နေထိုင်ကြီးပြင်းဖို့
ဘ၀အတွက်
ပေးဆပ်ရတဲ့
အရင်းအနှီးတွေက
မများလွန်းဘူးလား...
ကမ္ဘာကြီးနဲ့ အတူ
လည်ပတ်ဖို့
အသက်ရှူတတ်ရုံနဲ့
မလုံလောက်ဘူး ဆိုတာကို
ငါ့ဦးနှောက်
ပိစိကွေးလေးက
လေးလေးလံလံ
သိနေရဲ့...
ကြာတော့လည်း
မနက်ဖြန်တွေအကြောင်း
တွေးရတာ
ရင်နာစရာ
ကောင်းလွန်းသလိုလို..
အဲဒီထက် ရင်နာစရာတွေဟာ...
ဟောဒီ ကမ္ဘာကြီးရဲ့
အိတ်ကပ်ထဲ
ဘောင်ဘင်တွေ ခတ်လို့...
မနက်ဖြန်အတွက် စစ်ပွဲတွေ...
မနက်ဖြန်အတွက် ရောဂါတွေ...
မနက်ဖြန်အတွက် မုန်တိုင်းတွေ....
မနက်ဖြန်အတွက် ငတ်မွတ်ခြင်းတွေ...
မနက်ဖြန်အတွက် ငိုကြွေးခြင်းတွေ..
မနက်ဖြန်အတွက် တံလျှပ်တွေ...
မရဏတေးသံတွေဟာ
ဝံပုလွေတွေနဲ့အတူ
ရောက်လာကြလိမ့်မယ်...
လယ်သမားက
စပါးစိုက်ဖို့ ငွေမရှိဘူး
အလုပ်သမားက
အလုပ်သွားဖို့ ငွေမရှိဘူး
ဝေဒနာသည်က
ဆေးခန်းပြဖို့ ငွေမရှိဘူး
မီးဖွားစရိတ်မရှိတဲ့ မိခင်တွေ..
အစွန့်ပစ်ခံထားရတဲ့ မိဘမဲ့ကလေးတွေ..
ကိုယ့်ကိုယ်ကို အသုဘမချနိုင်ပဲ သေဆုံးသွားကြသူတွေ...
.......
.................ဒါတွေဟာ
အတ္တကြီးကြီး လူတချို့က
ရက်ရက်စက်စက်
ပေးအပ်ခဲ့တဲ့
အဆိုးရွားဆုံး ဆုလဒ်တွေပါပဲ....
ဆင်းရဲသားက
ဆာလောင်နေပြီး
ကဗျာဆရာက
ငိုကြွေးနေပါတယ်..။
သေဖို့
တစ်ရက်နီးလာရုံက လွဲလို့
ဘာမှ
ရေရာ
ပီပြင်မလာနိုင်တာ
သေချာနေပြီတဲ့လား...
ဒါပာာ
အာရုံမတက်ခင်
မှောင်မိုက်ခြင်းမျိုးပဲ
ဖြစ်ရမှာပါ
သူငယ်ချင်းရာ..
ငါကတော့
စံပယ်ရနံ့တွေနဲ့
ထစ်ချုန်းလာမယ့်
နေ့သစ်တစ်ခုကို
တောင့်တစွာ
စောင့်မျှော်ရင်ခုန်နေဆဲပဲ...။
သားထက် (မုံရွာ)
No comments:
Post a Comment