Sunday, February 8, 2015

အဖေ...


အဖေက တောသား
စကားပြောတော့ နဲနဲကြမ်းတယ်
ဒါပေမယ့်
သူ့ စကားတွေက
ရိုးသားတယ်...
အဖေက လယ်သမား
တိုက်တွေ ကားတွေ
မဝယ်နိုင်ဘူး
ဒါပေမယ့်
ဘယ်သူ့ မျက်ရည်ပေါက်ကြီးငယ်မှ မပါတဲ့
သူ့ချွေးနဲစာ စစ်စစ်က
ဖြူစင်တယ်..
အဖေက ပညာရှင်မဟုတ်ဘူး
ဘွဲ့မရဘူး
ဆယ်တန်းမအောင်ဘူး
ဒါပေမယ့်
သူ့သားသမီးတွေကို
ပညာတတ်ကြီးတွေ
ဖြစ်စေချင်တယ်..
နွေ ဆိုလဲနွေ..
မိုး ဆိုလဲ မိုး..
ဆောင်း ဆိုလဲ ဆောင်း...
နေဒဏ်ကို ကျောခံ
မိုးဒဏ်ကို ရင်ကော့
နှင်းဒဏ်ကို မတုန်ခိုက်..
ဘဝဆိုတဲ့ တိုက်ပွဲအတွက်
အဖေက
မိသားစုရှေ့
မားမားမတ်မတ် ရပ်ခဲ့...
သူကတော့ ပုဆိုးကြမ်း အင်္ကျီနွမ်းကိုဝတ်
သားသမီးတွေ ဝတ်ကောင်းစားလှ ဝတ်စေသူ..
သူကတော့ ထမင်းကြမ်း ဟင်းကြမ်းစား
သားသမီးတွေ ထမင်းကောင်း ဟင်းကောင်း စားစေသူ..
သူကတော့ ကားတာယာ ဖိနပ်ကိုစီး
သားသမီးတွေ ကတ္တီပါဖိနပ်က မာစီးတီးထိ စီးစေချင်သူ..
သူ့အရိပ်က သူများတွေထက် သေးရင်သေးမယ်
ကျနော်တို့အတွက် ကြီးမားအေးမြတဲ့
အရိပ်စစ်တစ်ခု..
သူက
သူ့ကိုယ်က ချွေးနံ့နဲ့ ကျနော်တို့ ဘဝသေးသေးလေးတွေကို
လုံခြုံစေတဲ့သူ..
..
ကျနော်တို့ သွေးကြောတွေအားလုံး
အဖေ့ ချွေးစက်တွေနဲ့
လှည့်ပတ် စီးဆင်းလို့
ကျနော်တို့ ရှင်သန်ခြင်းတွေဟာ
အဖေ့ အားမာန်တွေနဲ့
ရဲရင့်ခဲ့...
...
....
.....
အဲဒီလို လူတယောက်အတွက်
ကျနော်ပြောချင်တယ်
..
ရိုးသားတဲ့
လယ်သမားတယောက်ရဲ့ သားဖြစ်ရတာ ဂုဏ်ယူတယ်
..
ကျနော်တို့
ဘယ်လို ဘဝတွေရောက်ရောက်
ကျနော်တို့အတွက်
အမြဲတောက်ပနေမယ့်
လမ်းပြကြယ် တစ်စင်း
ပြီးတော့
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့
ကျနော်တို့ ရင်ထဲက
ထာဝရ သူရဲကောင်း တစ်ယောက်အဖြစ်
ကျနော်တို့ရင်ထဲ
လင်းလက်တည်ရှိနေမည့်သူဟာ
အဖေပါပဲ..လို့
ကျေးဇူးပါ...
အဖေ...
လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment