Saturday, June 15, 2013

တာရာမင်းဝေ ၃

“တချက်လောက်ငေးကြည့်လိုက်မိရင်းက အငြိငြိ အယှက်ယှက်နဲ့ ချစ်မြတ်လွမ်းဆွတ်ခဲ့ရတာပါ။
ပန်းတောင်ခါးပန်းမှာ ပျော်ပျော်လွင်လွင် ဆော့ကစားနေတဲ့မင်းသမီးလေးကို လယ်ကွင်းထဲကနေ ငေးကြည့်နေခဲ့ရတဲ့ စပါးပင်ကလေးလို ချစ်သူကို ငေးကြည့်ခဲ့ရတာပါ။
ဒါထက် ဘာမှမပိုပါဘူး ချစ်သူ။”
တာရာမင်းဝေ

တာရာမင်းဝေ ၂

“ဖြူစင်လိုသူအတွက် အရေးကြီးဆုံးမှာ ဖြူစင်နေဖို့ပင် ဖြစ်သည်။”

တာရာမင်းဝေ

တာရာမင်းဝေ ၁

“ကောက်ရိတ်သိမ်းမည့်နေ့မှာ သူ ..အောင်ပွဲခံမည်ဆိုတာကိုလဲ ကျနော် မနှစ်မြို့ပါ။
အဘယ်ကြောင့်ဆိုသော် သူရိတ်သိမ်းမည့် ကောက်ပင်များမှာ သူစိုက်ပျိုးသော ကောက်ပင်များမဟုတ်ပါ။
သူတပါး၏ အသီးအပွင့်များသာ ဖြစ်သည်။”

တာရာမင်းဝေ

Friday, June 14, 2013

မင်းခိုက်စိုးစန် ၇

အချစ်သည် သွားကိုက်ခြင်းနှင့် ခတ်ဆင်ဆင် တူပါသည်။
ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ မခံစားရဘူးဘဲနဲ့ အဲဒီဝေဒနာကို နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၆

“အချစ် စတင် ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းဖော်ပြ ဖြေဆိုပါ” ဟူသော မေးခွန်းမျိုးကိုသာ စာမေးပွဲမှာ မေးမည်ဆိုပါလျှင် ကမ္ဘာမြေပေါ်တွင် ရှိသော ယောကျာ်းတွေအားလုံး စာမေးပွဲကျကုန်လိမ့်မည်မှာ သေချာပါသည်။”

မင်းခိုက်စိုးစန်

ဘဝ

“နေ့” နဲ့ “ည” ဆိုတာကိုတောင်
ကျေကျေနပ်နပ် 
လက်ခံထားခဲ့ကြပြီးမှ...

“အနိုင်” နဲ့ “အရှုံး” ဆိုတာကျမှ
ဘာလို့ သွေးရူးသွေးတန်း
 ဖြစ်နေရမှာလဲ...

လောကကြီးက...
အမြဲတမ်း နေသာချင်နေလို့ မရသလို
အမြဲတမ်း မှောင်မိုက် တိတ်ဆိတ်နေမှာလဲ 
မဟုတ်ဘူး..

 ရှင်သန်နေတဲ့ လူတစ်ယောက်အတွက်
“ည” ပြီးရင် ”နေ့” ဆိုတာ ရှိသလို
ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်
“အရှုံး” ပြီးရင် “အနိုင်”ဆိုတာ ရှိတယ်...

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
 
 
 

မင်းခိုက်စိုးစန် ၅

“တကယ်တော့ မင်း “ရင်နင့်လှပါချည်ရဲ့”လို့ ခံစားနေရတာတွေ အားလုံးဟာ ဘာမှ မဟုတ်တဲ့ 

သဲပွင့်လေးတွေပါ။ မေ့ချင်လွန်းလို့ဆိုပြီး အတင်းကြီး မေ့ဖို့ ကြိုးစားစရာမလိုဘူး။

ရူးချင်ယောင်ဆောင်နေဖို့လည်း မလိုဘူး။ သူ့ဘာသာသူ မေ့ချိန်တန်ရင် 

အလိုလို ပြီးဆုံး မေ့ပျောက်သွားမှာပါပဲ။”

