Friday, December 31, 2010

ငါဟာ....မင်းရဲ့....

ငါဟာ
မင်းရဲ့
ရယ်မောပျော်ရွှင်ခြင်းတွေ အတွက်
ဂန္တ၀င်မမြောက်တဲ့
အပေါစား ဟသတစ်ပုဒ်ပါ....။
ငါဟာ
မင်းရဲ့

အလိုမကျမှုတွေ အတွက်
အသုံးမ၀င်တဲ့
ခတ်စုတ်စုတ် အမှိုက်ပုံးတစ်ခုပါ...။
ငါဟာ
မင်းရဲ့
စိတ်ဖြေဖြောက်မှုတွေ အတွက်
ကာရံလွဲနေမယ့်
ခတ်ညံ့ညံ့ ကဗျာတစ်ပုဒ်ပါ....။
ငါဟာ
မင်းရဲ့
ငြိုငြင်မှုတွေ အတွက်
ရိုးအီနေတဲ့
အညတရ ပုံပြင်တစ်ပုဒ်ပါ....။
ငါဟာ
မင်းရဲ့
အမုန်းတွေအတွက်
အသွားမရှိတဲ့
ခတ်တုံးတုံး ဓားအသစ် တစ်လက်ပါ..။
ငါဟာ
မင်းရဲ့
ဝမ်းနည်းခြင်းတွေ အတွက်
အစွန်းအထင်းများလွန်းတဲ့
အပေါစား ပုဝါတစ်စပါ....။
ငါဟာ
မင်းရဲ့
ချစ်ခြင်းတွေအတွက်
မခူးဆွတ်ရသေးတဲ့
ရနံ့မဲ့ ပန်းသီးတစ်လုံးပါ...။
အချစ်ရယ်..
မင်းသိလား...
ခုချိန်များ
မင်း....ငါ့ကို..
မုန်းတယ်ဆိုပြီး
စွန့်ပစ်လိုက်ရင်
ငါ...
ဒီနေရာမှာပဲ...
လက်ပစ်ဗုံး တစ်လုံးလို
တစ်စစီ...
ပေါက်ကွဲ လွင့်စင်သွားနိင်တယ်......။

သားထက် (မုံရွာ)

Thursday, December 30, 2010

ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့

ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့

အမိမြေကနေ ခွဲခွါမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့
လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ
လူပြည်လို့ထင်တဲ့ လူတချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်

လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား…။



ကျွန်တော်ရဲ့ ပင်ကိုစိတ်က အေးအေးချမ်းချမ်းနဲ့

စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့
လောဘစိတ်တွေမရှိဘူး။ ဘ၀ကို အေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို
ကိုယ်လိုချင်တဲ့ အချိန်မှာ ကြောင့်ကြမဲ့စွာ ၀ယ်နိုင်ရင် တော်ပြီ
ဆိုတဲ့လူမျိုးပါ။



ကိုယ့်တိုင်းပြည်မှာက တစုံတယောက်ယောက်နဲ့ တည့်အောင်ပေါင်းနိုင်မှ

စီးပွားဖြစ်တာဆိုတော့ ပညာနဲ့က လွဲရင် အဲဒီလို ကပ်ဖား စီးပွားရေးမျိုးလဲ
မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး
မိသားစုပြန်ကြည့်ဘို့ကလွဲလို့၊ တခြားနည်းလမ်းကလည်း မရှိ။



ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ် ဆိုပါတော့။

ပြီးတော့အလုပ်ရဘို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့
လုပ်ငန်းခွင်မှာ အဆင်ပြေဘို့။ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေး
နေသားကျလာတော့ ပထမဆုံး တွေးမိတာက ငါဟာ လူနဲ့ မတူတော့ပါလားဆိုတဲ့
အတွေးပါဘဲ။

