Monday, June 23, 2014

ဖတ်စာ-၇၅

သက်တမ်း ၇၅ နှစ်မှာ

ဖြစ်ချင်တာတွေ...

မဖြစ်သေးတာတွေ...

ဖြစ်သင့်တာတွေ...

ဖြစ်နေတာတွေ....

.......

ဖြစ်....ပျက်..ဖြစ်..ပျက်..

...

ကျနော်နဲ့ လူတွေ

သူတို့က အမှိုက်ဖြစ်လိုက်

ကျနော်က အမှိုက်ဖြစ်လိုက်

မိုက်ဖော်မိုက်ဖက် အချင်းချင်း

အိပ်မက်တွေ မီးခိုလို အူကြ...

အနှစ် ၃၀ စာ လူ့အဖြစ်မှာ

ခေတ်ကြီးကို ခါးထစ်ခွင်ရင်း

ရုပ်ဝတ္ထု အဖောင်းအပွတွေ

ကြိုက်ရောင်းကြိုက်ဝယ် လောကဓံတွေနဲ့

ရင်ခုန်သံ အတုတွေကြား

ကိုယ့်ဘ၀ကိုယ်

စက်ရုပ်ဆန်ဆန်

မောင်းနှင်ခဲ့ရတယ်....။

လူသားတစ်ယောက်ရဲ့ ဘ၀မှာ

တကယ့် အလှဆိုတာ

နှလုံးသားက လာတဲ့

မေတ္တာတရား စစ်စစ်

ကိုယ်ချင်းတရား စစ်စစ် ဆိုတာ

လူတွေက

မေ့နေကြတာလား

မေ့ပစ်လိုက်ကြတာလား

မေ့သွားကြတာလား...

ဖြစ်နိုင်မယ် ဆိုရင်

လူတိုင်းရဲ့ နှလုံးသားထဲမှာ

ရင်ခုန်သံ စစ်စစ်တွေ

ပြန်ပြီး တပ်ဆင်ပေးချင်တယ်....။

၇၅ နှစ်သက်တမ်းမှာ

ငါတို့ဟာ ဘယ်လောက်ထိ

ဆက်ရှင်သန်ဖို့

မျှော်မှန်းနိင်မှာလဲ...

တကယ်တော့

လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ

လူသားရဲ့

အမြင့်မြတ်ဆုံး နှလုံးသားပါပဲ...

အများကြီးမလိုပါဘူးကွာ

ဘ၀ဆိုတာ

အမြင့်မြတ်ဆုံး နှလုံးသားနဲ့

အကောင်းဆုံးကြိုးစားရင်း

ပေါ့ပါးရိုးသားစွာ

ဖြတ်သန်းပစ်လိုက်ဖို့ပါပဲ..။


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Thursday, June 19, 2014

၂၁ ရာစု ကိုလံဘတ်စ်

လမ်းလျှောက်ကြည့်တာ

မဟုတ်ဘူး

ကမ္ဘာကြီးမှာ

ငါ့အတွက် နေရာတွေ

ဘယ်လောက်များများ ရှိသလဲလို့

တီးခေါက်ကြည့်တာပါ...

ဒါပါပဲ

ဒီထက် ဘာမှ မပိုပါဘူးကွယ်.....

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

ပန်းချီကား

ပြဿ     ဒါးတွေ

ရက်ရာဇာတွေနဲ့

ရှုပ်ယှက်ခတ်နေတဲ့

ပြက္ခဒိန် တစ်ခုဟာ

ရက်ပေါင်း ၃၆၅ ရက်လောက် ကြာပြီးနောက်

သူလည်း ကျန်ခဲ့ရတာပါပဲ...

ထွက်ခွာသွားသူတွေ

ကျန်ရစ်ခဲ့ကြသူတွေ

ပြီးတော့

အသစ်ရောက်လာကြသူတွေ

သူတို့ရော...

ပြက္ခဒိန် ဘယ်နှစ်ခုစာလောက်

လောကကြီးထဲ

ပေါလောမျောနေကြဦးမှာလဲ.....

ဖိနပ်တွေ ဘယ်လောက်များများ

ပါးခဲ့ကြပြီးပြီလဲ

ဘ၀မှာ

ထိန်ထိန်ုညီးညီး

ပူပြင်းတဲ့ နေ့ရက်တွေရှိမယ်

တိမ်တိုက် မည်းမည်းတွေ

မှိုင်းအုံ့နေတဲ့

ဒိုင်ယာရီ အဟောင်းတွေရှိမယ်

မြစ်တစင်း ရဲ့ရှင်သန်ခြင်းမှာ

ကမ်းပါးတွေ ပြိုပေးရတာ

လောကရဲ့ နိယာမပါပဲ

ဒီလိုနဲ့

ကိုယ့်ဘ၀ကိုယ် မြစ်တစ်ခုလို

စီးဆင်းပစ်ရင်း

မဆုံးနိုင်တဲ့ ဒီခရီး

ဘယ်တော့ပြီးမလဲကွယ်....


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ယုံကြည်ချက်.....

လိုတမျိုး မလိုတမျိုး ပတ်ဝန်းကျင်နဲ့

အဖိုးအခ မရဘဲ

ရောင်းအားကောင်းနေတဲ့

အတင်းအဖျင်း စကားလုံးတွေကြား

ပကာသန တရားဟာ

နောက်ဆုံးပေါ် တံဆိပ်တွေရဲ့

ဈေးနှုန်း အတက်အကျနဲ့

တိုက်ရိုက် အချိုးကျနေလေရဲ့.......

ဒီလိုပါပဲ

ခေတ်ကိုက

သီလမရှိ သိက္ခာမရှိသူတွေ

လူရာဝင်နေကြတဲ့ ခေတ်

ဘယ်လို ဆန္ဒပြပြ

ဘာမှ ထူးခြားမလာတော့

ကဗျာတွေပဲ ချချရေးဖြစ်တယ်....

ဘ၀မြင့်နိုင်လောက်တဲ့ လူ မဟုတ်ပေမယ့်

ရင်ထဲက မပါလို့ကတော့

ဘယ် လူကြီး လူဆိုးတွေကိုမှ

အားနာပါးနာ ပြုံးပြချင်စိတ် မရှိဘူး...

ရူးတယ်လို့ပဲ ပြောပြော

အဲဒီ မိုးခါးရေတွေ

ဘယ်သူတွေ ဘယ်လိုသောက်သောက်

ကျနော်ကတော့

ရိုးသားတဲ့ ကဗျာဆရာတစ်ယောက် အဖြစ်

ကိုယ့်ဘ၀ကို ကျေနပ် ပစ်လိုက်တယ်.....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)