Wednesday, March 30, 2016

အမှောင်

...အမှောင်...

ရေခဲတွေ
အငွေ့ပျံနေသလိုမျိုး
ဘဝတွေဟာ
တိုးတိုးလေး
အရည်ပျော်နေကြ...

ဒါကိုပဲ
ငါတို့
ငြိမ်းအေးမှုလို့
ဖြတ်သန်းနေကြတာ
မဟုတ်ဘူးလား...

အရူးတွေလိုပဲ
သေခြင်းတရားတွေဟာ
နေ့မြင်လိုက်
ညပျောက်လိုက်...

ငါ
ဆိုက်ကပ်ခဲ့တဲ့
ဒီရထားပေါ်
ငါဟာ
ခုထိ
တရားမရနိုင်ခဲ့ဘူး...

လင်းဝေ

Essay 2

အက်ဆေး(၂)

အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လား ငါတို့ဟာ နောက်ပြန်လှည့်ခွင့်မရှိတဲ့ လမ်းမကြီးပေါ်ခြေစုံရပ်လို့..
မနေ့တနေ့က အကြောင်းတွေ အပ်ကြောင်းထပ်အောင် တမ်းတရင်း မနက်ဖြန်ဆိုတာကို မမြင်နိုင်တဲ့ ပန်းချီကားတစ်ချပ်လို ငါတို့ မှုန်ဝါးပစ်ခဲ့ဖူးတယ်...
ရင်ဘတ်ထဲက သံစဉ်တစ်ခုကတော့ လရောင်ကင်းမဲ့တဲ့ ညပေါင်းများစာံအတွက် တုန်ခါနေခဲ့ဖူးတယ်...
တခါတရံ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေလိုပဲ အရောင်မသဲမကွဲ အလင်းတွေနဲ့ ငါ့ကိုယ်ငါလည်း တောက်ပချင်ယောင်ဆောင်ခဲ့ဖူးတယ်...
တကယ်တော့ မင်းရောငါရော အပုတ်ကောင် သက်သက်မို့ ဘာမှမဟုတ်ခဲ့ကြပါဘူး..
ငါကတော့ လေးလေးနက်နက် ရေးခြစ်လိုက်တဲ့ စာတစ်ကြောင်းပါပဲ..
ဒါပေမယ့် ဖရိုဖရဲစကားလုံးတွေဟာ လှောင်ပြောင်ချင်စရာကောင်းလောက်အောင် ဟာသဆန်ခဲ့ဖူးတယ်...
မေမေ...ဘဝဆိုတာ အတုယောင်တွေနဲ့လောင်မြိုက်နေတတ်တဲ့ စင်တင်ဇာတ်ဝင်ခန်းတစ်ခုပါပဲ...
ဘယ်လိုရှင်သန်နေကြတာလဲလေ...
တချို့က အများအတွက် ထမင်းစားတယ်...
တချို့က ကိုယ်အတွက်ကို ထမင်းစားတယ်...
တချို့ကတော့ ဘယ်သူ့အတွက်မှ မဟုတ်ပါဘဲ ထမင်းစားနေကြရဲ့...
ရိုးအီနေတဲ့ တီးလုံးတွေထဲ ဟောင်းနွမ်းသွားတဲ့ သံစဉ်တွေရဲ့ ရှိုက်သံသဲ့သဲ့ကို ငါ
ခတ်ဖွဖွလေး ကြားမိပါတယ်...
ကြယ်တွေက ဘယ်သူ့အတွက် ကြွေနေကြပါသလဲ?
လရောင်ကရော ဘာအတွက် တောက်ပပါသလဲ?
ဘာမှအစဉ်းစားတာကပဲ ငြိမ်းချမ်းမှုပါပဲ...
ဘာပဲဖြစ်
ဒီနေ့အတွက်တော့ လောကကြီးက လက်ဆောင်ပေးထားတဲ့ အောက်ဆီဂျင် သန့်သန့်လေးကိုပဲ ငါ ဖြူဖြူစင်စင် ရှူရှိုက်နေမိတယ်...