“ဘာကိုမှ ကပ်ငြိမှုမထားနဲ့။ဖြစ်နိုင်ရင် ပေါ့ပေါ့ ပါးပါးလေးပဲ နေထိုင်လိုက်ပါ။”

“လူ့ဘ၀ဟာ ဘာများ ကပ်ညိစရာကောင်းလို့လဲ။အားလုံးဟာ သဲပွင့် သဲမှုန်တွေချည်းပါပဲကွာ”

“အဲဒါကြောင့် မင်းဘာပဲလုပ်လုပ် ငါတို့စိတ်ထဲမှာ နာကြည်းစရာ ၊ဒေါသဖြစ်စရာ၊ ၀မ်းနည်းစရာ ဘာမှ 

မရှိဘူး။ ငါတို့စိတ်က ဘာခံစားချက်ကိုမှ မကပ်ငြိဘူး။ လုပ်စရာရှိရင် လုပ်တယ်၊ တာဝန်ယူစရာရှိရင် 

တာဝန်ယူတယ်။ ပြီးတော့လည်း ငါတို့ရင်ထဲမှာ အားလုံးပြီးသွားတာပါပဲကွာ”

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၎

ကြက်ဖကြီးက သဲပွင့်များကို လက်ခုပ်ဖြင့်ခတ်ယူကာ ကမ်းစပ်သို့ ပစ်ချလိုက်သည်။

သူ့လက်ထဲက သဲပွင့်တို့သည် ကမ်းစပ်တွင် ရှိနေသည့် မရေမတွက်နိင်သော သဲပွင့်များနှင့်

ရေနှောကာ သူလိုကိုယ်လိုပင် ပျောက်ကွယ်သွား၏။

ခံစားချက်ဆိုသော အရာများသည် သဲပွင့်များနှင့် တူလှပါသည်။

ကိုယ်လက်ထဲတွင် ဆုပ်ကိုင်ထားစဉ်တုန်းကတော့ “ဟုတ်လှပြီ”ဟု ထင်စရာကောင်းသော်လည်း

တကယ်တမ်း လွှတ်ချလိုက်သောအခါ တခြားသဲမှုန်တွေလို အရောရောအနှောနှောဖြစ်ကာ 

ဘာမှမဟုတ်တော့ဘဲ ပျောက်ကွယ်သွားသည်သာ ဖြစ်၏။

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၃

“လူတွေက ဘ၀မှာ ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ ထင်နေကြတာချည်းပဲ။

လောက ပတ်ဝန်းကျင်ကြီး တစ်ခုလုံးက ကိုယ့်ကို ဗဟိုပြုပြီး ဖြစ်ပျက်နေကြသလိုမျိုး တွေးတတ်ကြတယ်။

အဖြစ်အပျက် အရာရာတိုင်းမှာ ကိုယ်က သိပ်ပြီးအရေးပါနေသလို ကိုယ့်ကိုယ်ကို ထင်နေကြတယ်။”

“မင်းက မင်းကိုယ်မင်း ဇာတ်လိုက်လို့ ထင်နေပုံရတယ်။မဟုတ်ပါဘူး။ဟောဒီ..လောကကြီးက

မင်းမမွေးခင်ကတည်းက ရှိနေတာ။မင်းသေသွားလည်း ရှိနေဦးမှာပဲ။ မင်းဆိုတဲ့ လူတစ်ယောက် မရှိယုံနဲ့

လောကကြီးက ဘာမှဖြစ်မသွားဘူး။သူ့ဘာသာသူ ခုတ်မောင်းနေမှာပဲ။

ဒါကို သဘောမပေါက်ဘဲ မင်းက အလုပ်တွေရှုတ်နေတယ်။

ကြေကွဲတာတွေ၊ အတိတ်ကို မေ့ပျောက်ပစ်ချင်တာတွေ၊ ရူးချင်ယောင်ဆောင်ရတာတွေနဲ့

မင်းဘာသာမင်း တစ်ယောက်ထဲ ပြဇာတ်ကနေတယ်။မင်းခံစားချက်တွေက 

ကြီးကျယ်ခမ်းနားလှပါချည်ရဲ့လို့ မင်းတစ်ယောက်ထဲ ထင်နေတယ်..။”

မင်းခိုက်စိုးစန်


 


