လွန်ခဲ့သည့်တလကျော် နှစ်လခန့်က တခုသော နေ့ခင်းတွင် ဇာတ်လိုက်မင်းသား စာရေးဆရာသန်းဆွေနှင့် ရုပ်ရှင်ဝေဖန်ရေးဆရာ ကိုခင်မောင်ရီတို့သည် ကျွန်တော့်ထံသို့ မမျှော်လင့်ဘဲ ရောက်လာကြသည်။
`ကိုင်း...ဆရာတို့..ဆိုစမ်း´ဟု ကျွန်တော်က ထုံးစံအတိုင်းမေးလိုက်သည်။
`ဟာ..ဆရာ့မိတ်ဆွေကြီး အာရ်-ကေ-နာရယမ်းတို့ ဆထရင်းဟော်တယ်မှာ ရောက်နေပါပကော၊ ဆရာသွားပြီး
စကားစမြည်ပြောစမ်းပါဦးသူနဲ့ တခြားကုလားစာရေးဆရာတစ်ယောက် `လူရွှန်း´ပွဲတော်အသွားမှာ ဒီခဏ၀င်ကြတာပါဘဲ´ဟု ကိုသန်းဆွေက ပြောသည်။
အာရ်-ကေ-နာရယမ်းမှာ အင်္ဂလိပ်လို ရေးသော မဒရပ်နယ်သား ကုလားစာရေးဆရာ ဖြစ်သည်။သူရေးသော ၀တ္ထုတိုရှည်တချို့ကို ကျွန်တော်တို့ဖတ်ဖူးကြသည်။ကျွန်တော်နှင့် သန်းဆွေတို့ပင်လျှင် သူ့ဝတ္ထုတစ်ပုဒ်တစ်လေ ဘာသာပြန်ဘူးကြ၏။
`ဒီလိုဆိုရင်လည်း တွေ့ရတာပေါ့´ဟုကျွန်တော်က ပြောလိုက်သောအခါ သန်းဆွေ ပုဝနှင့် ခင်မောင်ရီ မောင်ပိန်ရှည်တို့သည် အခြားစာရေးဆရာများထံသို့ ယွန်းကြကုန်၏။
သူတို့ထွက်သွားပြီးနောက်၊ကျွန်တော်သည် အာရ်-ကေ-နာရယမ်းကို ယော်ယမ်း၍ကြည့်မိသည်။ သူ့အကြောင်း အတိုအစဖတ်ဖူးသည်မှာ သူသည် အင်္ဂလိပ်ဘာသာ၌ ကျင်လည်စွာ ရေးနိုင်စွမ်းသော်ငြားလည်း သူများလို ဗိလပ်ပြန် မဟုတ်။သူ့မွေးဌာနှီမြို့ကလေးဆီမှ ခွာထွက်ခဲ့ဖူးသူ မဟုတ်။ဗိလပ်မဆိုထားဘိ အိန္ဒိယပြည်မြို့တော် နယူးဒေလီလသို့ပင် မရောက်ဖူးသူ လူထူးတစ်ယောက် ဖြစ်ပေသည်။နာရယမ်းသည် အင်္ဂလိပ်လိုရေး သော်လည်း သူ့မြို့ကလေး၌ မှီတင်းနေထိုင်သော လူသာမန်တို့အကြောင်းကိုသာ သူ့ဝတ္ထုများတွင် ရေးထည့်သည်။အင်္ဂလိပ်စာ တော်သော်လည်း ဘိုမဆန်ပေ။တောင်ပိုင်း အန္ဒိယပြည်သား မဒရပ်လူမျိုးများ နည်းတူ ရှပ်အင်္ကျီအပြင်ထုတ်၍ ဒိုဘီဝတ်လေ့ရှိသည်။သူ့ဝတ္ထုများမှာလည်း ဇာတ်လမ်းအချိတ်အဆက်များစွာ ဖြင့် ဖတ်သူတို့ အသည်းဖိုစေသည့် ဇာတ်ကွက်များ လုံးဝမပါ။သာမန်လူတို့သာမန်နေထိုင်ပြုမူ ပြောဆိုပုံများသာ ပါရှိသည်။သူ့ဝတ္ထုမျိုးကို ငါတို့မြန်မာစာဖတ်ပရိတ်သတ်က ကြိုက်ဖို့ခဲ့ယင်းဘိ၏။