လင်းဝေ

Essay 1

အက်ဆေး (၁)

လေပြေရဲ့ အနမ်းနဲ့ လှိုက်မောရင်ခုန်နေတဲ့ သစ်ရွက်ကလေးတွေဟာ...သူတို့ကိုယ်သူတို့ တနေ့ သေရမယ်ဆိုတာကို မေ့လျော့နေပါတယ်..
ကောင်းကင်ပြာပြာကြီးကတော့ တိမ်တိုက်ဖြူဖြူတွေကို ထွေးပွေ့လို့ သူ့ဘဝသူကျေနပ်နေလေရဲ့...
ကျနော့်ရှေ့မှာတော့ မြစ်တစ်စင်းဟာ ရိုးသားစင်ကြယ်စွာ စီးဆင်းလို့...
တနေ့မှာ ပင်လယ်ကြီးဆီ ရောက်မယ်ဆိုတဲ့ အတွေးတွေနဲ့ တေးတွေညီးရင်းပေါ့...
ဥယျာဉ်မှူးကတော့ ပန်းပင်လေးတွေကို တယုတယ စိုက်ပျိုးနေပါတယ်...
ရိတ်သိမ်းဖို့အတွက် ဆန္ဒတစုံတရာဟာ သူ့နှလုံးသားထဲမှာစိုးစင်းမျှမရှိပါဘူး..
အရူးအမူး ခူးဆွတ်ခဲ့ရတဲ့ ဆုတံဆိပ်တွေ မှန်ဘီရိုထဲအပြည့်ထည့်ပြီး သူ့ဘဝသူဂုဏ်ယူနေသူတစ်ဦးကတော့ အရက်ခွက်ကို လေးလေးလံလံမော့သောက်ရင်း ဆင်းရဲမွဲတေမှုအတွက် ငြီးတွားနေတယ်...
ပြီးတော့ ပြောသေးတယ်...
လူ့ဘဝရဲ့ ပြည့်စုံမှုဆိုတာ ဘာလဲတဲ့...
ဂန္ဒီကတော့ ပြောခဲ့ဖူးတယ်...
"လူတိုင်းရဲ့ လိုအပ်ချက်အတွက် ကမ္ဘာကြီးကလုံလောက်ပေမယ့် လူတစ်ယောက်ရဲ့ လောဘအတွက်တော့ ကမ္ဘကြီးက မလုံလောက်ဘူးတဲ့..."
မြစ်တွေချောင်းတွေ ဘယ်လောက်ပဲစီးစီး မပြည့်နိုင်တဲ့ ပင်လယ်သမုဒ္ဒရာတွေလိုပဲ ငါတို့ဟာ တရွေ့ရွေ့ အငွေ့ပျံကြရင်းပေါ့...
တယောက်နဲ့တယောက် နားလည်မှုတွေ ဖြည့်စွက်ဖို့အတွက် ကိုယ်ချင်းစာတတ်ဖို့လည်း လိုအပ်ပါသေးတယ်...
လောကကြီးမှာ တကိုယ်ကောင်းဆန်ရတာ အပင်ပန်းဆုံးပါပဲ...
ဘယ်အရာကိုမှ ဆုတ်ကိုင်မထားချင်ပါနဲ့ကွယ်..
သံယောဇဉ်တွေကို ရှည်လျားလွန်းတယ်...
ဘဝမှာ တစ်ဦးနဲ့တစ်ဦး ထမင်းလက်ဆုံစားရတဲ့ နေ့ရက်တွေက နည်းပါးလွန်းပါတယ်...
အပြုံးတွေ့ဆုံ အပြုံးနဲ့ နှုတ်ဆက် အပြုံးနဲ့လမ်းခွဲနိုင်အောင် ကြိုးစားကြတာပေါ့...
ဘာမှမမြဲတတ်တဲ့ လောကကြီးထဲ ဘယ်အရာကိုမှ ဖက်တွယ်မထားပါနဲ့ကွယ်...

လင်းဝေ

Saturday, March 5, 2016

What is the important things?

စာညံ့ခဲ့တဲ့လူတွေက အပြင်လောကမှာ အောင်မြင်ကြတယ်တဲ့...

တချို့တဝက်တော့မှန်ပါလိမ့်မယ်။

ဒါပေမယ့် စာညံ့ခဲ့ကြသူတိုင်း ထက်မြက်သူတွေ ဖြစ်မလာကြသလို
စာတော်တဲ့သူတိုင်းလည်း ခတ်ညံ့ညံ့လူတွေမဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့ အရည်အချင်းဟာ စာတော်တာညံ့တာနဲ့ ဆုံးဖြတ်မရတာတော့ အမှန်ပါပဲ။

လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ အနာဂတ်အောင်မြင်မှုဟာ..

သူ ဘာတွေးသလဲ?
သူ ဘာလေ့လာသလဲ?
သူ ဘာပြောသလဲ?
သူ ဘာလုပ်သလဲ?
သူ ဘယ်လိုနေထိုင်သလဲ?
 ဆိုတဲ့မေးခွန်း ၅ ချက်အပေါ်မူတည်တယ်လို့
ကျနော်ကတော့ ယုံကြည်တယ်။

လင်းဝေ