နိုင်ငံခြားမှာ အလုပ်လုပ်ရတာ တန်အောင်ခိုင်းတဲ့အပြင်

ကိုယ့်စိတ်နဲ့ကိုယ်တောင် နားခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကို
လေးလံတဲ့အရာတစ်ခု အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံထားရတာမျိုးပါ။ မနက် ၆
နာရီထ၊ မျက်စိမဖွင့်ဘဲ ရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတတန်၊
ရထားတတန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ ရုံးက ကွန်ပျူတာ Server
တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လား လို့ အရင်စစ်ရတယ်။
သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုး ဖြစ်ပြီဆိုရင်တော့
ှတွတ်ပီကံမကောင်းတဲ့နေ့ပါဘဲ။ အဲဒါစစ်ပြီးသွားရင် ရေးစရာရှိတဲ့ Program
တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါဘဲ။ ကျွန်တော့် Team မှာ
ကျွန်တော်အပါအ၀င် လူ (၃) ယောက်ပဲရှိရတဲ့ အထဲ ကျန်နှစ်ယောက်က ကုလားနဲ့
ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာ စကားကလဲ ကျွန်တော် နားမလည်တော့ အလုပ်ထဲမှာ
တစ်ယောက်တည်း ရေးစရာရှိရေးနေယုံပဲပေါ့။ ဒီလိုနဲ့ ထမင်းစားချိန် ၄၅ မိနစ်၊
ပြီးတာနဲ့ ထပ်ပြီးရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး၊
နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader က ဘာမှမသိတဲ့
ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက်
မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က
၇း၀၀ နာရီလောက်ဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့၊ ရထား စီးပြီး
ပြန်ရောက်တဲ့ အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး
ကိုယ့်အခန်းထဲရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး၊
သတင်းလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့
အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်က
မအိပ်ချင်သေးလို့ ဂီတာလေးကောက်ကိုင်လိုက်တော့ ၁၂း၀၀ နာရီ။ ကဲ... ဒါနဲ့ပဲ
တနေ၀င် တနေထွက်... စက်ရုပ်လူသားဘ၀။ စနေ၊ တနင်္ဂနွေ ကျတော့ အ၀တ်လျှော်၊
အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ် မြန်မာဟင်း လွမ်းတာလေးတွေ
ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေး
နေချင်တော့တယ်။ တခါတလေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေ
ရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ... အပေါင်းအသင်းအတွက်၊
မိတ်ဆွေသူငယ်ချင်းအတွက်အချိန်..
. သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊
လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့ လိုက်မပို့နိုင်၊ လူမှူရေးတွေ
ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ SMS လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့
လူချင်းတွေ့ရင်တောင် SMS စကားတွေဖြစ်လို့။ ဟူး... တကယ်တော့
နိုင်ငံခြားဆိုတာ လူမှူရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။



တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်ပို့ဖို့အတွက်၊ အိမ်လခပေးဘို့အတွက်

တစ်လလုံးစားဖို့သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်အတွက်၊
လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဘို့
အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁
ပုံတောင်စုဖို့က အနိုင်နိုင်။ တခါတလေ အပေါင်းအသင်းကို ကူညီလိုက်လို့
လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။
ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကိုဘယ်လောက်လှည့်ကွာ
လို့ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ အဲ... အဲလိုလဲ ဟုတ်သေးပါဘူး
ကိုယ်လိုသူလို အတူတူ ဘ၀...။ ဒါ...ဘ၀တဲ့လား။



ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး

မွှေးမွှေးလေးနဲ့ ထမင်းနဲ့ အမေက ကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင်
အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်စား၊
စားသောက်စရာ တော်တော်များများကို အေးခဲလိုက်၊
ပြန်ပူအောင်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ်
ချက်ပြုတ်မစားနိုင်တဲ့ဘ၀၊ ဒီက Food Court က ဟင်းတွေကလဲ
ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲ အားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ
မြန်မာအစားအစာလေးတွေ တတ်သလောက်၊ မှတ်သလောက် လျှောက်လုပ်စား၊ တခါတလေလဲ
စားလို့ကောင်း၊ တခါတလေလဲ ဘာဟင်းကြီးမှန်း မသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။
အိမ်ပြန်ချင်လိုက်တာအမေရယ်။



လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး၊

မုန့်လင်မယားလေး စားချင်တာက ရှိသေး... ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ
မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူး
အမေရာ။အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား၊
အလုပ်လုပ်၊ ဒီ (၃) ခုပဲရှိတဲ့ တနေ့တာက ပျော်စရာကောင်းတဲ့ ဘ၀တဲ့ လား။
ကျွန်တော်အပျင်းမကြီးပါဘူး။ တနေကုန်လ္ဘက်ရည်ဆိုင်ထိုင်ပြီး
ကောင်မလေးတွေအကြောင်း လျှောက်ပြောနေချင်တာမဟုတ်ပါဘူး။
အလုပ်လုပ်ချိန်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ ဒါ့အပြင်
ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ်
ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ စတဲ့ ကိုယ်စိတ်ပျော်ရာ ကို
စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရှိခဲ့တဲ့ ကိုယ်နိုင်ငံမှာတုန်းက
အချိန်လေးတွေကို လွမ်းတာပါ။ စိတ်ပန်းဖြေစရာမရှိ၊ အလုပ်ပြီးအလုပ်၊
စားပြီးရင်အိပ်၊ ဒီလိုနဲ့ အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့
လူတချို့ရဲ့ ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ် တွေနဲ့
ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ...။



့မြန်မာပြည်က လူတွေက တစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင်

ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုရင်လဲ အညွှန့်လေးတွေချည်းပဲ
နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။
ငါးပိဆိုရင်လည်း ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင်လည်း ငါးရံ့ခြောက်၊
ငါးပုတ်ခြောက် စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကို ဝေပုံချပြီး
တိုင်းထွာသုံးနေရတဲ့ ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့
လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ ဆိုင်ကိုရွေး၊
လျှော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့်လည်း ကိုယ်ဝမ်းနာ
ကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။



စိတ်လက်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးနဲ့ သစ်ပင်လေးတွေ

စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနား
ဒီနား အလွယ်တကူ သွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး အိမ်ရှေ့ ၀ရန်တာ
လက်တန်းမှာ သံကြိုးနဲ့ ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့
ခြေနင်းလေးတွေ ဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး
အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲ ခဏ၀င်ပြီး ဖုန်းကတ်ဝယ်လိုက်တော့
ခြင်းတောင်းထဲက လိမ္မော်ရည် ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်ကလေး
ဝယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်က
မရှိတော့ဘူး။ ကဲ... ဘာများထူးလို့လဲ အမေရာ...။



ကိုယ့်နိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားကတော့ လုပ်ငန်းရှင်

စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ် လို့လည်း မကြားဖူးပါဘူး။
သူများနိုင်ငံမှာ ကိုယ်သွားနေရတော့ ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော
အလုပ်သမားတဲ့။ မျက်နှာငယ်တယ် ဆိုတာထက် သေချာတဲ့ နေထိုင်ခွင့် မရခင်
Immigration သွားရတဲ့ ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထား အဆိုးဆုံး
မလေးရှားမတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့် ကံကြမ္မာက သူတို့ လက်ထဲမှာ။
ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ... မခက်ဘူးလား အမေရာ...။



အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့

သားတော်မောင် ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေယုံပဲ လို့ထင်နေရှာမှာပဲ။
ဟုတ်တယ် အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲ
စဉ်းစား၊ ထမင်းက ဘာအရသာမှန်း မသိလိုက်။ အိပ်လည်း အိပ်မက်ထဲမှာ ABCD ရွတ်၊
နောက်ဆုံး စိတ်ပြေလက်ပြောက် ဂီတာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊
သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။



စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့ နေ့မှာမှ

တကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့
အမေ့အပြုံးလေးတွေ၊ ဆွေမျိုးတွေအလယ်မှာ ပျော်ရွှင်ခြင်း အပြည့်နဲ့
တောက်ပနေတဲ့ အမေ မျက်လုံးလေးတွေ၊ အိုဇာတာကောင်းလိုက်တာလို့
ချီးမွမ်းခံနေရတဲ့ အမေ့ရဲ့ ကံဇာတာလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့
အခုချိန်ထိတော့ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။
တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့
ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။ 

မေးထဲရောက်လာတာလေးကြိုက်လို့ဗျို့

ချစ်သူ...သူမ...