မင်းခိုက်စိုးစန် ၂

“ငါကတော့ အသုဘ အခေါင်းတလားနဲ့ တူတဲ့ လူစားမျိုးပဲ ဖြစ်ချင်တယ်ကွာ”

“အသုဘ အခေါင်းက ဘာမှ လုပ်စရာမလိုတဲ့ အချိန်မှာ ပေါ့ပါးလွတ်လတ်နေတယ်။

တကယ်လိုအပ်လို့ အလုပ်လုပ်ရပြီဆိုရင်လည်း 

သေခြင်းတရားကိုတောင် နှစ်နှစ်ခြိုက်ခြိုက် ထွေးပွေ့ထားနိုင်တယ်လေ”

မင်းခိုက်စိုးစန်

ဆရာ မင်းခိုက်စိုးစန် ၁

“လူတွေက အကျီင်္တိုက်တဲ့ မီးပူနဲ့ တူတယ်ကွ”

“လူတွေက သူတို့ကိုယ်တိုင်လည်း ပူလောင်မှုကို သိမ်းပိုက်ထားကြတယ်။

ပြီးတော့ တခြားသူတွေကိုလည်း သူတို့အောက်မှာ

ပြားပြားဝတ်အောင် ဖိထားချင်ကြတယ်။”


မင်းခိုက်စိုးစန်

အိပ်မက်

အိပ်မက်ချင်း အတူတူ
ဘယ်သူ့ အိပ်မက်က
ပိုလှသလဲ
မပြိုင်ချင်တော့ပါဘူးကွယ်...

“ပိုင်ဆိုင်မှု” ဆိုတာကလဲ
နံနက်ခင်းရဲ့
နှင်းစက်ပွင့်တွေလို
လွင့်လွယ် ပျက်လွယ်
တဒင်္ဂ ထည်ဝါမှုတစ်ခုပါပဲ...

တကယ်လို့များ
“ဘ၀” ဆိုတာ
အိပ်မက် တစ်ခု
ဖြစ်ခဲ့ရင်
အဲဒီ အိပ်မက်လေးထဲ
တိုးတိတ် ဖြူစင်စွာပဲ
ငါ
ရှင်သန်ချင်တယ်..။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
 


ဲငြိမ်သက်ခြင်း

အသက်ရှင်ဖို့
အရေးကြီးဆုံး 
အောက်စီဂျင်ကိုတောင်
ငါတို့
ပေါ့ပေါ့ ပါးပါး
ရှူကြ ထုတ်ကြသေးတာပဲ...

ရင်ထဲမှာ ငြိမ်းချမ်း
 ကြည်စင်နေဖို့
ဘာပဲ လုပ်လုပ်
သောက မဲ့စွာ
ပေါ့ပေါ့ ပါးပါး
လုပ်နေဖို့ပဲလိုတယ်...

ဖြစ်ပြီးရင် 
ပျက်သွားတတ်သွားတဲ့
လောကကြီးထဲမှာ
မင်းထင်သလို
ဘယ်အရာကမှ
မကြီးကျယ် မခမ်းနားပါဘူး..

ဘာပဲဖြစ်ဖြစ်
မင်းရဲ့ ကြိုးစားမှု
မင်းရဲ့ စေတနာနဲ့
ထိုက်တန်တဲ့
ဆုလဒ်တစ်ခုတော့
လောကကြီးက
မင်းကို
ပေးမှာပါ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, June 12, 2013

သုည

လက် ဗလာ
ကိုယ် ဗလာ
ဘာမှ ပါမလာခဲ့ဘူး...

ကောင်းကင်က 
ရွာချလိုက်လို့
ကမ္ဘာကြီးပေါ် 
ခြေချခွင့်ရတဲ့
မိုးရေစက်ကလေး တစ်ပွင့်ဟာ
ကျနော်ပါပဲ...

မျိုးစေ့ကောင်း တစ်ခုအဖြစ်
မေမေက
ကျနော့်ကို
ချစ်မြတ်နိုးစွာ
မွေးဖွားခဲ့မှာပါ..

