Saturday, February 28, 2015

အတ္တပုံတူ


တကယ်တော့
ကိုယ့်လမ်းနဲ့ ကိုယ်ပါပဲ...
အနီးဝေး မသိနိုင်သေးတဲ့
လမ်းခရီးတစ်ခု အတွက်
ငါက
အလွမ်းတွေ ထမ်းပြီး
စီးဆင်းနေခဲ့မိသူ...
မြည်းစရာ မရှိတော့တဲ့
လက်ကျန် အရက်တစ်ခွက်ကို
ဆတ်ခနဲ့
မော့ချလိုက်ရသလိုမျိုး
လောက မာယာက
တခါတခါကျတော့
ပူလောင် ခါးသက်နေတတ်ရဲ့...
ဒါကိုပဲ
ငါတို့ မက်မက်စက်စက်
ယစ်မူး ပစ်ခဲ့ကြတာပဲ
မဟုတ်လား...
အင်းပေါ့လေ
ဘဝ ဆိုတာကလဲ
အနမ်းတမှုံ အပြုံးတပွင့်
မျက်ရည်တစ်စက် အလွမ်းတစ်ခက်
အပျော်အပြုံး အငိုအရှိုက် အပိုင်းစတွေနဲ့
အချိုးကျ ဖျော်စပ်ထားတဲ့
ယမကာ တစ်ခွက်လို
အတုယောင် အိပ်မက်ချိုတွေနဲ့
ယစ်မူးဖွယ် ကောင်းနေတတ်တာမျိုး...
အဲဒါကိုပဲ
တိုးတိုးလေး လောင်ကျွမ်းပစ်နေရင်း
ငါနဲ့အတူ ရှိနေသင့်တဲ့
သတိတရားဟာ
ငါနဲ့အတူ ရှိမနေခဲ့ဘူး...
ဒီလိုနဲ့
နေတစ်စင်းရဲ့
ကမ္ဘာပတ်လမ်းကြောင်းမှာ
ရုန်းမထွက်နိုင်တဲ့ ဂြိုဟ်တစ်လုံးလို
ငါဟာ
အတ္တအမှုန် တစ်ခုအဖြစ်
ဒီစကြာဝဠာရဲ့
သံသရာပတ်လမ်းကြောင်းမှာ
ဒဏ်ရာအနာတရတွေနဲ့
မျောလွင့်ရှင်သန်နေမိဆဲပါ...

လင်းဝေ

No comments:

Post a Comment