့
သစ်ပင်အိုတွေ...
သေဆုံးကြွေလွင့်ဖို့
အသင့်စောင့်ဆိုင်းနေကြတဲ့
ခတ်ဆွေးဆွေး
သစ်ရွက်တချို့....
တစ်စုံတစ်ဦးအတွက်
ခတ်ဖွဖွ ခုန်လှိုက်နေတဲ့
တိုးတိုးသသ ရင်ခုန်သံ..
အရာရာဟာ
ညနဲ့အတူ
အေးရှတိတ်ဆိတ်နေရဲ့...
ကြိတ်မှိတ် မျိုချထားတဲ့
အိပ်မက် အသေတွေ
ရင်ဘတ်နဲ့
မဆန့်အောင်ပါပဲ..
ငါ့ပခုံးပေါ်က
မနက်ဖြန်ပေါင်းများစွာက
လေးလံလွန်းတယ်
သွားပါများခရီး
ရောက်ခဲ့တဲ့
ငါ့ခြေထောက်တွေကလဲ
တဆစ်ဆစ် ကိုက်ခဲနေပြီ...
တကယ်ဆို
ငါလဲ
မမိုက်ချင်ပါဘူးကွယ်..
ဒါပေမယ့်
လောကကြီးကိုက
အတိုက်အခိုက်တွေ
များလွန်းတာပါ
ငါ့လို လူမိုက်ကလေး
တစ်ယောက်အတွက်
ဒီလမ်းဟာ
ထောင်ချောက်တွေ
အပြည့်ပါပဲ...
ငါက
အမှောင်ထဲ
အလင်းကို
ထွန်းညှိဖို့
မေ့ချင်ယောင်ဆောင်ရင်းပေါ့...
ငါက
ဘ၀ဆိုတဲ့
စာမေးပွဲကြီးမှာ
ကွက်လပ်တွေ
ခတ်များများနဲ့
ဘဲဥမကွဲခဲ့တဲ့
အပျင်းဆုံး
အဖျင်းဆုံး
ကျောင်းသားတစ်ယောက်ပါ...
လမ်းတလျှောက်လုံး
အကျအပေါက်
အများကြီးနဲ့
ဖရိုဖရဲ
ဖြတ်သန်းခဲ့တဲ့ကောင်ပေါ့
ခဏခဏ
ချချနင်းခဲ့ရတဲ့
ဘ၀နဲ့
အခါခါ
စွန်းထင်းခဲ့တဲ့
အရေခွံကို
ငါက
ရိုးရိုးသား
ခြုံထားမိခဲ့တာပါ..
မမိုက်ချင်တော့ဘူးကွယ်..
အဲဒီ
အစွန်းအထင်းများလွန်းခဲ့တဲ့
အရေခွံကို
တစ်စစီ..
တစ်စစီ..
ဆွဲချွတ်..
ကမ္ဘာကြီးပေါ်
အသစ်တစ်ဖန်
ရောက်ရှိလာခြင်းမျိုးနဲ့
ငါရင်ခုန်ပါရစေကွယ်...
ဒါပေမယ့်
ဒါပေမယ့်
ငါ့ရဲ့
ချစ်စရာကောင်းလွန်းတဲ့
အသစ်စက်စက်
မနက်ဖြန်တွေက
အိပ်ရေးမ၀ကြသေးဘူး.....။

သားထက် (မုံရွာ)

No comments:

Post a Comment