Friday, August 12, 2016
...အနိစ္စ...
နာရီစက္ကန့်တံတွေဟာ
ပေါင်ချိန်ရဲ့ ခွေးခေါင်းဓားစက်လို
နေထိုင်ရှင်သန်မှုတွေကို
ပိုင်းဖြတ်ဝါးမြိုနေရဲ့...
ငါ စောစောက ရှူရှိုက်ခဲ့တဲ့
လေနုအေးက
ခုကျ မဟုတ်တော့ပြန်ဘူး...
ငါ မနေ့က ဆင်းကြည့်ခဲ့တဲ့
မြစ်တစ်စင်းကလည်း
ဒီနေ့ကျတော့ အသစ်ဖြစ်နေလေရဲ့...
နေလောင် ရေခဲတုံးတစ်တုံးလို
အရည်ပျော်ကျသွားခဲ့တဲ့
မနေ့ကဆိုတဲ့ ဖြစ်တည်ခြင်းကို
ဒီကနေ့ ပြန်အဖတ်ဆည်ဖို့ဆိုတာ
မဖြစ်နိုင်ခဲ့ဘူး....
ဘယ်လောက်ပဲ
ဂန္တဝင်ဆန်ခဲ့ဆန်ခဲ့
ကမ္ဘာကျော် မာယာဒိုနာဟာ
ကမ္ဘာ့ဖလား ဘောလုံးပွဲကို
ဝင်ကန်ဖို့မဖြစ်နိုင်တော့ဘူး....
မနေ့က
မြိန်ရည်ယှက်ရည်
စားသောက်ခဲ့တဲ့
ပွဲတော်စာတွေကလည်း
ဒီနေ့ရဲ့ ဆာလောင်မှုကို
မနှစ်သိမ့်နိုင်ခဲ့ဘူး...
ဒီလောက ကမ္ဘာကြီးရဲ့
အနှစ်မရှိခြင်းတွေထဲမှာ
ငါတို့ဟာ ဘယ်အရာတွေကို
ခုံမင်တမ်းတစွာ
ချစ်နေမိခဲ့ကြတာလဲ...
တကယ်တော့
အရာရာဟာ
မနေ့ကကြည့်ခဲ့တဲ့
ရုပ်ရှင်ဇာတ်ကားတကားလိုပါပဲ
တဖြည်းဖြည်း မှုံဝါးပြီး
ကျန်နေရစ်ခဲ့မှာပါပဲ...
တိမ်ပြေးတွေလို
နာရီလက်တံတွေဟာ
ငါ့ နုသစ်ပျိုမြစ်ခြင်းတွေပေါ်ကနေ
ပျံသန်းခုတ်မောင်းနေကြတယ်...
လင်းဝေ
No comments:
Post a Comment