သူမဟာ...
တစ်စက်ချင်း
စီးဆင်းနေတဲ့
ကျနော့် နှလုံးသွေးကြောလေးတွေရဲ့
ဆုံမှတ်....။
သူမဟာ...
တစ်ရက်ချင်း
မက်နေတဲ့
ကျနော့် အိပ်မက်လှလှလေးတွေရဲ့
ကွန်ယက်....။
သူမဟာ..
တစ်ချက်ချင်း
လှိုက်ခုန်နေတဲ့
ကျနော့် ရင်ခုန်သံတွေရဲ့
စည်းချက်...။
သူမဟာ...
တစ်ရှိုက်ချင်း
ရှူရှိုက်နေတဲ့
ကျနော့် အသက်ရှင်းခြင်းရဲ့
အောက်စီဂျင်လေး...။
ထို သူမသည်
ကျနော်
စွဲလန်းစွာ
မြတ်မြတ်နိုးနိုး
ချစ်ရသော
ချစ်သူ
ဖြစ်၏။

သားထက် (မုံရွာ)

ချစ်ခြင်းဖြင့်

သံစဉ် မရှိဘူးဆိုပြီး
မင်း ရယ်ချင် ရယ်မယ်
ငါကတော့
လွမ်းလွမ်းဆွတ်ဆွတ်
သီဆိုနေဆဲ....။
ကာရံ မရှိဘူးဆိုပြီး
မင်း ငြင်းချင် ငြင်းမယ်
ငါကတော့
ထိထိခိုက်ခိုက်
ရေးဖွဲ့နေဆဲ...။
သံယောဇဉ် မရှိဘူးဆိုပြီး
မင်း ထားရင် ထားခဲ့မယ်
ငါကတော့
မြတ်မြတ်နိုးနိုး
တမ်းတဆဲ...။
မုန်းလိုက်တာ ဆိုပြီး
မင်း ပြောရင် ပြောမယ်
ငါကတော့
ရယ်ကာပြုံးကာ
ခွင့်လွှတ်ပေးဆဲ....။
ချစ်ခြင်းဖြင့်
ပြီးပြည့်စုံနေသော
ငါ့နှလုံးသားမှာ
မင်းအတွက်
အပြစ်ဆိုတာ
မြူတစ်မှုန်တောင်
မရှိခဲ့ဘူး
အချစ်ရယ်..။

သားထက် (မုံရွာ)

အမတို့ရွာ

အမတို့ရွာ
ခုနေခါ
ဘယ်လိုနေပါလိမ့်….။
မိုးမှာလည်း မရောက်
နွေမှာလည်း မပြန်နိုင်
ဆောင်းတိုင်လည်း မရောက်အား
စိမ်းကားတယ် ဆိုကြမလား…..။
ရွာဦးက စေတီ
နှင်းစီတဲ့
နတ်တော်လ
ပွဲတော်မှ
ခင်းသေးရဲ့လား….
ချောင်းထိပ်က
ကန္တာရတော
ထင်းခွေသူမှ
ပေါသေးရဲ့လား….။
စခန်းထိပ်
ထန်းရိပ်က
ညိုညို
ထန်းရေချိုမှ ထွက်သေးရဲ့လား….
ရွာတောင်က
မဂျီး (မန်းကျည်း) တန်း
ကျီးကန်းတွေမ
ှ အသိုက်လုပ်သေးရဲ့လား….။
ချောင်းထဲက
လက်ယက်တွင်း
ကျေးလက်သူဖော် တစ်သင်း
ရေခပ်မှ ဆင်းသေးရဲ့လား….
တမာရိပ်
ရွာထိပ်က
ရေချမ်းစင်
အရင်လို တည်ဆဲလား….။