ဆိုဗီယက်နှင့် လက်ဝဲဂိုဏ်းသားတို့ လေးစားမှုကို ရရှိသော ကုလားစာရေးဆရာ `မူလက ရာဇ်နန္ဒ´သည်လည်း အာရ်-ကေ-နာရယမ်းကဲ့သို့ပင် အင်္ဂလိပ်လိုရေးသော ပုဂ္ဂိုလ်ဖြစ်သည်။အာနန္ဒ၏ ၀တ္ထုများမှာ ဆင်းရဲသား ကျောမွဲများအကြောင်းသာ များသည်။နာရယမ်း၏ ၀တ္ထုများမှာ စာရေးစာချီမှစ၍ အောက်ပိုင်း လူလတ်တန်းစားများ အကြောင်းချည်းဖြစ်သည်။အနန္ဒသည် နီ၏။နာရယမ်းသည် နီလည်းမနီ၊ဖြူလည်းမဖြူ၊ သာမာန်အရောင်မျှသာ ဖြစ်သည်။သူ့အဖို့အဖြူအနီဟူ၍ မရှိပေ။ဝတ္ထုရေးဆရာသည် မိမိတွေ့ရသည့် အကြောင်းခြင်းရာ အချက်အလက်တို့ကို ပယောဂမဖက်ဘဲ အရင်းအတိုင်းရေးချသူဖြစ်သည်ဟူ၍ ရည်မှတ်သူ ဖြစ်သည်။
ကျွန်တော်သည် နာရီဝက်အကြာတွင် ဆထရင်းဟော်တယ်ရှေ့သို့ ရောက်သွား၏။မိမိတွေ့လိုလှသည့် ကုလားစာရေးဆရာနှင့် တူသူကိုလည်း တွေ့ရတော့မည်ဟု အောက်မေ့ကာ ဟော်တယ်ဧည့်ခန်းမကြီးထဲသို့ ၀င်သွားသည်။ဧည့်ခန်းမကြီးထဲတွင် ကုလားစာရေးဆရာနှင့်တူသူကိုလည်း မတွေ့ရ။ဗမာစာရေးဆရာနှင့်တူသူ ကိုလည်း မတွေ့ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားပါတော့သည်။ဟိုဟိုသည်သည် လူးလာခေါက်တုန့် လျှောက်ခါမှ အရက်ခန်းထဲရှိ ချောင်ကလေးတချောင်တွင် ရွှေပိန်သောင်းအမှူှးရှိသော ငါ့တို့စာရေးဆရာတစ်စု သည် ကုတ်ကုတ်ကလေး ထိုင်နေကြသည်။ကုလားထိုင်တစ်လုံးဆွဲ၍ထိုင်ပြီးလျှင် ရွှေပိန်သောင်း အစရှိသည့် စာရေးဆရာတို့ကို နှုတ်ဆက်ပြီးနောက်၊` ဘယ်မှာလည်း နာရယမ်း´ဟု မေးလိုက်သည်တွင် သန်းဆွေက `နာရယမ်းမဟုတ်ဘူးတဲ့ဆရာ သခင်တင်ဦးကနာမည်အမှတ်မှားပြီးပြောတာ။အခုရောက်နေတဲ့ စာရေးဆရာတွေဟာ ဘယ်သူတွေဆိုတာ ဘယ်သူမှမသိဘူး။သခင်တင်ဦးကိုယ်တိုင်က `သူတို့နာမည်ကို ကောင်းကောင်းမခေါ်တတ်ပါဘူး´ဟု ပြောလိုက်သည်။
နရယမ်းကို မြင်ရ၊တွေ့ရ၊စကားပြောရတော့မည်ဟူသော မျှော်လင့်ချက်သည် သခင်တင်ဦး၏ မျက်မှန် တ၀င်းဝင်း ပါးစပ်တဖြဲဖြဲကြားတွင် ပျောက်ကွယ်သွားရလေတော့သည်။
`ကျွန်တော်လည်း နာရယမ်းတို့မှတ်လို့လိုက်လာတာ။သူရေးတဲ့ Bachelor of Arts ကိုဝတ္ထုကလေးကို အတော်ကြိုက်လို့ တွေ့ချင်တာနဲ့ တခြားကိစ္စနဲ့ သွားမှာကို မသွားဘဲ လိုက်လာခဲ့တာ´ဟု မြသန်းက ၀င်၍ပြောလိုက်သည်။
`ကဲပါလေ ဘယ်သူပဲဖြစ်ဖြစ် တွေ့ကြတာပေါ့´ဟု ကျွန်တော်ကဆိုပြီးလျှင် သခင်တင်ဦးအား တခြားကုလား စာရေးဆရာကြီးများကို ပင့်ခေါ်ပါဟု တိုက်တွန်းလိုက်သည်။ငါးမိနစ်လောက်အကြာတွင် သခင်တင်ဦးသည် ဟော်တယ်အာပေါ်ထပ်မှ ဆင်းလာပြီးလျှင် `သူတို့နှစ်ယောက်မှာ တစ်ယောက်ကတော့ မြို့ထဲထွက်နေတယ်။ကျန်တဲ့တစ်ယောက်က သူ့အခန်းလာခဲ့ပါလို့ ပြောနေတယ်။ကဲ..သွားကြရအောင်´ ပြောဆိုဖိတ်ခေါ်သွားပါသည်။
No comments:
Post a Comment