Wednesday, March 30, 2016

Essay 1

အက်ဆေး (၁)

လေပြေရဲ့ အနမ်းနဲ့ လှိုက်မောရင်ခုန်နေတဲ့ သစ်ရွက်ကလေးတွေဟာ...သူတို့ကိုယ်သူတို့ တနေ့ သေရမယ်ဆိုတာကို မေ့လျော့နေပါတယ်..
ကောင်းကင်ပြာပြာကြီးကတော့ တိမ်တိုက်ဖြူဖြူတွေကို ထွေးပွေ့လို့ သူ့ဘဝသူကျေနပ်နေလေရဲ့...
ကျနော့်ရှေ့မှာတော့ မြစ်တစ်စင်းဟာ ရိုးသားစင်ကြယ်စွာ စီးဆင်းလို့...
တနေ့မှာ ပင်လယ်ကြီးဆီ ရောက်မယ်ဆိုတဲ့ အတွေးတွေနဲ့ တေးတွေညီးရင်းပေါ့...
ဥယျာဉ်မှူးကတော့ ပန်းပင်လေးတွေကို တယုတယ စိုက်ပျိုးနေပါတယ်...
ရိတ်သိမ်းဖို့အတွက် ဆန္ဒတစုံတရာဟာ သူ့နှလုံးသားထဲမှာစိုးစင်းမျှမရှိပါဘူး..
အရူးအမူး ခူးဆွတ်ခဲ့ရတဲ့ ဆုတံဆိပ်တွေ မှန်ဘီရိုထဲအပြည့်ထည့်ပြီး သူ့ဘဝသူဂုဏ်ယူနေသူတစ်ဦးကတော့ အရက်ခွက်ကို လေးလေးလံလံမော့သောက်ရင်း ဆင်းရဲမွဲတေမှုအတွက် ငြီးတွားနေတယ်...
ပြီးတော့ ပြောသေးတယ်...
လူ့ဘဝရဲ့ ပြည့်စုံမှုဆိုတာ ဘာလဲတဲ့...
ဂန္ဒီကတော့ ပြောခဲ့ဖူးတယ်...
"လူတိုင်းရဲ့ လိုအပ်ချက်အတွက် ကမ္ဘာကြီးကလုံလောက်ပေမယ့် လူတစ်ယောက်ရဲ့ လောဘအတွက်တော့ ကမ္ဘကြီးက မလုံလောက်ဘူးတဲ့..."
မြစ်တွေချောင်းတွေ ဘယ်လောက်ပဲစီးစီး မပြည့်နိုင်တဲ့ ပင်လယ်သမုဒ္ဒရာတွေလိုပဲ ငါတို့ဟာ တရွေ့ရွေ့ အငွေ့ပျံကြရင်းပေါ့...
တယောက်နဲ့တယောက် နားလည်မှုတွေ ဖြည့်စွက်ဖို့အတွက် ကိုယ်ချင်းစာတတ်ဖို့လည်း လိုအပ်ပါသေးတယ်...
လောကကြီးမှာ တကိုယ်ကောင်းဆန်ရတာ အပင်ပန်းဆုံးပါပဲ...
ဘယ်အရာကိုမှ ဆုတ်ကိုင်မထားချင်ပါနဲ့ကွယ်..
သံယောဇဉ်တွေကို ရှည်လျားလွန်းတယ်...
ဘဝမှာ တစ်ဦးနဲ့တစ်ဦး ထမင်းလက်ဆုံစားရတဲ့ နေ့ရက်တွေက နည်းပါးလွန်းပါတယ်...
အပြုံးတွေ့ဆုံ အပြုံးနဲ့ နှုတ်ဆက် အပြုံးနဲ့လမ်းခွဲနိုင်အောင် ကြိုးစားကြတာပေါ့...
ဘာမှမမြဲတတ်တဲ့ လောကကြီးထဲ ဘယ်အရာကိုမှ ဖက်တွယ်မထားပါနဲ့ကွယ်...

လင်းဝေ

No comments:

Post a Comment