ကဗျာလေးကြိုက်လို့

Tuesday, December 28, 2010

No More Without You

No word is enough to express how i love you,
No speech is enough to express how i miss you,
No poem can express my affection,
No song can express my attachment,
Nowhere can make me satisfy without you,
Nobody can make me happy without you,
No girl is pretty as much as you in my senses,
No girl is beautiful as much as you in my eyes,
No girl is innocence as much as you in my mind,
No girl is lovely as much as you in my heart,
How i can say,how i can show,how i can write to understand to you......
I never create it , but it born in my heart..so i never kill my love...
I don't want to say that 'believe me','trust me','love me'.....
But i ever expect these from u.....
I have to tell you a lot,but my mouth is silent in front of you.
If you look my eyes, you'll find my affection,
If you look at my heart, you'll find my love,
As i love you,i compose the poem,
As i miss you, i sing the song,
So, i compose the poem, i sing the song, again and again and again....
But nothing is perfect without your love....
Rain is falling on the road, i am tearing in my heart,
Hopeless evening is coming to me near by near,
i hear your sound at every time in my ears,
your lovely images are appeared in my mind,
Birds are flying back to their nest,
Sunset is shining slightly at the edge of the horizon,
The breeze is blowing pass through the garden,
The weather is fine and surround is peaceful,
But i can't enjoy without you....
No more feeling without you in this world,
I hope that one day you'll find me....
I hope that one day you'll kind to me....
I hope that one day you'll trust me....
I hope that one day you'll love me....
....but....now......
I am no more without you.....................

Thar Htet (Monywa)



Saturday, December 25, 2010

အလင်း

မင်း ဖန်ဆင်းပေးမယ့်
အလင်းတစ်စက်ကို
တမ်းတ...
အချစ်ရယ်....
ငါ့နှလုံးသားဟာ
မှောင်တိကျ
တိတ်ဆိတ်နေရဲ့...
ဘ၀အတွက်
ရယ်မောခြင်းတွေဆိုတာလည်း
မင်းနှုတ်ဆက် ထွက်ခွာသွားတဲ့
နောက်ဆုံးနေ့ရက်မှာပဲ
အားလုံး
ကုန်ဆုံးပျောက်ကွယ် သွားခဲ့ပါပြီ..။
ကောင်းကင်မှာ
ကြယ်တွေ
တောက်လောင်နေပြီး
နှလုံးသားမှာ
အလွမ်းတွေ
ပြာကျနေတဲ့
ငါ့ရဲ့
အသည်းကွဲရာစုသစ်ဟာ
မွဲပြာနေတဲ့
အလင်းတွေနဲ့
ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ
တဖွဲဖွဲရွာနေတဲ့
မိုးစက်တွေထဲ
ငါ့တကိုယ်လုံးရွှဲနစ်
မင်းအတွက်
မွေးဖွားလာတဲ့
ငါ့မေတ္တာတရားတွေ
ဟောဒီ
ရင်ဘတ် အဟောင်းကြီးထဲမှာ
ပိုးစိုးပက်စက်
ရွာလို့ကောင်းနေဆဲပဲ....။
ငါ့ဘ၀ကို
ပြန်လည်တောက်ပစေမယ့်
ငါ့ရဲ့
အသစ်စက်စက်
လမင်းရယ်..
ငါ့ရင်ဘတ်ထဲ
ခုန်ဆင်းလာမယ့်
မင်းရဲ့
ခြေသံဖွဖွလေးကို
ငါ...
နားစွင့်နေပါတယ်...။

သားထက် (မုံရွာ)

Friday, December 17, 2010

ဆည်းဆာ တမ်းချင်း

အလင်းတွေနဲ့
လဲ့ပြာစိုစွတ်နေတဲ့
မြတ်နိုးဖွယ်ရာ
ညနေခင်းဟာ
မိုးကုတ်စက်ဝိုင်းတလျှောက်
ကွေးညွတ်လို့
ကဗျာဆရာရဲ့
နူးညံ့ရှတတဲ့
ရင်ခုန်သံနဲ့အတူ
ချစ်ခင်ဖွယ်
ဆည်းဆာဟာ
သာသာယာယာ
တေးသီနေပါတယ်....