မေမေ တယုတယ
စိုက်ပျိုးပြုစုခဲ့သမျှ
နုနုလှလှ မရှင်သန်ချင်တဲ့
ကျနော်ဟာ
ဟောဒီ 
လောကဆိုတဲ့
 တောကြီးမြက်မည်းထဲမှာ
ဆူးလေပင်လေး တစ်ပင်လို
ဘ၀ကို 
နွေရာသီ ဆန်ပစ်ခဲ့ဖူးတယ်...

အဲဒီ 
ဆူးလေပင်လေးဟာ
နွေကို မမှု
မိုးကို မဖြုံ
ဆောင်းကို မကြောက်...

အငို အရှိုက်
အပျော် အပြုံး
အလျော် အစား..
လောကဓံ တရားအောက်
ကိုယ့်ဘ၀ကို ထိုးဖောက်
ရိုးသားစွာ
ရှုသန်နေရဲ့...

အချိန်ဆိုတဲ့
ယန္တရားအိုကြီးထဲ
နုပျိုမှုတွေကို
မြစ်လိုစီးဆင်းကြရင်း
တကယ်တော့
မင်းရော ငါရော
အရာရာ အားလုံးဟာ
ရေထဲက အရိပ်တွေလိုပါပဲကွာ..


လက် ဗလာ
ကိုယ် ဗလာ
ဘာမှ ယူသွားလို့မရဘူး...
 ကမ္ဘာကြီးပေါ်ကနေ
ရေခိုးရေငွေ့ကလေး အဖြစ်
ကျနော်
ထွက်ခွာသွားတဲ့ အခါ
ကျနော့်အတွက် ပူလောင်ခဲ့သမျှ
ကျနော့်အတွက် ချမ်းမြေ့ခဲ့သမျှ
အားလုံးကို
ကျနော်
အမျှဝေခဲ့မှာပါ
မေမေ...။

လင်းဝေ(မုံရွာနည်းပညာတက္ကသိုလ်)


...တနေ့နေ့..



ငါတို့ဘ၀တွေ

အသစ်က ပြန်စတဲ့နေ့ကျရင်

အေးမြလတ်ဆတ်တဲ့

လေကောင်းလေသန့်တွေ

တခုတ်တရ ရှိုက်ဖွာ

ငါ လွမ်းဆွတ်မိတဲ့

တောင်တန်းပြာပြာတွေရဲ့ အကြောင်း

ငါ မင်းကို

အားပါးတရ

ပြောပြချင်သေးတယ်...

အဲဒီအခါကျရင်

သူများတွေ အထင်ကြီးကြတဲ့

“နိုင်ငံခြား” “နိုင်ငံခြား” ဆိုတဲ့

ဝေါဟာရဟာ

သူများ လက်ခုတ်တွေထဲက

ရေစက်ရေပေါက်တွေရဲ့ ဘ၀ဆိုတာ

ရယ်စရာ မောစရာအဖြစ်

ပြန်ပြောကြတာပေါ့...

ဒါ ငါ့တိုင်းပြည်ဆိုတဲ့ လုံခြုံမှုမျိုး...

ဒါ ငါ့ဘာသာဆိုတဲ့ ယုံကြည်မှုမျိုး...

ဒါ ငါ့လူမျိုးဆိုတဲ့ နွေးထွေးမှုမျိုး...

ဒါ ငါ့ဇာတိဆိုတဲ့ အေးချမ်းမှုမျိုး...

ညည တရေးနိုးတိုင်း တမ်းတ

အမိမြေကို လွမ်းကြရတဲ့

တစ်ထောင့် တစ်ညတွေ အကြောင်း

ဒဏ်ရာတွေနဲ့ ပြုံးပြခဲ့ရတဲ့

နိစ္စဓူဝတွေနဲ့

ဝေဒနာနဲ့ ရယ်ပြခဲ့ရတဲ့

နေ့ရက်တွေ အကြောင်း..

လွမ်းစရာကောင်းလောက်အောင်

ရင်နာနာနဲ့ ပြောပြချင်သေးတယ်...

တနေ့နေ့ဆိုတဲ့

မျှော်လင့်ချက် တစ်ခုမှာ

ပြက္ခဒိန်တွေ

တစ်ရွက်ပြီးတစ်ရွက်

ထိုးထိုးကျွေူးရင်း

အိမ်ပြန်ရက်စွဲတွေ

ဝေးနေရဆဲပါ အမေ....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)