Friday, November 19, 2010

ကျနော်နဲ့ဗင်းဆင့်ဗန်ဂိုး.....

တိတ်ဆိတ် ငြိမ်သက်နေတဲ့
လေပြေရဲ့ ရင်ခုန်မှု
`ကြယ်´မစုံ `လ´မစုံ
ကြေကွဲနေတဲ့ `ည´
ငါ့ရှေ့မှာ
အခါခါ အိပ်မောကျနေတဲ့
`ပင်လယ်´
ကမ်းစပ်ကို
ကျီစယ်ဖို့
ခဏခဏ
ရိုက်ခတ်နေတဲ့
`လှိုင်း´တွေ
`ဗင်းဆင့်´ရေ..
ခင်ဗျား ပန်းချီကားထဲက
`ကြယ်ပွင့်´တွေ
ပင်လယ်ထဲ
ခုန်ချနေတာ
ကျနော်
မြင်ရတယ်...
ပြီးတော့
ခင်ဗျား ရေးခြစ်ထားတဲ့
လရောင်ပျပျကလည်း
ကျနော့်
နှလုံးသားပေါ်
လွမ်းလွမ်းဆွတ်ဆွတ်
ထိုးကျလို့
ပြီးတော့..
အာလူးစားကြသူတွေ..
နေကြာပန်းတွေ..
ဂျုံခင်းတွေ...
မုန်တိုင်းတွေ...
အလျှံညီးညီး တောက်လောင်နေတဲ့
နေရောင်တွေ...
လယ်ကွင်းထဲက
ဖွာလန်ကြဲနေတဲ့
ထွန်ရေးကြောင်း
ကျောက်မီးသွေးတွင်း
အလုပ်သမားတွေရဲ့
ုစုတ်ပြတ်သတ်နေတဲ့ဘ၀တွေ..
.....
.......
..........
ခံစားတတ်သော
ကိုယ်ချင်းစာတတ်သော
သနားတတ်သော
အနုပညာအပေါ်
ရူးသွပ်ပြီး
အနှိုင်းမဲ့ဖန်တီးချင်သော
ဟန်ဆောင်ခြင်းကင်းမဲ့သော
ခင်ဗျားရဲ့
နှလုံးသားဟာ
ရဲရဲရင့်ရင့်
တုန်ခါနေခဲ့တယ်..
အဲဒီ...
လှုပ်ခတ်သံဟာ
ခု...ကျနော့်
နှလုံးသားမှာ
ပဲ့တင်ထပ်နေပါတယ်
.....
ကျနော့်ကို ဆီးကြိုနှုတ်ဆက်
ပွေ့ဖက်ကာ
လက်ကမ်းကြသူ
ကျနော်က ဆီးကြိုနှုတ်ဆက်
ပွေ့ဖက်ကာ
လက်ကမ်းရမယ့်သူ
ကျနော့်ကို
နှုတ်ဆက်ထွက်ခွာ
လက်ယမ်းကာ
ထားသွားကြသူ
ကျနော်က
နှုတ်ဆက်ထွက်ခွာ
လက်ယမ်းကာ
ထားခဲ့ရမယ့်သူ.....
....
အရာရာဟာ
နွေဦးရဲ့
တိမ်ပြေးတွေလို
......
ကမ္ဘာကြီးပေါ်ရှင်သန်
နေထိုင်ခြင်းအတွက်
ကျနော်
ဟောဒီ
ကမ္ဘာကြီးကို
ဘာများပေးနိုင်မလဲ......

သားထက် (မုံရွာ)

No comments:

Post a Comment