လောကကြီးထဲက
အမှတ်တမဲ့
အလှတရားတွေကို
ကဗျာဆရာရဲ့
နှလုံးသားက
ငတ်မွတ်စွာ
စားသုံးနေရဲ့..

အိမ်ပြန်နောက်ကျတဲ့
ငှက်တေလေတွေရဲ့
အတောင်ပံခတ်သံ
ဦးတည်ရာမဲ့နေတဲ့
လမ်းပျော် တိမ်တိုက်တွေရဲ့
ဟားတိုက် ရယ်မောသံတွေကို
နားစွင့်....

`လရထား´ဟာ
ကောင်းကင်ကို
ထွန်းညှိဖို့
လာခဲ့ပြီ..

ငါ..ဟာ...
လောကရဲ့
အိပ်မွေ့ချခံထားရတဲ့
လူသားတစ်ယောက်များလား...


သော့ခတ်ထားတဲ့
တံခါးချပ်တွေလို
ငါ့မျက်လုံးတွေကို
စေ့စေ့စပ်စပ်
မှိတ်ထားလိုက်တယ်....

အဲဒီ ခဏမှာ
ငါ့ရဲ့ ဝေ့ရီနေတဲ့
အာရုံထဲ
အတိတ်တွေ..
အဖြစ်အပျက်တွေ..
တစ်ရွက်ပြီးတစ်ရွက်..
ပွင့်ဝေလာကြရဲ့...

ဥသြသံသဲ့သဲ့နဲ့
ရွက်ဟောင်းတွေ
ကြွေနေတဲ့ `နွေ´
ကြာညိုနံ့ တသင်းသင်းနဲ့
လယ်ကွင်းတွေ
ရေဖွေးနေတဲ့ `မိုး´
နှင်းတွေ တဖွဲဖွဲနဲ့
သဇင်တွေ
ပွင့်ဝေနေတဲ့ `ဆောင်း´
မိုးကုတ်စက်ဝိုင်းကြီးအောက်က
ငြိမ်သက်အေးချမ်းတဲ့
ရွာကလေး..

ကျောင်းတော်က
ခေါင်းလောင်းသံလွင်လွင်
နှလုံးသားမှာ
အရိပ်ထင်နေတဲ့
ငယ်ဘ၀ရဲ့
ပုံပြင်တွေ
အိပ်ယာဝင်တိုင်း
လွမ်းနေမိဆဲပါ
အမေ......

လင်းဝေ

Saturday, December 11, 2010

အလွမ်းဖြစ် ရုပ်ကြွင်း

ရီစရာတော့
မဟုတ်ဘူး..
ဒါပေမယ့်
ငါ...
ခွက်ထိုးခွက်လှန်
ရီပစ်လိုက်တယ်..။
ပီပြင်သေချာဖို့တဲ့
ငါ့တို့တွေ
စာချုပ်အတုတွေပေါ်
အပြိုင်အဆိုင်
ရေးခြစ်ခဲ့ကြစဉ်ကပေါ့...။
ဘယ်သူက
ဘယ်အရာကို
သိမ်းပိုက်ပြီး..
ဘယ်အရာတွေကများ
ဘယ်သူ့ရဲ့
အသိမ်းပိုက်ခံလည်း......။
သစ်ပင်တွေ
သေဆုံးတော့
စားပွဲကုလားထိုင်တွေ...
နံရံတွေ...
ကျောက်မီးသွေးတွေ...
ရေနံတွေ....
....တွေ...ဖြစ်တယ်....
တောင်တန်းတွေ
သေဆုံးတော့
လမ်းတွေ....
ကြေးနီတွေ....
သံတွေ....
စိန်ရွှေပတ္တမြားတွေ...
..တွေ....ဖြစ်တယ်....
ပင်လယ်တွေ
သေဆုံးတော့
ရေငွေ့တွေ..
မိုးတိမ်တွေ....
နှင်းစက်တွေ...
မုန်တိုင်းတွေ..
.....တွေ....ဖြစ်တယ်
ချစ်သူရေ..
မင်းသိလား..
နှလုံးသားတစ်ခု
သေဆုံးသွားတဲ့အခါ
အလွမ်းတွေ
ဖြစ်သွားတယ်
ဆိုတာကိုလေ....။

သားထက် (မုံရွာ)

နောက်ကြောင်း

လူတကာ
တက်နင်းခံထားရလို့
အရေထူနေတဲ့
လမ်းမကြီး....
ခရီးဆုံးအရောက်
ဦးတည် ပြေးလွှားနေတဲ့
မော်တော်ယာဉ်များ...
သတိအနေအထားနဲ့
စန့်စန့်ကြီး
ရပ်နေကြတဲ့
သစ်ပင်အိုတွေ...
သေဆုံးကြွေလွင့်ဖို့
အသင့်စောင့်ဆိုင်းနေကြတဲ့
ခတ်ဆွေးဆွေး
သစ်ရွက်တချို့....
တစ်စုံတစ်ဦးအတွက်
ခတ်ဖွဖွ ခုန်လှိုက်နေတဲ့
တိုးတိုးသသ ရင်ခုန်သံ..
အရာရာဟာ
ညနဲ့အတူ
အေးရှတိတ်ဆိတ်နေရဲ့...
ကြိတ်မှိတ် မျိုချထားတဲ့
အိပ်မက် အသေတွေ
ရင်ဘတ်နဲ့
မဆန့်အောင်ပါပဲ..
ငါ့ပခုံးပေါ်က
မနက်ဖြန်ပေါင်းများစွာက
လေးလံလွန်းတယ်
သွားပါများခရီး
ရောက်ခဲ့တဲ့
ငါ့ခြေထောက်တွေကလဲ
တဆစ်ဆစ် ကိုက်ခဲနေပြီ...
တကယ်ဆို
ငါလဲ
မမိုက်ချင်ပါဘူးကွယ်..
ဒါပေမယ့်
လောကကြီးကိုက
အတိုက်အခိုက်တွေ
များလွန်းတာပါ
ငါ့လို လူမိုက်ကလေး
တစ်ယောက်အတွက်
ဒီလမ်းဟာ
ထောင်ချောက်တွေ
အပြည့်ပါပဲ...
ငါက
အမှောင်ထဲ
အလင်းကို
ထွန်းညှိဖို့
မေ့ချင်ယောင်ဆောင်ရင်းပေါ့...
ငါက
ဘ၀ဆိုတဲ့
စာမေးပွဲကြီးမှာ
ကွက်လပ်တွေ
ခတ်များများနဲ့
ဘဲဥမကွဲခဲ့တဲ့
အပျင်းဆုံး
အဖျင်းဆုံး
ကျောင်းသားတစ်ယောက်ပါ...
လမ်းတလျှောက်လုံး
အကျအပေါက်
အများကြီးနဲ့
ဖရိုဖရဲ
ဖြတ်သန်းခဲ့တဲ့ကောင်ပေါ့
ခဏခဏ
ချချနင်းခဲ့ရတဲ့
ဘ၀နဲ့
အခါခါ
စွန်းထင်းခဲ့တဲ့
အရေခွံကို
ငါက
ရိုးရိုးသား
ခြုံထားမိခဲ့တာပါ..
မမိုက်ချင်တော့ဘူးကွယ်..
အဲဒီ
အစွန်းအထင်းများလွန်းခဲ့တဲ့
အရေခွံကို
တစ်စစီ..
တစ်စစီ..
ဆွဲချွတ်..
ကမ္ဘာကြီးပေါ်
အသစ်တစ်ဖန်
ရောက်ရှိလာခြင်းမျိုးနဲ့
ငါရင်ခုန်ပါရစေကွယ်...
ဒါပေမယ့်
ဒါပေမယ့်
ငါ့ရဲ့
ချစ်စရာကောင်းလွန်းတဲ့
အသစ်စက်စက်
မနက်ဖြန်တွေက
အိပ်ရေးမ၀ကြသေးဘူး.....။

သားထက် (မုံရွာ)

စံပယ်ပုံပြင်

ချစ်သူ...
ငါဟာ..
နွေဦးမှာ
သူလိုငါလို
ဖူးခဲ့ဖူးတဲ့
သစ်ရွက်ကလေး
တစ်ရွက်ပါ..
အရောင်မဲ့...
အဆင်းမဲ့...
ရနံ့မဲ့...
ဘာဂုဏ်ဒြပ်မှ
မတောက်ပခဲ့တဲ့
ကောင်ပါ..
မီးပွိုင့်တွေ
စိမ်းတာမြင်တိုင်း
ကမူးရူးတိုး
ဖြတ်ဖြတ်ကူးတတ်တဲ့
ခတ်ရူးရူးကောင်းလေးပါကွယ့်..
တို့နှစ်ယောက်ထဲ
ပိုင်ဆိုင်တဲ့
ဖန်ခွက်အလွတ်
လှလှလေးထဲ
အချစ်တွေ
အချိုးကျ ဖြည့်ရင်း
မင်းနဲ့ငါ
မူးမေ့လောက်အောင်
ငှဲ့သောက်လိုက်မိကြတာဟာလဲ
တကယ်တမ်းကြတော့
ကဗျာကလေးတပုဒ်အဖြစ်ပဲ
ရှိနေသင့်ခဲ့တာပါ...
အခူးခံရမှာစိုးလို့
ငါ့ရင်ဘတ်ဆီ
သစ်ပင်ပေါ်က
ခုန်ဆင်းသက်သေပြခဲ့တဲ့
ငါရဲ့ ဖူးဖူးလှလှ
ပန်းပွင့်မလေးရေ
ငါ့လို
ခတ်နွမ်းနွမ်း
သစ်ရွက်ကလေး
တစ်ရွက်အတွက်
မြေပြင်ပေါ်ဆင်းသက်
မင်း.....
ပင်ပန်းစွာ
အိပ်စက်လိုက်ဖို့ဆိုတာ
မထိုက်တန်ပါဘူး..
အရာရာ ရှားပါးနေတဲ့
ခေတ်ပျက်ကြီးထဲ
မင်းရဲ့..
အိပ်မက်
အသစ်စက်စက်တွေ
ဈေးပေါပေါနဲ့
မရောင်းချင်စမ်းပါနဲ့ကွယ်...
တံဆိပ်အသစ်
ပြန်ကပ်ခွင့်
မရခဲ့ရင်တောင်
တို့အချစ်တွေ
ဘယ်တော့မှ
ဟောင်းနွမ်းမသွားနိုင်ပါဘူး..
ပြုံးပြကြရင်း
နှုတ်ဆက်ကြရင်း...
တို့တွေ
ဖြေးဖြေးချင်း ဝေးကြရအောင်
အချစ်ရယ်....
အဲဒီအရာတွေ
အားလုံးအတွက်
တစ်ဘ၀မှာ
တစ်ခါ မက်ခဲ့ဖူးတဲ့
အဲဒီ အိပ်မက်
အကောင်းစားလေးကို
ခေါင်းအုံးကြားမှာ
ထားထားပြီး
ငါ အိပ်ပါ့မယ်....
ဒါပေမယ့်
ငါသိနေတယ်
ကြားနေရတယ်..
အချစ်ရယ်
ငါ့ရင်ဘတ် ဥယျာဉ်လေးထဲ
ငါ့အလွမ်းတွေနဲ့အတူ
စံပယ်တွေဟာ
စွတ်စွတ်စိုစိုနဲ့
ငိုနေနှင့်ကြပြီ.....

သားထက် (မုံရွာ)